ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖားကန့်မှာ ရေကြီးပြီး ရပ်ကွက်အချို့ သွားလာမရဖြစ်
ကမ္ဘာ့ အကြီးဆုံး 'ကျောက်စိမ်းသိုက်' ရှိတဲ့ဒေသဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကစပြီး ရေကြီးရေလျှံမှုတွေဖြစ်နေပြီး မြို့ပေါ်ရပ်ကွက်အချို့လုံးဝ လူသွားလာလို့မရဖြစ်နေတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
သွားလာလို့ မရဖြစ်နေတဲ့ ရပ်ကွက်တွေကတော့ အေးမြသာယာ၊ ငှက်ပျောတော နဲ့ မြို့မ ရပ်ကွက်တို့ဖြစ်ပြီးတော့ အဲဒီ ရပ်ကွက်က လူအချို့နေအိမ်တွေကနေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေရတယ်လို့ လည်းပြောပါတယ်။
အခုနှစ် ဖားကန့်မြို့မှာ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ တစ်လခန့် အချိန်စောပြီးရေကြီးတာတွေ ဖြစ်နေတယ်လို့ ဖားကန့်ဒေသခံကပြောပါတယ်။
အခုလိုရေကြီးတာဟာ လွန်ခဲ့တဲ့ ၂နှစ်လောက်က လုပ်ခဲ့သလိုမျိုး ဥရုမြစ် ဒေသအခေါ် ဥရုချောင်းကို ရှင်းလင်းတာတွေ မလုပ်နိုင်တာတွေကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံက ပြောပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်က ဖားကန့်မြို့မှာ ဥရုချောင်းရှင်းလင်းရေးတွေ နှစ်စဥ်လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် ခါတိုင်းနှစ်တွေရေကြီးပေမဲ့ ဒီနှစ်လောက် မစောသလို ရေပြန်ကျတာလည်း မြန်တယ်လို့ ဒေသခံတွေကပြောပါတယ်။
" ခါတိုင်းနှစ်ဆိုရင် ဥရုချောင်းက ၇ လပိုင်းနဲ့ ၈ လပိုင်း ရေကြီးတယ်၊ ဒါပေမဲ့ဒီနှစ်ကျတော့ ၆လပိုင်း လဝက်တောင်မရှိသေးဘူး အခုက နှစ်ခါ သုံးခါလောက်တောင်ကြီးနေပြီ အခုကျွန်တော်တို့က ဒေသခံတွေက မြို့ပေါ်မှာ ကျောက်ဝိုင်းတွေမှာထိုင်ပြီးကျောက်ဝယ်ကြတာ ဒီနှစ်ကလုံးဝမရဘူးဒီနှစ်က ပိုပြီးမှ ရေကြီးမြန်တယ်လို့ " ဒေသခံတစ်ဦးကပြောပါတယ်။
ဖားကန့်မြို့ပေါ်မှာ ငှက်ပျောတောရပ်ကွက် အေးမြသာယာရပ်ကွက်နဲ့ မြို့မ ရပ်ကွက်ရယ် အခုအဲ့ဒါ လုံးဝလူတွေသွားလာလို့မရဘူးဖြစ်နေတာ ရေကဟိုလိုမျိုး မစီးဘဲနဲ့ အိုင်နေတာ အင်းအိုင်လိုဖြစ်နေတယ်လို့ လည်း ဖားကန့်ဒေသခံက ဆိုပါတယ်။
ဒေသခံ သတင်းသမားတစ်ဦးကတော့ ဖားကန့်မှာ အခုရက်ပိုင်းရေကြီးမှုကြောင့် လူနှစ်ထောင်ကျော်လောက် စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေတယ်လို့ သူ့ရဲ လူမှုကွန်ရက်စာမျက်နှာမှာ ရေးပါတယ်။
ဖားကန့်မြို့ပေါ်ရပ်ကွက်တွေ အပြင် ဥရုချောင်း ဖြတ်သန်းစီးဆင်းရာ ဖားကန့်မြို့အနီး ကျေးရွာတွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်နေခဲ့တယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီဒေသတွေထဲမှာ လုံးခင်း ဆိပ်မူ ဆယ်ဇင်း ဆိုင်းတောင် စတဲ့ကျေးရွာတွေမှာလည်း ရေကြီးမှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်မှာ အခုလို သဘာဝပတ်ဝန်ကျင်ပျက်စီးမှုနဲ့ အလွန်အကျွံ သဘာဝသယံဇာတ ထုတ်ယူမှုတွေကြောင့် ရေကြီးမှုတွေ ရေလွှမ်းမိုးမှုတွေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေဖြစ်ပေါ်နေတာဖြစ်တယ်လို့ ကချင်လူမှုဖွံဖြိုးရေးကွန်ရက် အဖွဲ့ က ကို စာဂျီ ပြောပါတယ်။
ဖားကန့်က ကျောက်စိမ်းတူးတဲ့ ကုမ္ပဏီတွေ ပုံထားတဲ့ မြေစာတွေဟာ မိုးရေကြောင့် မြေစာမျောသွားပြီး ဥရုချောင်းတွင်းစီးဝင်လာကာ အနည်ကျပြီတော့ ရေလွှမ်းမိုးမှုတွေ ဖြစ်တာ တစ်နှစ်ထက် တစ်နှစ် ပိုပြီးဆိုးလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"လွတ်လွတ်လပ်လပ် စီးလို့ မရတော့ဘူး နွံတွေဖြစ်လာတယ်၊ ဒါကလည်း သဘာဝ သူဟာသူ ဖြစ်လာတယ်ဆိုပေမဲ့ လူတွေ လုပ်တဲ့အတွက်ကြောင့် ရေလွမ်းမိုးမှုတွေ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေဖြစ်လာတာလို့ မြင်တယ်၊ စည်းစနစ်ကျကျ စီမံခန့်ခွဲတဲ့ အစိုးရမရှိတဲ့ခါကျတော့ တစ်နှစ်ထက် တစ်နှစ် ပိုပိုဆိုးရွာလာတယ်လို့ပဲမြင်တယ်"လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ် မှာတော့ အခုနှစ်မှာ မုတ်သုံဝင်ခါစမို့ မြစ်ကြီးနားမြို့ အပါအဝင် ဒေသအချို့မှာ အခု ရက်ပိုင်းအတွင်း ဇွန်လ ၂ရက်နေ့ကစလို့ မိုးကောင်းနေတာဖြစ်တယ်လို့လည်း မိုးဇလ တာဝန်ရှိသူက ပြောပါတယ်။
ဖားကန့်မြို့မှာ မိုးကြီးပြီး ရေလွှမ်းတာမျိုးဟာ နှစ်တိုင်း ဖြစ်နေကျ ဖြစ်ပြီး အခုရေကြီးနေတဲ့ ရပ်ကွက်တွေဟာ နှစ်စဥ်နီးပါးရေကြီးတဲ့ ရပ်ကွက်တွေဖြစ်ကြောင်းနဲ့ အခုလိုရေကြီးမှုကြောင့် ထိခိုက် ဒဏ်ရာရသူတော့ ရှိမရှိ မကြားရသေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။