ဇူးရစ်မြို့လယ်က မြန်မာအတွက် နံရံ

ဇူးရစ်မြို့လယ်ခေါင် လူစည်ကားတဲ့ နေရာက အဆောက်အဦး နံရံပေါ်မှာ ပန်းချီဆွဲ

ဓာတ်ပုံ ရင်းမြစ်, Cup of Color

ဓာတ်ပုံ ပုံစာ, ဇူးရစ်မြို့လယ်ခေါင် လူစည်ကားတဲ့ နေရာက အဆောက်အဦး နံရံပေါ်မှာ ပန်းချီဆွဲ
ရေးသားခဲ့သည်။

ဆွစ်ဇာလန် နိုင်ငံ ဇူးရစ်မြို့က ဆွစ် အနုပညာရှင်တွေ ဖန်တီးတဲ့ မြန်မာပြည်သူတွေ အတွက် နံရံ ဆေးရေးပန်းချီ ရေးဆွဲလို့ ပြီးသွားပါပြီ။ လာမယ့် မေလ ၆ ရက်နေ့မှာ ဖွင့်ပွဲ လုပ်ဖို့ရှိပါတယ်။

ဇူးရစ်မြို့ကို ဖြတ်သန်း စီးဆင်းနေတဲ့ မြစ်ကမ်း နံဘေးတစ်နေရာမှာ ရှိတဲ့ လူစည်ကားရာ လမ်းမကြီးပေါ်က အနုပညာရှင်တွေ ဓာတ်ပုံပြပွဲ လုပ်တဲ့ သုံးထပ်တိုက် အဆောက်အဦးကြီးပေါ်မှာ နံရံ တစ်ခုလုံး အပြည့် ပန်းချီကားကြီးကို ရေးဆွဲ ထားတာဖြစ်ပါတယ်။

ဘူတာရုံကြီးနားမှာရှိတဲ့ အဲဒီ အဆောက်အဦးကြီးကို အဝေးကနေ မြင်နိုင်တာဖြစ်လို့ မြန်မာ အတွက် ပန်းချီကိုလည်း လူတိုင်း အဝေးကနေ ထင်ထင်ရှားရှား တွေ့နိုင်တယ်လို့ ဇူးရစ် မြို့ခံတွေက ပြောပါတယ်။

မြန်မာအတွက် နံရံမှာ ရင်ထဲက ငိုကြွေးသံတွေ မြင်ရ

ဓာတ်ပုံ ရင်းမြစ်, Cup of Color

ဓာတ်ပုံ ပုံစာ, မြန်မာအတွက် နံရံမှာ ရင်ထဲက ငိုကြွေးသံတွေ မြင်ရ

ဘာတွေ ဆွဲထားလဲ

စစ်တပ်ရဲ့ အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံသားတွေ အားလုံးကို ကိုယ်စားပြုတဲ့ သာမန် ပြည်သူတွေ အားလုံးနဲ့ သက်ဆိုင်တဲ့ပုံကို ဆွစ် အနုပညာရှင်တွေ ရွေးချယ်ခဲ့ပါတယ်။

နာမည်ကျော်ကြား ထင်ရှားတဲ့ နိုင်ငံရေးသမား တစ်ယောက်ယောက်၊ ဒါမှ မဟုတ် နွေဦးတော်လှန်ရေးမှာ အသက်ပေးဆပ်ခဲ့လို့ လူသိထင်ရှား ဖြစ်သွားသူ တစ်ယောက်ယောက်ကို ကိုယ်စားပြုတဲ့ မြန်မာ ဟီးရိုး တစ်ယောက်ရဲ့ ပုံ မဟုတ်တဲ့ သာမန် ပြည်သူ အမျိုးသမီးလေး တစ်ယောက် ဦးခေါင်းပေါ်မှာ လက်သုံးချောင်း ထောင်နေတဲ့ ပုံကို အနုပညာရှင်တွေ ရွေးချယ်ပါတယ်။

မြန်မာပြည်သူတွေ အားလုံးကို ကိုယ်စားပြုတဲ့ သဘောနဲ့ သာမန် အရပ်သူလေးပုံကိုရွေးချယ်

ဓာတ်ပုံ ရင်းမြစ်, Cup of Color

ဓာတ်ပုံ ပုံစာ, မြန်မာပြည်သူတွေ အားလုံးကို ကိုယ်စားပြုတဲ့ သဘောနဲ့ သာမန် အရပ်သူလေးပုံကိုရွေးချယ်

သူ့ရဲ့ အင်္ကျီနေရာမှာ မြန်မာတွေရဲ့ ရင်တွင်းခံစားချက်တွေကို စကားလုံးတွေနဲ့ ဖော်ပြထားတဲ့ စာတွေကို ထည့်သွင်းရေးသားပါတယ်။

ခရမ်းရောင် အင်္ကျီပေါ်မှာ မြန်မာတွေရဲ့ ရင်ထဲက ငိုကြွေးသံတွေကို ပန်းချီနဲ့ ဖော်ညွှန်းကြပါတယ်။

နံရံဆေးရေးပန်းချီ အစီအစဉ်ကို ဖန်တီးတဲ့ ဆွစ်ဇာလန် နိုင်ငံ ဇူးရစ် အခြေစိုက် Cup of Color NGO အဖွဲ့က သူတို့ ရဲ့ မြန်မာအတွက် နံရံ ပန်းချီကားပေါ်မှာ ရေးဖို့ မြန်မာပြည်သူတွေရဲ့ ခံစားချက်တွေကို "သင်တို့ရဲ့ နာကျင်မှုတွေ ဆုံးရှုံးမှုတွေ ဆုတောင်းမှုတွေကို ရုပ်ပုံ ဒါမှမဟုတ် စာကြောင်းတစ်ခုနဲ့ ဖော်ပြပါ၊ နံရံပေါ်မှာ မင်းအတွက် ကျုပ်တို ပန်းချီဆွဲပေးမယ်၊ အတူတူ နံရံပန်းချီ လာရေးကြပါလို ဖိတ်ခေါ်ပါတယ်" ဆိုပြီး အွန်လိုင်းကနေ ဖိတ်ခေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတဲ့ ဆုံးရှုံးမှု၊ နာကျင်ခံစားရမှုတွေ၊ ထိခိုက်နစ်နာမှုတွေ၊ စိုးရိမ် ထိတ်လန့် နေရမှုတွေအကြောင်းနဲ့ ဒီ ဒုက္ခတွေကနေ ကင်းဝေးပါစေကြောင်း ပြည်တွင်း ပြည်ပက မြန်မာပြည်သူတွေ သီကုံး ရေးသား ပေးပို့လာတဲ့ ရင်တွင်း ခံစားချက် စာကြောင်းလေးတွေ အများကြီး ရခဲ့တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

သူတို့ပေးပို့လာတဲ့ စာသားလေးတွေကို အဆောက်အဦး နံရံပေါ်က ပန်းချီကားမှာ ထည့်သွင်း ရေးဆွဲခဲ့ပါတယ်။

အဆောက်အဦးကြီးက ပေ ၆၀ ကျော် မြင့်တာကြောင့် ငြမ်းတွေဆင်ထားတဲ့ နံရံပေါ်ကို ခက်ခက်ခဲခဲ တက်ပြီး ပန်းချီ ဆွဲရတယ်။ လက်သုံးချောင်းကတင် ၉ မီတာ ရှိလို့ လက်သုံးချောင်း ပြီးအောင် တစ်နေကုန် ဆွဲရတယ် လို့ ကိုယ်တိုင် ပါဝင်ရေးဆွဲသူ မြန်မာ ပန်းချီဆရာ တစ်ယောက်က ပြောပါတယ်။

ကရိန်းကြီးတွေသုံးပြီး တိုက်နံရံမှာ ခက်ခက်ခဲခဲ ပန်းချီဆွဲရ

ဓာတ်ပုံ ရင်းမြစ်, Cup of Color

ဓာတ်ပုံ ပုံစာ, ကရိန်းကြီးတွေသုံးပြီး တိုက်နံရံမှာ ခက်ခက်ခဲခဲ ပန်းချီဆွဲရ

မြန်မာတွေကိုယ်တိုင် ပါဝင်မှု

မြန်မာအတွက် နံရံ ဆိုတဲ့ ပန်းချီရေးဆွဲဖို့ အစီအစဉ်ကို ဆွစ်ဇာလန် နိုင်ငံက အနုပညာရှင်တွေ ဦးဆောင်ပြုလုပ်တာ ဖြစ်ပေမဲ့ မြန်မာ အနုပညာရှင်နဲ့ မြန်မာ နိုင်ငံသားတွေ ကိုလည်း ကိုယ်တိုင် လာရောက် ပါဝင်ရေးဆွဲကြဖို့ သူတို့ ဖိတ်ခေါ်ခဲ့ပါတယ်။

မြန်မာတွေ ကိုယ်တိုင် သွားရောက်ရေးဆွဲ

ဓာတ်ပုံ ရင်းမြစ်, Cup of Color

ဓာတ်ပုံ ပုံစာ, မြန်မာတွေ ကိုယ်တိုင် သွားရောက်ရေးဆွဲ

နံရံဆေးရေး ပန်းချီကားကို မတ်လ ၂၁ ရက်နေ့ကနေ စတင်ရေးဆွဲခဲ့ပါတယ်။ မတ်လ ၂၁ ရက်ကနေ ဧပြီလ ၁၀ ရက်ကြားမှာ ဆွစ်ဇာလန်မှာ နေထိုင်တဲ့ မြန်မာ တချို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ပါဝင် ရေးဆွဲခဲ့ပါတယ်။

ဇူးရစ်မှာ နေထိုင်တဲ့ မြန်မာ အမျိုးသမီးက "အမေ့ကို သတိရတယ်" ဆိုတဲ့ စာကြောင်းလေး ရေးခဲ့တယ်လို့ ပြောပါတယ်။

ဆွစ်ဇာလန်က အနုပညာရှင်တွေက မြန်မာတွေ မဟုတ်ကြတဲ့ အတွက် မြန်မာ စာတွေကို ရေးသားရာမှာ မြန်မာတွေရဲ့ အကူအညီကို ယူခဲ့ကြရပါတယ်။

လက်ရှိဖြစ်နေတဲ့ အခြေအနေတွေ အပေါ် ခံစားရတာတွေကို ရေးပေးကြပြီး ရင်ထဲထိတဲ့ စကားလုံးတွေကို ရေးသားပေးပို့ကြတယ်ဆိုတဲ့ ခံစားချက်စကားလုံးတွေထဲက တချို့ကတော့ ဒီလိုပါ။

ပေးပို့လာတဲ့ စာသားတခု

ဓာတ်ပုံ ရင်းမြစ်, Cup of Color

ဓာတ်ပုံ ပုံစာ, ပေးပို့လာတဲ့ စာသားတခု
ပေးပို့လာတဲ့ စာသားတခု

ဓာတ်ပုံ ရင်းမြစ်, Cup of Color

ဓာတ်ပုံ ပုံစာ, ပေးပို့လာတဲ့ စာသားတခု
ပေးပို့လာတဲ့ စာသားတခု

ဓာတ်ပုံ ရင်းမြစ်, Cup of Color

ဓာတ်ပုံ ပုံစာ, ပေးပို့လာတဲ့ စာသားတခု
ပေးပို့လာတဲ့ စာသားတခု

ဓာတ်ပုံ ရင်းမြစ်, Cup of Color

ဓာတ်ပုံ ပုံစာ, ပေးပို့လာတဲ့ စာသားတခု
ပေးပို့လာတဲ့ စာသားတခု

ဓာတ်ပုံ ရင်းမြစ်, Cup of Color

ဓာတ်ပုံ ပုံစာ, ပေးပို့လာတဲ့ စာသားတခု

"လရိပ်အောက်မှာ ဂစ်တာတီး သီချင်းဆို ရေနွေးကြမ်း သောက်လို့ရတဲ့ နေ့တွေ ပြန်လိုချင်တယ်"

"ဖြည့်ဆည်း မရတော့တဲ့ ကွက်လပ်၊ မလုံခြုံတော့တဲ့ နေ့ရက်၊ မှောင်မိုက်နေတဲ့ အနာဂတ်၊ အရာထင်ခဲ့ရတဲ့ စိတ်ဒဏ်ရာ၊ ချိုးဖောက်ခံနေရတဲ့ အခွင့်အရေး"

"မျှော်လင့်ချက်မဲ့၊ အိုးအိမ်မဲ့၊ ဘဝမဲ့၊ အနာဂတ်မဲ့"

"အကျဉ်းခန်းဟာ အတော် ကျယ်တဲ့ ပုံပဲ၊ အထဲမှာ နိုင်ငံတော်ကို တွေ့တယ်"

"တောင်ပေါ် မြေပြန့်က ကြယ်တွေရေ၊ စတေးလိုက်ရတဲ့ အသက်တွေ အလကား မဖြစ်စေရဘူး၊ ငါတို့ ရပ်မသွားဘူး"

ဘာကြောင့် နံရံပန်းချီ လုပ်ဖြစ်တာလဲ

မြန်မာနိုင်ငံသား တစ်ယောက်က မြန်မာ အတွက် နံရံ လုပ်ဖို့ သူတို့ကို စာရေးလာတယ်လို့ Cup of Color အဖွဲ့က ပြောပါတယ်။

လူသားတွေရဲ့ နာကျင်ခံစားမှုကို ပန်းချီနဲ့ ဖော်ပြတာက သူ့ရဲ့ စိတ်ဝိညာဉ်ကို ကုစားဖို့ အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်တယ် လို့ သိရှိလာတဲ့ အတွက် တစ်စုံတစ်ခုကြောင့် ကွဲကြေ ကျိုးပဲ့နေတဲ့ အသိုက်အဝန်းက လူတွေ အတွက် ပန်းချီ အနုပညာ ဖန်တီးမှုတွေ လုပ်တာလို့ Wall for Myanmar ကို စီစဉ်သူ တစ်ယောက်ဖြစ်တဲ့ ရာဟဲလ် က ပြောပါတယ်။

လူတွေ အနေနဲ့ ကိုယ့်ရဲ့ ထိခိုက် နာကျင်မှုတွေကို ကျော်လွှားနိုင်စေဖို့ သူတို့ ခံစားချက်တွေကို ဖော်ပြဖို့ လိုတယ်လို့ သူက ပြောပါတယ်။ ဒါမှ မဟုတ်ရင် နောင်မျိုးဆက်တွေ အထိ နာကျင်ခံစားကြရလိမ့်မယ်လို့ ရာဟဲလ် က ပြောပါတယ်။

သူကိုယ်တိုင်ကလည်း တော်လှန်ရေး မှာ ပါဝင်ခဲ့လို့ အမိ နိုင်ငံမှာ မနေနိုင်ဘဲ အိုးအိမ်စွန့်ခဲ့ရတဲ့ အာရှတိုက်သား မိသားစုဝင် ဖြစ်တာကြောင့် မြန်မာ ပြည်သူတွေရဲ့ အခြေအနေကို ကိုယ်ချင်းစာ နားလည်နိုင်တယ်၊ အများသိအောင် ဖော်ပြချင်တယ်လို့ သူက ပြောပါတယ်။

ကိုယ့်တိုင်းပြည်မှာ မနေနိုင်ဘဲ ထွက်ပြေးကြရတဲ့ ဘဝတွေ၊ ဖိနှိပ် လွန်းတဲ့ အုပ်ချုပ်သူတွေလက်အောက်မှာ နေကြရတဲ့ ပြည်သူတွေရဲ့ ဘဝတွေဟာ ဘယ်လောက် ဆိုးရွားသလဲ ဆိုတာ သူ စာနာ နားလည်ပါတယ်လို့ ရာဟဲလ် က ပြောပါတယ်။

အခုဆိုရင် သူတို့ရဲ့ NGO အဖွဲ့လေးက အာဖရိကနဲ့ အာရှက နိုင်ငံ အတော်များများကို သွားပြီး သူတို့ ဘဝခံစားချက်တွေကို နံရံ ဆေးရေး ပန်းချီနဲ့ ပုံဖော် လာခဲ့တာ ၇ နှစ်ကြာပြီလို့ ဆိုပါတယ်။

အခု မြန်မာအတွက် နံရံ ဆိုတဲ့ ဇူးရစ် မြို့လယ်ခေါင်က အဆောက်အဦးကြီးရဲ့ နံရံမှာ ရေးဆွဲထားတဲ့ နံရံဆေးရေး ပန်းချီကားက နောက်ထပ် ၄ နှစ် ဆက်လက်တည်ရှိ နေဦးမယ်လို့ ပန်းချီ ဖန်တီးရှင်တွေက ပြောပါတယ်။