ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု ထပ်တိုးဖို့ စစ်ကောင်စီ စိစစ်နေ
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတစ်ခုအတွက် ထပ်တိုးစွဲဆိုဖို့ စိစစ်မှုတွေ လုပ်ဖို့ရှိတယ်လို့ ဒီကနေ့ နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်တာဝန်ထမ်းဆောင်နေစဥ် သူမိတ်ဆွေတစ်ဦးရဲ့ဇနီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆေးရုံတက် ရောက်နေတာကို MAI လေယာဥ် စင်းလုံးငှားသုံးပြီး အသွားအပြန်သွားရောက်ခဲ့တာမှန်ကန်တယ်လို့ သူကပြောဆိုခဲ့ပြီး ဘယ်လိုအသုံးပြုခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး အထောက်အထားနဲ့ သုံးစွဲမှု ဖြစ်စဥ်တွေကို စိစစ်ပြီးရင်တော့ အဂတိလိုက်စားမှုရှိမရှိ သိရမှာဖြစ်တယ်လို့ လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီခရီးစဥ်ဟာ နိုင်ငံတော် ငွေကို သုံးခဲ့သလား ကိုယ်ပိုင်ငွေကြေးသုံးခဲ့သလားဆိုတာကို သတင်းစာရှင်းလင်းပွဲမှာ ဦးလှဆွေက မေးမြန်းခဲ့ပြီးတော့ စစ်ကောင်စီဘက်က အခုလို ပြန်လည်ဖြေကြားတာလည်း ဖြစ်ပါတယ်။
အဂတိလိုက်စားမှု မြောက်မမြောက်ကို လတ်တလော မဖြေကြားနိုင်သေးဘဲ စိစစ်သုံးသပ်ရမယ့်အနေအထားသာ ဖြစ်ပါတယ်လို့ အဂတိလိုက်စားမှုကော်မရှင်က တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုစွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတဲ့ အဂတိမှု ၁၂ မှုခန့် တရားရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံက ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီရဲ့ နေပြည်တော် အထူးတရားရုံးက အဂတိလိုက်စားမှုနဲ့ ပြီးခဲ့တဲ့ဧပြီလ ၂၇ ရက်နေ့က ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါသေးတယ်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်ထိ ချမှတ်ထားခဲ့ပြီး ကျန်အမှုတွေကို ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ရင်ဆိုင်ရဖို့လည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ မေလ ၂ ရက်ကလည်း စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က အမေရိကန်ဒေါ်လာ လေးသိန်းခွဲကို ပေးခဲ့တယ်ဆိုပြီး အဂတိအမှု ၂ မှုထပ်တိုးခဲ့ကာ အမှုပေါင်း ၂၀ ခန့်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
သူ့ကို စွဲဆိုထားတဲ့အမှုတွေထဲမှာ အဂတိမှုတွေနဲ့ စွဲထားတာ အများဆုံးလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အဂတိမှုတွေထဲမှာ နေပြည်တော်နဲ့ ရန်ကုန်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာတွေ ယူထားတယ်ဆိုပြီး စွဲဆိုတဲ့ အမှုတွေပါသလို စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ဒေါ်လာတွေရယူတာနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက ဒေါ်လာနဲ့ရွှေတွေ လက်ခံတယ်ဆိုတဲ့ အမှုတွေလည်း ပါနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက နေအိမ်မှာ ဖမ်းဆီးထိမ်းသိန်းခံထားရတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးဖြိုးမင်းသိန်းဆီက ဒေါ်လာနဲ့ရွှေတွေလက်ခံတယ်ဆိုတဲ့ အဂတိမှုဟာ မဟုတ်မမှန်စွပ်စွဲခံရတာဆိုပြီး အခုလိုထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုသလို အမှုအတွက် အယူခံ ဆက်တက်ဖို့ရှိတယ်လို့လည်း ဘီဘီစီက သိရှိရပါတယ်။