ဝှေခါမှော်၊ ပြည်တန်ကျောက်နဲ့ ဖားကန့်ရဲ့ အစိမ်းရောင် သမိုင်း အစ

    • ရေးသားသူ, စိုးစိုးထွန်း
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
  • ရေးသားခဲ့သည်။

ဖားကန့်လို့ ပြောလိုက်တာနဲ့ ကမ္ဘာ့ အကြီးဆုံး 'ကျောက်စိမ်းသိုက်' ရှိတဲ့ဒေသဆိုပြီး လူသိများကြပါတယ်။ အဖိုးထိုက်တန်တဲ့ ရင်းမြစ်တွေ၊ တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေ၊ တောတောင်တွေ စုဆုံရာ အရပ်လည်း ဖြစ်ပါတယ်။

ဖားကန့် ဆိုတဲ့ နာမည်ဟာ ရှမ်းဘာသာစကား 'ဖား' ကျောက် 'ကန့်' ပြိုကျခြင်း ဆိုတဲ့ အဓိပ္ပာယ်ရတယ်လို့ ရှမ်းလူမျိုးတွေက ဆိုကြပါတယ်။

ဖားကန့်ရဲ့ ပထမဆုံးရွာကို ၁၈၃၂ ခုနှစ် စတည်ခဲ့တာလို့ သမိုင်းစာအုပ်တွေမှာ ရေးသားထားပါတယ်။ ရွာတည်ပြီး မကြာမီမှာ ကျောက်ဖျာတောင် ပြိုကျတယ်လို့ အကြောင်းပြုပြီး ဖားကန့်လို့ တွင်လာတယ်လို့လည်း သမိုင်းအထောက်အထားတွေက ဖော်ပြပါတယ်။ ဖားကန့် ရတနာမြေ ဆိုပြီး အသိအမှတ်ပြု လက်ခံလာကြတာကတော့ ၁၃ ရာစု ဝန်းကျင်ခန့်က လို့လည်း ဆိုပါတယ်။

'ရတနာရဲ့ ဂုဏ်က လှပတာ ရှားပါးတာ' ဆိုပြီး အများက လက်ခံထားကြသလို ကမ္ဘာ့ အရှားပါးဆုံး အလှပဆုံး ကျောက်စိမ်းတွေက ဖားကန့်မြေမှာ ထွက်ရှိနေတာ ဖြစ်ပါတယ်။

ကျောက်စိမ်းလို့ ဆိုရာမှာ Jadeite ဂျေဒိုက် အမျိုးအစားနဲ့ Nephrite နက်ဖရိုက် အမျိုးအစား ၂ မျိုးရှိပြီး ဖားကန့်ကတော့ အရည်အသွေး အကောင်းဆုံး ဂျေဒိုက် ကျောက်စိမ်းတွေ ထွက်ရှိနေပါတယ်။ ဂျေဒိုက်ဟာ နက်ဖရိုက် ထက် ပိုရှားပါပြီး ထိပ်တန်းကျတဲ့ အရည်အသွေး ပိုင်ဆိုင်ထားပါတယ်။

ရောင်းတန်းဝင် အဆင့်မီတဲ့ ကျောက်စိမ်းသားလို့ ဆိုရာမှာ "အဝါရောင်၊ သလင်းလို အဖြူရောင်၊ ညိုတိုတိုအရောင်၊ လဗင်ဒါလို ခရမ်းရောင်ပြေး၊ အစိမ်းအနု၊ အရင့်" စသဖြစ် အရောင်မျိုးစုံ ရှိပါတယ်။

တချို့ ကျောက်စိမ်းတွေမှာ အပေါ်က ဖုံးအုပ်ထားတဲ့ အနက်ရောင် အခွံရှိနေတတ်ပြီး မီးရောင်အောက် ကပ်ပြခိုင်းလိုက်တော့မှ အနက်သား ကျောက်အတွင်းက အစိမ်းရောင်တွေ လဲ့ဖြာထွက်လာတာကို အံ့သြဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မှော် (သို့မဟုတ်) ကျောက်စိမ်းထွက်ရာမြေ

ကျောက်ထွက်ရာ မှော်တွေက အမျိုးအစား အမျိုးမျိုးရှိပေမယ့် ငုတ်မှော်နဲ့ လုံးစွပ်မှော် ၂ မျိုးကတော့ အရည်အသွေးမီတဲ့ ရောင်းတန်းဝင် ကျောက်ကောင်းတွေ အများစု ထွက်ပါတယ်။

'ငုတ်' ဆိုတာက ကျောက်ဆောင်ကြားထဲမှာ ကျောက်စိမ်းတွေ အလွှာလိုက်၊ အငုတ်လိုက် ရှိနေပြီး ရောင်းတန်းဝင် ကျောက်တွေကို အနာအဆာ မရှိအောင် အပိုင်းပိုင်း ဖဲ့ယူ ဖြတ်ယူကြရပါတယ်။

'လုံးစွပ်မှော်' ကတော့ ကျောက်တုံးတွေ တစ်လုံးချင်း ထွက်နေတဲ့ မှော်ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

"ငုတ်မှော်တွေမှာ ကျောက်သားတွေက အရည်မျိုးစုံ ရှိနေပြီး တောမှော်၊ ရန်ပြို၊ စမား၊ မရမ်းကန်၊ ဝါးဘိုးမှော်၊ ရုံးချိုမှော်၊ ဒူးမှော်၊ အောင်စိန်၊ ပန်းကြား၊ မှော်ကျန်၊ လေးအိမ်စု၊ ခေတ္တာ" ဆိုပြီး ၁၀ ခု ကျော်လောက်ရှိတယ် လို့ ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။

"မြစ်ကြီးနားလေဆိပ်မှာ ပြထားတဲ့ ကျောက်စိမ်းတုံးကြီးက တောမှော်က ရတဲ့ အငုတ်ကျောက်" ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အခုပြိုကျမှု ဖြစ်ခဲ့တဲ့ ဝှေခါ မှော်ဟာ လုံးစွပ်မှော် အမျိုးအစားထဲ ပါပြီး ကျောက်တောင်ကြီးတွေထဲ ကျောက်စိမ်းတုံးက အလုံးလိုက် ရှိနေတာ ဖြစ်ပါတယ်။

"ကုဋေမှော် ဆိုတာလည်း ရှိသေးတယ်၊ ကုဋေကြော အမဲကြောပေါ့၊ အင်္ဂတေလို အရမ်းမာတဲ့ ကျောက်သားတွေနဲ့ ရှိတာ၊ ရေခွံဆိုတာလည်း ရှိတယ်၊ ရေထဲမှာ သဲကြောတွေနဲ့ အာလူးလို ပြောင်ချောနေတဲ့ ရေကျောက်/အာလူးကျောက် ဆိုတာလည်း ရှိတယ်" လို့ ဝန်ကြီး ဦးဒါရှီလဆိုင်းက ရှင်းပြပါတယ်။

"လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကဆို ဥရုချောင်းက ရေတွေက ကြည်စိမ်းနေတာ၊ အောက်ခြေအထိ ကျောက်ခဲလုံးလေးတွေ မြင်ရပြီး လှမ်းကောက်လို့တောင် ရတယ်" လို့ ဖားကန့် လုံးခင်းမှာ ကြီးပြင်းခဲ့သူ မသင်းသင်း က ပြောပါတယ်။

လုံးစွပ်မှော်တွေကတော့ 'လုံးခင်း၊ ဆိပ်မူ၊ တာမခံ၊ ဆယ်ဇင်း၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ မှော်စီစာ၊ ဝါကျဲ၊ မှော်မောင်း၊ ကုလားမှော်၊ ဗလခ၊ စပေါ့၊ မက်မုန်၊ ဖားပြင်၊ မက်လင်ချောင်၊ ကရင်ချောင်၊ မန၊ နမ့်မှော်၊ ဝှေခါ၊ မကားပင်၊ မှော်ဂလုံ၊ ဂျန်ဂါ၊ အောင်ပါလေ၊ သန်းခေါင်၊ ဆိုင်လော်၊ ဆန်ခါ၊ ကုဋေ' ဆိုပြီး လုံးစွပ်မှော် ၃၄ ခု ရှိပါတယ်။

"ဖားကန့်ရဲ့ အောက်ဖက်မှာလည်း ဟောင်ပန်း အုပ်စုဘက်မှာလည်း မှော် ၅၀ လောက် ရှိသေးတယ်၊ မှော်စီစာတို့ ဘာတို့ဆိုလည်း ကျောက်စိမ်း ရွှေကြောရှိတယ်" လို့ ဦးဒါရှီလဆိုင်းက ပြောပါတယ်။

ဒဏ္ဍာရီထဲက ဝှေခါ (သို့မဟုတ်) သယံဇာတ စုရာအရပ်

ဖားကန့်မှာ ဝှေခါမှော်ကို ပထမဆုံး ကျောက်စိမ်း စတွေ့တဲ့ နေရာလို့တောင် ပြောစမှတ် ပြုကြပါတယ်။

"ဝှေခါလို့ ဆိုရင် ကျွန်တော်တို့ သမိုင်းထဲမှာ 'ဂွေခန်' လို့ ကချင် (ဂျိန်းဖော) လို ခေါ်တယ်၊ အဓိပ္ပာယ်ကတော့ 'ခွေးခြေရာ' ပေါ့ဗျာ" လို့ ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။ ကျောက်အတွင်းထဲမှာ ခွေးခြေရာလေးတွေ ရှိနေတာ ကို အမှတ်ပြုရင်း ခေါ်ကြတာလို့လည်း သူက ရှင်းပြပါတယ်။

"ဟိုးတုန်းက တရုတ်ကုန်သည်တွေက လားတွေနဲ့ ကချင်ပြည်နယ်ဘက် လာတဲ့ အခါတုန်းကပေါ့၊ ပစ္စည်းဖလှယ်တဲ့ ခေတ်ပေါ့နော်။ ဝှေခါက ကချင်အဖွားကြီးက ဂျတ်ခုပ် ယက်နေတဲ့ အချိန်မှာ အဲ့ဒီကျောက်တုံးကို ဖင်ခုထိုင်ထားတယ်၊ အရမ်းကောင်းတဲ့ ကျောက်စိမ်းတုံးကြီးပေါ့၊ ဒေသခံတွေလည်း မသိဘူး၊ အဲ့ဒါကို တရုတ်ကုန်သည်ကနေပြီးမှ ပေးပါဆိုပြီး သူ့ရဲ့ ကုန်ပစ္စည်းနဲ့ ဖလှယ်ပြီးကာမှ ယူသွားတယ်ပေါ့လေ" ဆိုပြီး ကချင် သမိုင်းကြောင်းကို ဂဃနဏ သိမှတ်ဖူးသူလည်းဖြစ် ကချင်ပြည်နယ်မှာ အစိုးရ ထိပ်ပိုင်းတာဝန်ကို ထဲထဲဝင်ဝင် ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သူ တစ်ဦးက ဝှေခါနဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇဝင်တွေအကြောင်းကို စပြောပြလာပါတယ်။

"နေ့စဉ်နဲ့အမျှ ထိုင်ထားတော့ ကျောက်တုံးကြီးက ပွတ်တိုက်သလို ဖြစ်နေတော့ ကျောက်စိမ်းရဲ့ အကြော၊ ကျောက်စိမ်းရဲ့ အရည်က ပိုပြောင်လက်နေတာ၊ အဲ့ကစပြီး ဒီမှာ ကျောက်စိမ်းထွက်တဲ့အကြောင်းကို တရုတ်ကုန်သည်က သတိထားမိသွားတာ" လို့လည်း သူက ပြောပါတယ်။

ဝှေခါနားမှာ ဗျိုင်းစိမ်းတောင်ဆိုတာရှိပြီး အဲ့ဒီတောင်ပေါ်မှာ ကျောက်စိမ်းက စိမ်းနေတဲ့ အခါကျတော့ ဗျိုင်းတွေ ပျံသွားရင်တောင် အရောင်ဟပ်ပြီး စိမ်းသွားတယ်ဆိုတဲ့ ဝှေခါနဲ့ ပတ်သက်တဲ့ ပါးစပ်ပြော ရာဇဝင်တွေလည်း ရှိပါတယ်။

"ဝှေခါမှော်ဟာ ဘယ်လောက်တောင်မှ ကျောက်ကောင်းထွက်လဲဆိုရင် တိုင်းပြည်ကိုတောင်မှ ဝယ်နိုင်တဲ့ ပြည်တန်ကျောက် ကို ရခဲ့ဖူးတယ်" လို့ အဲ့ဒီအရာရှိဟောင်းက ဆက်ပြောပါတယ်။

ပြည်တန်ကျောက်လို့ ဆိုကြတဲ့ အဲ့ဒီကျောက်ကို ဘယ်အချိန်တုန်းက ရခဲ့သလဲ ဆိုတာ တိတိကျကျ မသိပေမယ့် ရခဲ့တဲ့သူဟာ ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်ကြားမှာ ဖားကန့်ကနေ နိုင်ငံခြားကို ကျောက်နဲ့အတူ ခိုလှုံခဲ့တယ်ဆိုပြီး ပြောဆိုမှုတွေ ရှိပါတယ်။

"အဲ့ဒီတုန်းက တန်ဖိုးကြီးတဲ့ ကျောက်တွေရရင် အစိုးရကနေ လိုက်လံပြီးတော့မှ ပြည်သူပိုင်အနေနဲ့ သိမ်းဖို့လုပ်တယ်၊ အဲ့ဒီလူက အသိမ်းမခံဘဲ ထွက်ပြေးပြီးတော့မှ နိုင်ငံခြားမှာ ခိုလှုံခဲ့တယ်၊ ပထမတုန်းက ကြားလိုက်တာက ၄ လက်မ၊ ၅ လ အရွယ်ခန့် ၁ တုံး၊ ၂ တုံးကိုတော့ ရောင်းစားလိုက်တယ်၊ အရင်းအနှီးလုပ်ဖို့အတွက်ပေါ့၊ ဒီနောက်တော့ ကျောက်ကို ပြစားခဲ့တယ်၊ ဝင်ကြေး ကောက်တာပေါ့" လို့ အရာရှိဟောင်းက ပြောပြပါတယ်။

အဲဒီလူဟာ ဥရောပ နိုင်ငံတစ်ခုမှာ နေထိုင်နေပြီး ကျောက်ကလည်း သူနဲ့အတူ ရှိနေဆဲပဲလိုဆိုပါတယ်။

"ဒီကျောက်ရဲ့ တန်ဖိုးက ဘယ်လောက်တောင်မှ များသလဲဆိုတာ ဝယ်နိုင်တဲ့ ဝယ်နိုင်မယ့် သူဌေးမရှိလို့ ပြည်တန်ကျောက်လို့ ခေါ်တာ" လို့ လည်း ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။

သူတို့ ပြောတာတွေနဲ့ ပတ်သက်ပြီး ဘီဘီစီကတော့ သီးခြားအတည်ပြုနိုင်စရာ နောက်ထပ် အချက်အလက် မရရှိခဲ့ပါဘူး။

ဝှေခါမှော်က ထွက်တဲ့ ကျောက်တွေဟာ အစိုးရက ကြီးမှူးကျင်းပတဲ့ ကျောက်မျက်ပွဲတွေမှာ စံချိန်တင်ဈေးနဲ့ ရောင်းထွက်တာတွေ ရှိခဲ့ပါတယ်။ ၂၀၁၉ နှစ်လယ် မြန်မာ့ကျောက်မျက်ပြပွဲမှာ ယူရို ၁၆.၃ သန်းနဲ့ အမြင်ဆုံးဈေးရခဲ့တဲ့ ကျောက်စိမ်းအတွဲဟာ ဝှေခါမှော်က ဖြစ်ပါတယ်။

အဲ့ဒီကျောက်ကို ရေမဆေးရှာသူတွေက တွေ့ခဲ့တာ ဖြစ်ပြီး သူတို့ဆီက ကုမ္ပဏီက သိန်း ၁ ထောင် နဲ့ ဈေးဖြတ်ပြီး ဝယ်ခဲ့တာလို့ ဖားကန့်က ကျောက်ကုန်သည်တစ်ဦးက ပြောပါတယ်။ ရှာတွေ့ခဲ့တဲ့ ရေမဆေးသမားအဖို့တော့ ရတဲ့ သိန်း ၁ ထောင်ကို ကုမ္ပဏီ၊ အုပ်ချုပ်ရေးပိုင်းနဲ့ ရေမဆေးကျောက်ရှာတဲ့ အဖွဲ့တွေကို ဝေစု ခွဲပေးခဲ့ရပါတယ်။

ဒီလိုမျိုး အလား သဏ္ဌာန် တူတဲ့ ယူရို ၁ သန်း ၂ သန်း ကျောက်တွေကို ဝှေခါမှော်က နှစ်စဉ် နှစ်တိုင်းလိုလို ရနေပြီး အစိုးရ ကျောက်မျက်ပြပွဲမှာ ရောင်းထွက်ခဲ့တယ်လို့ ဝန်ကြီးဦးဒါရှီလဆိုင်းက ပြောပါတယ်။

မောင်အိုက်လေးမှော်

ကချင်သမိုင်းမှာတော့ ကန်စီးစော်ဘွားတွေ အကြောင်းက မသိမဖြစ် အရေးပါလှသလို ကန်စီး စော်ဘွားတွေ နေခဲ့တဲ့ ကန်စီးကျေးရွာနဲ့ အနီးမှာ သူဌေးကြီး ဦးမောင်အိုက်လေး ပိုင်ဆိုင်ခဲ့တဲ့ ရုံးချိုမှော်ဟာလည်း ပြောစမှတ် ပြုရတဲ့ ရာဇဝင်ထဲကတစ်ခု ဖြစ်ပါတယ်။

ရုံးချိုမှော်က ထွက်တဲ့ ကျောက်ကြောင့် လူတွေ အတုံးအရုံး သေဆုံးခဲ့ရလို့ ဖားကန့်မှာတော့ ရုံးချိုမှော်နဲ့ သူဌေးကြီး ဦးမောင်အိုက်လေး ဆိုရင် မသိသူ ရှားလှပါတယ်။

ဦးရုံးချိုဆိုတဲ့ ရှမ်း-ဗမာ တစ်ဦးကနေ ဒီမှော်ကို စေတွေ့ခဲ့တာဖြစ်လို့ ရုံးချိုမှော်လို့ ခေါ်တွင်ခဲ့ပေမယ့် တကယ့် ကျောက်ကောင်းတွေကို ဦးမောင်အိုက်လေး ဆိုတဲ့ ရှမ်းဂဒူး တစ်ယောက်က ၁၉၉၅-၉၆ ကာလတုန်းက ရခဲ့ပါတယ်။

ရုံးချိုမှော်ဟာ ငုတ်ကျောက်ထွက်တာ ဖြစ်ပြီး ကျောက်ဆောင်ထဲက ထွက်တဲ့ ကျောက်ကြောဟာ "ချိုချဉ်ကြော" ဆိုပြီး ခေါ်စမှတ်ပြုခဲ့ပါတယ်။

"ကျောက်စိမ်းအရည်က ချိုချဉ်လို၊ ကျောက်ကို ပါးစပ်ထဲ ငုံထားရင်တောင် တကယ့်ချိုမလိုလိုမျိုး အရည်ကောင်းပြီးမှ ထွက်တဲ့ကျောက်၊ တအား နာမည်ကြီးတယ်" လို့ ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပြပါတယ်။

ငုတ်ကျောက်အများစုက C class ၊ D class အဆင့်လောက်ပဲ ထွက်ပေမယ့် ဦးမောင်အိုက်လေး အောင်မြင်ခဲ့တဲ့ ကျောက်ကတော့ လက်စွပ်တို့ ဆွဲသီးတို့ လုပ်နိုင်တဲ့ အရည် အဆင့်အတန်းမီ A Class အဆင့် ကျောက်ကောင်း ထွက်ရှိ ခဲ့တာပါ။

အဲ့ဒီကာလမှာ ဖားကန့်တခွင် ရေမဆေးကျောက်ရှာသူတွေ မရှိပေမယ့် ရုံးချိုဘက်မှာတော့ ရေမဆေးသမား တော်တော်များများ ရောက်နေခဲ့ကြပါတယ်။

"ကျင်းသားတွေ ခိုးတာတို့ ဘာတို့ ရှိတာပေ့ါ၊ ပဲ့ကျတာတွေကို ယူတာ၊ ငုတ် အစ လေးတွေကောက်တာ၊ လက်သည်းခွံလောက် အစလေးကို ပြန်ရောင်းတာတောင် သောင်းဂဏန်၊ သိန်းဂဏန်းချီ ရကြတာ" လို့ အဲ့ဒီတုန်းက အဖြစ်အပျက်ကို ဦးဒါရှီလဆိုင်းက ပြန်ပြောပြပါတယ်။

"မှော်ထွက်တဲ့ နေရာက လက်နက်ကိုင် အဖွဲ့အစည်းတွေ လွှမ်းမိုးတဲ့နေရာဖြစ်ပြီး အဲ့ဒီတုန်းက ကေအိုင်အေ က လည်း တပ်စွဲထားတာ" လို့ လည်း ဦးဒါရှီလဆိုင်းက ပြောပါတယ်။

မှော်ထဲဝင် သွား ကောက်ကြ၊ ယူကြသူတွေကို သူဌေးရဲ့ လုံခြုံရေးအဖွဲ့တွေက မောင်းထုတ်၊ နောက်ဆုံး သေနတ်နဲ့ ပစ်ခတ်လို့ လူတွေ အတုံးအရုံးသေကြတဲ့အထိ ဖြစ်ခဲ့ကြပါတယ်။

"ပစ်ခတ်လို့ လူတွေသေကုန်ကြတယ်လေ၊ အချင်းချင်းလည်း ကျောက်တွေ ခိုးလို့၊ အဲ့ဒီ သူဌေးကြီးပါ နောက်ဆုံးမှာ အရေးယူခံရတယ်" လို့ ဦးဒါရှီလဆိုင်းက ပြောပါတယ်။

"အနှစ် ၂၀ ကျော်လောက် ရှိသွားပြီ၊ အဲ့ဒီလောက် ကောင်းတဲ့ ကျောက်ကို ထပ်မတွေ့ရတော့ဘူး၊ အခုတော့ မောင်အိုက်လေးလည်း ဆုံးသွားပါပြီ၊ အိမ်တွင်းရေးပြဿနာနဲ့ မိသားစု လင်မယားကွဲ၊ သူကိုယ်တိုင်လည်း လူမှုရေး အခက်အခဲ၊ ပိုက်ဆံ အခက်အခဲတွေနဲ့ ဘဝဇာတ်သိမ်း မလှဘူး" လို့ ရုံးချိုမှော်အကြောင်း သိမှီခဲ့တဲ့ အဲ့ဒီက ရပ်မိရပ်ဖ တစ်ဦးကလည်း ပြောပြပါတယ်။

မှော်တွေနဲ့ ရေမဆေးကျောက်ရှာသူတွေ

ဖားကန့်က ကျောက်မှော်တွေဆီ ရောက်ရင်တော့ အစိမ်းရောင် တာလပတ်မိုးထားတဲ့ ဟိုတစု ဒီတစု တဲအိမ်တန်းလေးတွေကို စမြင်ရပါတယ်။ ရေမဆေးကျောက်ရှာသူတွေရဲ့ တဲအိမ်လေးတွေဟာ မတ်စောက်တဲ့ ကမ်းပါးယံတွေ၊ တောင်စောင်းနေရာတွေမှာ အစီအရီ ရှိနေကြတာပါ။

ဒီနေရာမှာ ဒေသခံတွေဟာ ကျောက်ရှာ အသက်မွေးတာကို ဘိုးစဉ် ဘောင်ဆက် လုပ်လာခဲ့ကြတာ ဖြစ်ပါတယ်။

"အရင်ကတော့ ဒီလောက် မများဘူးပေါ့ဗျာ၊ တနိုင်တပိုင် လုပ်ကွက်နဲ့ တူးဖော်ရှာ ဒီလောက်ပေါ့၊ ၁၉၉၂-၁၉၉၃ ခုနှစ် နောက်ပိုင်းကာလမှာ အစိုးရက ဖော်ထုတ်လုပ်ကွက်၊ ဒီနောက် သတ်မှတ်လုပ်ကွက်၊ အကျိုးတူလုပ်ကွက်တွေ ပေးလာတဲ့အခါကျတော့ တနိုင်တပိုင်တူးတဲ့ ဒေသခံတွေ မရှိသလောက် ဖြစ်သွားတယ်" လို့ ဖားကန့်မှာ ဘိုးစဉ်ဘောင်ဆက် ကျောက်စီးပွားရေးလုပ်လာခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ရှင်းပြပါတယ်။

"အခုမြေပြိုတဲ့ ဝှေခါမှော်မှာဆို အရင်တုန်းက ရွာမရှိဘူး၊ ၁၉၉၀ ၉၄ ၉၅ ခုနှစ် ကာလတွေတုန်းက တောင်ယာလုပ်တဲ့ တစ်အိမ် နှစ်အိမ် ဒါပဲ ရှိတယ်" လို့ ဝန်ကြီး ဦးဒါရှီလဆိုင်း က ပြောပါတယ်။

"ကုမ္ပဏီတွေက လာတူးကြလို့ ကျောက်ရတယ်ဆိုရင် နောက်က ရေမဆေးသမားတွေက လိုက်လာကြတာပဲ၊ တဲအိမ်လေးတွေဆောက်၊ ကုမ္ပဏီက ပစ်လိုက်တဲ့ မြေစာပုံတွေမှာ သူတို့လည်း ရှာတာပေါ့၊ နောက်တော့ အိမ်ခြေ ဆယ်ဂဏန်းလောက်ကနေ ရာကနေ ထောင်ဂဏန်းအထိ ရွာကြီးတွေ ဖြစ်လာကြတော့တာပဲ" လို့ သူက ဆက်ပြောပါတယ်။ဒီနောက်တော့ ရွာနာမည်တွေကိုလည်း မှော်တွေရဲ့ နာမည်အတိုင်း ခေါ်ဆိုလိုက်ကြပါတယ်။

"ဖားကန့်က ရွာတော်တော်များများက ပြည်ထဲရေးမှာ အမည် မပေါက်ကြတဲ့ ရွာတွေ အများစု ဖြစ်တယ်" လို့ ဦးဒါရှီလဆိုင်းက ပြောပါတယ်။

ကျိန်စာသင့်မြေ

ဖားကန့်က လုံးခင်းကျောက်ဝိုင်းမှာတော့ တရုတ်ပြည်ကို WeChat ကတဆင့် တိုက်ရိုက်ရောင်းချနေတာ တရုတ်ကျောက်ပွဲစားတွေကို အများဆုံး တွေ့ရပါတယ်။ ကျောက်ဝယ်ကြတဲ့ ပွဲစားတန်းက ဈေးနေရာကြီး တစ်ခုလို ဖြစ်နေပြီး၊ ခုံတွေ အစီအရီ ခင်းထားတဲ့ ကျောက်ဝိုင်းတွေမှာ လာရောင်းသူတွေကလည်း တဆိုင်ဝင် တဆိုင်ထွက်နဲ့ သူတို့ကျောက်ကို ပြ ဈေးညှိ မရရင် နောက်တဆိုင်ပြောင်းနဲ့ ညပိုင်းဟာ ပျားပန်းခတ် လှုပ်ရှားသွားလာနေကြပါတယ်။

"ဒီမှာ ၂ ပေ ကနေ ၃ ပေ ပတ်လည် ခုံလေး ၁ လုံးနေရာအတွက် တလ ကို ၅ သောင်းပေးရပါတယ်။ နေအိမ်တွေ ဆိုင်တွေက စားပွဲခုံပဲ ရောင်းစား တစ်လ ၅ သိန်း၊ ၁၀ သိန်း ပြေးမလွတ်ဘူး၊ တချို့ဆိုင်တွေဆို တဆိုင်လုံးကို ကျောက်ပွဲစားတွေကို ရောင်းလိုက်တာ၊ နေ့ဘက် ဈေးရောင်း ညဘက်ကျ ဆိုင်ငှား၊ ဆိုတော့ တအား အလုပ်ဖြစ်တယ်" လို့ လုံးခင်း ဒေသခံ မသင်းသင်းက ပြောပါတယ်။

တရုတ်လူမျိုးတွေဟာ ကျောက်စိမ်းကို အလွန်စွဲလမ်း နှစ်ခြိုက်ကြပြီး ဆောင်ထားမယ်ဆိုရင် လာဘ်ကောင်း ကျန်းမာတယ်လို့ အယူရှိကြပါတယ်။

"ဒီကရတဲ့ ကျောက်တွေနဲ့ပဲ တရုတ်ပြည်က ထိန်ချုံး ပြည်နယ်မှာ ကွမ်တုံးပြည်နယ်တွေမှာ တစ်လ တစ်ခါကို ကျောက်စိမ်းပွဲတော် ဆိုတာရှိတယ်၊ ဒီမှာက Nothing" လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ထဲ ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့ဖူးသူ အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။

ဒါ့ကြောင့်လည်း ပေ ၄၀၀ ပေ ၅၀၀ အထိနက်တဲ့ တူးဖော်မှုတွေကို ကုမ္ပဏီတွေက စက်ယန္တရား ကြီးတွေနဲ့ နေ့ညမပြတ် တူးဖော်နေကြတာ ဖြစ်ပါတယ်။

"တော်ရုံ တန်ရုံ ယန္တရား၊ တော်ရုံ တန်ရုံ အားနဲ့ မရဘူး၊ တခါကော်လိုက်ရင် အိမ်ကြီးတစ်ဆောင် ရွှေ့နိုင်တဲ့ ကားကြီးတွေနဲ့ တူးနေတာ၊ ကားဘီးကတင် လူ တစ်ရပ်ကျော် ရှိတယ်" လို့ ကျောက်တွင်း လုပ်ကွက်တွေထဲ ကုမ္ပဏီတွေရဲ့ တူးဖော်မှုတွေအကြောင်းကို အဲ့ဒီ အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။

"ဘက်ဟိုး ၁ စီးက သိန်းပေါင်း ၁ သောင်းကျော် တန်တယ်၊ လုပ်ငန်းရှင်ကြီးတွေပဲ လုပ်နိုင်တယ်" လို့ ပြောပါတယ်။

"ကျောက်မျက်ဥပဒေအရ မြန်မာနိုင်ငံသားကနေ လုပ်ပိုင်ခွင့်ရှိတော့ နာမည်ခံခိုင်းပြီး တရုတ်တွေက အနောက်ကနေ အကျိုးတူ လုပ်ကိုင်တာတွေ ရှိမှာပေါ့" ဆိုပြီးတော့လည်း ပြောပါတယ်။

လုံးခင်း ဒေသခံ မသင်းသင်းကတော့ "မြန်မာစကားပုံလို ရှိပူနေရသေး ကုန်မှအေးတဲ့ ငါကတော့ တိုင်းပြည်က အပြည့်အ၀ မစံစားရမယ့်အတူတူတော့ အကုန်ကို ပြောင်သွားစေချင်တယ်၊ တရားဥပဒေက တိတိပပ ဥပဒေမစိုးမိုးသရွေ့တော့ ဒီသယံဇာတတွေ ရှိနေသရွေ့ ဒါမျိုးအဖြစ်တွေ ကြုံနေရဦးမှာ" လို့ မှော်တွေဆီကို လှမ်းမျှော်ကြည့်ရင်း ခပ်လေးလေး လေသံနဲ့ မှတ်ချက်ပြုပါတယ်။