ဖိအားတွေ ပိုများလာတဲ့ စစ်ကောင်စီရဲ့ သံတမန် ဆက်ဆံရေး

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ပထမဆုံးကျင်းပခဲ့တဲ့ အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့်မရခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီက သူတို့ကို တရားဝင်အသိအမှတ်မပြုဘူးလို့ ထုတ်ပြောတဲ့ နိုင်ငံ တနိုင်ငံမှ မရှိသေးသလို အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းကနေ ထွက်ခွာသွားတဲ့ သံရုံးတွေ တနိုင်ငံမှ မရှိဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

ပြည်တွင်းမှာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေအပြင် ပြည်ပ သံရုံး ၅၀ နီးပါးဟာ အခုအချိန်ထိ ဆက်လက် လည်ပတ်နေသေးပြီး စစ်ကောင်စီအနေနဲ့ နိုင်ငံတချို့နဲ့ သံတမန်ရေးဆက်ဆံရေး ဖြတ်တောက်သွားမယ်ဆိုတာ မမှန်ကန်ဘူးလို့လည်း ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိမှာ စစ်ကောင်စီနဲ့ သံတမန်ရေး မထိတွေ့တာ၊ အဆင့်လျှော့ချ ဆက်ဆံတာတွေကို လုပ်လာကြပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့နိုင်ငံရေး အခြေအနေ ပိုဆိုဆိုးရွားနေပြီး အာဆီယံခေါင်းဆောင်တွေကြား ရရှိထားတဲ့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ကုလသမဂ္ဂနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကော စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေပါ တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

ဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်းကြီးတွေက အသိအမှတ်မပြုတာ ထင်ရှားတယ်လို့ Central European University က နိုင်ငံရေးသိပ္ပံ ကျောင်းဆင်း မသီရိက ဘီဘီစီကို ပြောပါတယ်။

“စစ်ကောင်စီကို အသိအမှတ်ပြုမပြုဆိုတဲ့ ကိစ္စက မြန်မာပြည်တွင်းမှာ ရှိနေတဲ့ သံရုံးတွေ ပိတ်ခြင်း မပိတ်ခြင်းနဲ့ လားလားမှ မသက်ဆိုင်ဘူး။ သံရုံးတွေ၊ သံခင်း တမန်ခင်း ကိစ္စတွေ ဆိုတဲ့ဟာက အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံမှာရှိတဲ့ ပြည်သူတွေနဲ့ နိုင်ငံအချင်းချင်း ကိစ္စတွေ ဆောင်ရွက်ဖို့ ဖွင့်ထားတာ ဖြစ်တယ်။ ဆိုတော့ ဒီနိုင်ငံက ပြည်သူပြည်သားတွေကို ဒဏ်ခတ်တာမျိုး မဟုတ်ဘူးဆိုရင် သံရုံးတွေ ဘာကြောင့် ပိတ်မှာလဲ။ ပိတ်စရာလည်း မလိုဘူး။ ဒါက ဒီနေ့ နိုင်ငံတကာ ဆက်ဆံရေးတွေ တည်ဆောက်ထားတဲ့ပုံစံဖြစ်တယ် ” လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေး NUG အစိုးရကိုလည်း တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံ မရှိသေးဘူးလို့ စစ်ကောင်စီက စောဒကတက်ပေမယ့် NUG အစိုးရ ကိုယ်စားလှယ်တွေဟာ နိုင်ငံကြီးတချို့နဲ့ အလွတ်သဘောတွေ့ဆုံတာတွေ အဆက်မပြတ် ရှိခဲ့ပါတယ်။

မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာဘက်က ကိုယ်စားလှယ် တက်ရောက်ဆွေးနွေးခွင့် မရခဲ့ပေမယ့် NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အမေရိကန် အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝန်ဒီ ရှားမန်း၊ နိုင်ငံခြားရေးမူဝါဒါဆိုင်ရာ အကြံပေး ဒဲရစ်ခ် ရှိုလေးတို့နဲ့ တွေ့ဆုံခဲ့သလို အာဆီယံ ခေါင်းဆောင်တချို့နဲ့လည်း အမေရိကန်မှာ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ သူတွေ့ဆုံခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ တုံ့ပြန်မှုဟာ အားရစရာ ကောင်းသလို အမေရိကန်ဟာ NUG အစိုးရကို နိုင်ငံရေးအရ အတိုင်းအတာတခုအထိ အသိအမှတ်ပြုပြီဆိုတာ ထင်ရှားတယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

စစ်ကောင်စီဘက်တော့ အဲဒီလို NUG နဲ့ ဆက်ဆံရေးပြုလုပ်တဲ့ အပေါ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့လည်း ဒီကနေ့ ထပ်ပြီး ကြေညာခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ အမေရိကန်အစိုးရရဲ့ ဒီလုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန်ဟာ စံနှစ်မျိုးထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနကို ပြောပါတယ်။

အမေရိကန်အပါအဝင် နိုင်ငံတချို့ဟာ NUG အစိုးရနဲ့ အလွတ်သဘောတွေ့ဆုံတာမျိုးကိုလည်း သက်ဆိုင်ရာ နိုင်ငံခြားရေးဌာနတွေနဲ့ သံရုံးတွေကတဆင့် ကန့်ကွက်စာတွေ ပေးပို့နေတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ NUG အစိုးရကို တရားဝင်အသိအမှတ်ပြုတဲ့ နိုင်ငံရှိလာရင်လည်း လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက သတိပေးလိုက်ပါတယ်။

NUG အစိုးရဟာ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တယ်ဆိုတာ ပြည်တွင်းရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ လက်ခံထားတဲ့အတွက် စစ်ကောင်စီရဲ့ အခုလို ခြိမ်းခြောက်ပြောဆိုမှုတွေဟာ အရေးမကြီးဘူးလို့ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ မဟာဘွဲ့ယူထားတဲ့ မသီရိက သုံးသပ်ပါတယ်။

“NUG အစိုးရဟာ ပြည်သူတွေရဲ့ ထောက်ခံမှုရထားတဲ့ အစိုးရ ဖြစ်တယ်ဆိုတာကို ဘယ်သူကမှ မေးခွန်း မထုတ်ပါဘူး။ ဒါပေမဲ့ NUG အစိုးရ ဟာ နိုင်ငံတနိုင်ငံက လုပ်ပေးရမယ့် ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ၊ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ ဆက်ဆံနိုင်ဖို့၊ State Actor အဖြစ်လုပ်နိုင်ဖို့အတွက် လက်တွေ့ဆောင်ရွက်တဲ့နေရာမှာ လုပ်ထုံးလုပ်နည်းအရ အခက်အခဲ အရှုပ်အထွေး ကြန့်ကြာမှုတွေကြောင့်သာ တရားဝင်အသိအမှတ်ပြုတဲ့ နိုင်ငံ မရှိသေးတာ ဖြစ်နိုင်တယ်လို့ ” မသီရိက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဘယ်နိုင်ငံနဲ့မှ သံတမန် ဆက်ဆံရေးတွေ ဖြတ်တောက်မှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုထားပေမယ့် ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီဘက်က ကိုယ်စားပြု တက်ရောက်ခွင့် မရတာဟာ သံတမန်ရေးအရ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြပြောဆိုကြပါတယ်။

အခုနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တချို့ကပါ NUG အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးလာကြသလို အာဆီယံအနေနဲ့ ဘုံသဘောတူညီမှု ၅ ချက်နဲ့အညီ NUG အစိုးရနဲ့ ထိတွေ့ဆက်ဆံတာတွေ လုပ်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း တိုက်တွန်းထားပါတယ်။

သမိုင်းသစ် အမေရိကန် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ

အာဆီယံခေါင်းဆောင်တွေကို အမေရိကန်အထိ ဖိတ်ခေါ်ပြီး အထူး ထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပခဲ့တဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်နဲ့ အာဆီယံအဖွဲ့တွေကြား ဆက်ဆံရေးဟာ ခေတ်သစ်တခုကို ရောက်ခဲ့ပြီလို့ ကြေညာပါတယ်။

စီးပွားရေး၊ လုံခြုံရေး၊ အများပြည်သူ ကျန်းမာရေး၊ ကိုဗစ်ကပ်ရောဂါ ကာကွယ်တားဆီးရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ကိစ္စရပ်တွေအတွက် အာဆီယံ ဒေသတွင်းနိုင်ငံတွေမှာ အမေရိကန် ဒေါ်လာ သန်း ၁၅၀ သုံးစွဲသွားမယ်လို့လည်း သမ္မတ ဘိုင်ဒန်က ကတိပြုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်သနီ ဘလင်ကင်ကလည်း အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ မြန်မာ့အရေး အလေးထားပြောဆိုခဲ့သလို မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်နိုင်ဖို့ အာဆီယံရဲ့ ကြိုးပမ်းချက်တွေကို ထောက်ခံအားပေးသွားမယ်လို့လည်း ပြောပါတယ်။

နှစ်ရက်တာ ထိပ်သီးဆွေးနွေးပွဲအပြီး အချက် ၂၈ ချက်ပါ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ရာမှာလည်း မြန်မာ့အရေး ထည့်သွင်းပြောဆိုခဲ့ပြီး အကြမ်းဖက်မှုတွေ အားလုံး ရပ်တန့်ဖို့၊ နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွှတ်ပေးဖို့၊ အကူအညီလိုအပ်နေသူတွေထံ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးပို့ဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။