အာဆီယံမူငါးချက်ထက်ပိုတဲ့ တွန်းအားပေးမှုတွေ လုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဒေါ်ဇင်မာအောင်ပြော

ရေးသားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အာဆီယံခေါင်းဆောင်တွေ အိမ်ဖြူတော်ရှေ့မှာ အမှတ်တရဓာတ်ပုံရိုက်တဲ့အထဲ မြန်မာကိုယ်စားပြုခေါင်းဆောင် ပါမလာခဲ့ပြန်ပါဘူး။

အမေရိကန်-အာဆီယံ ခေါင်းဆောင်တွေ အမေရိကန်နိုင်ငံမှာ ၂ ရက်ကြာ ထိပ်သီးအစည်းအဝေး ကျင်းပနေတာပါ။

စစ်ကောင်စီဘက်က အမေရိကန်ကို ခြေချခွင့်မရခဲ့ပေမယ့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အမေရိကန် နိုင်ငံခြားရေးဒုဝန်ကြီး ဝင်ဒီရှားမန်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာ့အရေးဟာ အမေရိကန်ရဲ့ ဦးစားပေးအဖြစ် ဆက်ရှိနေပြီး စစ်ကောင်စီကို ဖိအားတွေ ဆက်ပေးသွားမယ်လို့ ရှားမန်းကပြော‌ခဲ့တဲ့အကြောင်း ဒေါ်ဇင်မာအောင် က အမေရိကန်အခြေစိုက်မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံသဘောတူညီချက် ၅ ချက်ထက် ပိုတဲ့တွန်းအားပေးမှုတွေဆက်လုပ်ဖို့ ဆွေးနွေးခဲ့ကြတဲ့အကြောင်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဒီအပေါ် အာဆီယံအရေးလေ့လာစောင့်ကြည့်သူတွေရဲ့အမြင်ကရော ဘယ်လိုရှိသလဲဆိုတာကို စင်ကာပူနိုင်ငံ လီကွမ်းယု တက္ကသိုလ်က ကိုကြည်စင်က အခုလိုသုံးသပ်ပါတယ်။

အာဆီယံ သဘောတူညီချက် ၅ ချက်က လက်ရှိမှာ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်တဲ့အတွက် အာဆီယံ နိုင်ငံတွေက ဘုံသဘောတူညီချက် ငါးချက်ကို ပယ်လိုက်တာ၊ အသစ်ပြန်ရေးဆွဲတာ၊ အန်ယူဂျီရဲ့ အခန်းကဏ္ဍပိုကျယ်ပြန်တဲ့ သံတမန်လမ်းကြောင်းသစ်တစ်ခုကို ဖန်တီးတာ စတာတွေကို လုပ်ဆောင်လာနိုင်တယ်လို့ ပြောပါတယ်။

အမေရိကန်အနေနဲ့ မြန်မာ့အရေးကို ယူကရိန်းလို ထောက်ပံ့မှုမပေးဘဲ သံတမန်ရေးနဲ့ ပိတ်ဆို့မှုဘက်ကပဲ ဖိအားပေးလို့ အားမလိုအားမရဖြစ်နေသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ယူကရိန်းအရေးဟာ ပြည်ပကျူးကျော်စစ်ဖြစ်ပြီး မြန်မာ့အရေးက ပြည်တွင်းရေးလို့ ရှုမြင်တဲ့အတွက် စစ်ရေးအရကူညီထောက်ပံ့မှု ရမှာ မဟုတ်ဘူးလို့ နိုင်ငံတကာဆက်ဆံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

Central European University က နိုင်ငံရေးသိပ္ပံ ကျောင်းဆင်း မသီရိက အခုလို ပြောပါတယ်။

အမေရိကန်က စစ်ရေးဝင်ရောက်စွက်ဖက်ခဲ့တဲ့ နိုင်ငံတွေမှာ မအောင်မြင်ခဲ့တဲ့ သင်ခန်းစာတွေနဲ့ ဒါတွေကို နိုင်ငံခြားရေး မူဝါဒအမှားတွေလို့ သုံးသပ်တာတွေရှိကြောင့် စစ်ရေးအရ ကူညီတာဟာ နိုင်ငံတစ်ခုရဲ့ ဒီမိုကရေစီရေးကို အထောက်အကူဖြစ်တယ်လို့ မထင်တာကြောင့် စစ်ရေးအကူအညီ မပေးတာ ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့အပေါ် စာနာနားလည်တဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနဲ့ ပေါင်းပြီး သူတို့ ပုံရိပ်ကိုမြှင့်တင်ဖို့ကြိုးစားနေတာပါ။

အမေရိကန်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဝါရှင်တန်မှာတွေ့ဆုံလိုက်တာက NUG နဲ့ ဆက်ဆံရေးကိုတိုးမြှင့်လိုက်တာဖြစ်ပြီး စစ်ကောင်စီအတွက်သံတမန်‌ရေးရာထိုးနှက်ချက်လို့ သုံးသပ်မှုတွေလည်း ရှိနေတာပါတယ်။