ပွဲဆူခဲ့တဲ့ စစ်ကောင်စီ ရဲ့ ဘွဲ့၊တံဆိပ်အပ်နှင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံပြန်တမ်း
လွတ်လပ်ရေးရပြီး ၇၅ နှစ်အတွင်း နိုင်ငံ့ကောင်းကျိုးထမ်းဆောင်ခဲ့လို့ဆိုပြီး အစိုးရအကြီးအကဲဟောင်းတွေနဲ့ စစ်ဘက်နယ်ဘက်ကပုဂ္ဂိုလ်တချို့ကို စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့နဲ့ တံဆိပ်တွေ နှစ်ဆန်းတစ်ရက်နေ့မှာ ချီးမြှင့်လိုက်ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ သမ္မတ ဦးစန်းယု နဲ့ နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်တို့ကို သုဓမ္မသင်္ဂဟဘွဲ့ ထဲကအမြင့်ဆုံးဖြစ်တဲ့ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ ပေးပါတယ်။
မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် နိုင်ငံတော်ဝန်ကြီးချုပ်တွေဖြစ်တဲ့ ဦးနု၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့နဲ့အတူ သမ္မတ ဦးစန်းယုတို့ကို ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ထဲက အမြင့်ဆုံးဖြစ်တဲ့အဂ္ဂမဟာသရေစည်သူဘွဲ့ပေးခဲ့တာပါ။
စစ်ကောင်စီရဲ့ ဘွဲ့တံဆိပ်ချီးမြှင့်တဲ့စာရင်းထဲ အရပ်ဘက်၊စစ်ဘက်ခေါင်းဆောင်ဟောင်းအမြောက်အများသာမက စစ်တပ်နဲ့ ပူးပေါင်းခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့၊ အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တိုင်ရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့ နဲ့အတူ အနုပညာရှင်အမြောက်အမြားကိုပါ ပေးအပ်ထားတာတွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်
ဂုဏ်ထူးဆောင်ဘွဲ့တွေနဲ့ တံဆိပ်တွေကို သင်္ဂဟ၊ဘွဲ့နဲ့ တံဆိပ်ဆိုပြီး ၃ မျိုး ခွဲခြားထားပါတယ်။သင်္ဂဟ မှာ သုဓမ္မသင်္ဂဟနဲ့ ပြည်ထောင်စုစည်သူသင်္ဂဟဆိုပြီး အဖွဲ့ ၂ ဖွဲ့ ပြန်ခွဲထားပါတယ်။
ဘွဲ့ မှာတော့ တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဘွဲ့တွေနဲ့ စွမ်းဆောင်မှုဆိုင်ရာဘွဲ့တွေဆိုပြီး ခွဲပါတယ်။တံဆိပ် မှာ စွမ်းရည်သတ္တိဆိုင်ရာတံဆိပ်တွေနဲ့ စွမ်းဆောင်မှုဆိုင်ရာတံဆိပ်တွေလို့ ခွဲထားပါတယ်။
သုဓမ္မသင်္ဂဟဘွဲ့ အမျိုးအစားတွေကတော့ (၁) အဂ္ဂမဟာသီရိသုဓမ္မဘွဲ့၊ (၂) သတိုးသီရိသုဓမ္မဘွဲ့၊ (၃) မဟာသီရိသုဓမ္မဘွဲ့ တွေဖြစ်ပါတယ်။
ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ တွေမှာ (၁) အဂ္ဂမဟာသရေစည်သူဘွဲ့၊ (၂) သတိုးမဟာသရေစည်သူဘွဲ့၊ (၃) မဟာသရေစည်သူဘွဲ့၊ (၄) သရေစည်သူဘွဲ့ နဲ့ (၅) စည်သူဘွဲ့ ဆိုပြီး ထပ်ခွဲပါတယ်။
သုဓမ္မသင်္ဂဟနဲ့ ပြည်ထောင်စုစည်သူသင်္ဂဟအတွက် အရည်အချင်းက နိုင်ငံတော်အတွက်ထူးကဲစွာအမှုထမ်းသူများ၊ အကျိုးဆောင် သူများဖြစ်ရမယ်လို့ ပြဌာန်းထားပြီး စွမ်းဆောင်မှုအပေါ်မူတည်ပြီး အဆင့်အလိုက်ပြန်ခွဲထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံပြန်တမ်း
နိုင်ငံတော်အကြီးအကဲဟာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ရာထူးအလျောက် သုဓမ္မသင်္ဂဟနဲ့ ပြည်ထောင်စုစည်သူသင်္ဂဟတွေရဲ့ အကြီးအမှူးဖြစ်တဲ့အပြင် သုဓမ္မသင်္ဂဟမှာ အဂ္ဂမဟာသီရိသုဓမ္မဖြစ်၍ ပြည်ထောင်စုစည်သူသင်္ဂဟတွင် အဂ္ဂမဟာသရေစည်သူ လည်းဖြစ်တယ် လို့ပြဌာန်းချက်ရှိပါတယ်။
ဒါ့အပြင် နိုင်ငံတော်အကြီးအကဲ တာဝန်ပြီးဆုံးတဲ့အခါ သုဓမ္မသင်္ဂဟမှာ အဂ္ဂမဟာသီရိသုဓမ္မအဖြစ်လည်းကောင်း၊ ပြည်ထောင်စုစည်သူသင်္ဂဟမှာ အဂ္ဂမဟာ သရေစည်သူအဖြစ်လည်းကောင်း ဆက်လက်တည်မြဲပါတယ်။
ဘွဲ့ပေးတဲ့အထဲ မပါတဲ့ စစ်ဗိုလ်ချုပ်တွေ
ဗိုလ်ချုပ်ကြီးနေဝင်းက စလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်အထိ စစ်ဗိုလ်ချုပ် အယောက် ၆၀ ကျော်ကို ဘွဲ့တွေပေးခဲ့ပေမယ့်လို့ နာမည်ကြီးစစ်ဗိုလ်ချုပ် တချို့ကို အမည်စာရင်းမှာမတွေ့ရပါဘူး။
လက်ရှိစစ်ခေါင်းဆောင်ရဲ့ ဆရာသမားလို့ဆိုနိုင်တဲ့ သက်ရှိထင်ရှားရှိနေဆဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ တွေထဲက အမြင့်ဆုံးဖြစ်တဲ့ အဂ္ဂမဟာသရေစည်သူ ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒါပေမဲ့ စစ်အစိုးရရဲ့ နံပါတ်(၂) ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နဲ့ တပ်မတော်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ကိုတော့ ဘွဲ့ပေးတဲ့ စာရင်းထဲမတွေ့ရပါဘူး။
ဒါ့အပြင် NLD နာယက ဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးလည်း ပါမလာပါဘူး။
သမ္မတဟောင်း ဦးသိန်းစိန်ကိုလည်း မတွေ့ရပေမယ့် သူက သမ္မတဖြစ်ရင် အလိုအလျောက်ရတဲ့ အဂ္ဂမဟာသီရိသုဓမ္မ နဲ့ အဂ္ဂမဟာ သရေစည်သူအဖြစ် ဆက်လက်တည်မြဲနေတယ်လို့နားလည်ရပါတယ်။
ကိုယ့်ကိုယ်ကို ဘွဲ့ပြန်ပေးလို့ ဝေဖန်ခံနေရ
ဒီလို ဂုဏ်ထူးဆောင်ဘွဲ့တွေကို နိုင်ငံတော်အကြီးအကဲနဲ့ သမ္မတ အဆက်ဆက်ကပဲ ပေးခဲ့တဲ့ အစဥ်အလာရှိခဲ့ပါတယ်။
အခုတော့ ယာယီသမ္မတ ဦးမြင့်ဆွေအစား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပဲ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သလို သတိုးသီရိသုဓမ္မဘွဲ့ နဲ့ သတိုးမဟာသရေစည်သူဘွဲ့ နှစ်ခုလုံးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နာမည် ပါနေတာပါ။
ပြီးခဲ့တဲ့ တပ်မတော်နေ့ကအထိ မဟာသရေစည်သူ ဘွဲ့ပဲ ရှိသေးတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နောက်ထပ်တစ်ဆင့်မြင့်တဲ့ ဘွဲ့တွေကို ရယူခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုချီးမြှင့်တဲ့အပေါ် လူမှုကွန်ရက်မှာ ဝေဖန်မှုလှောင်ပြောင်မှုတွေရှိခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူနဲ့အတူ ယာယီသမ္မတ ဦးမြင့်ဆွေကိုပါ သတိုးသီရိသုဓမ္မဘွဲ့ကို ချီးမြှင့်ထားပါတယ်။
ဒီဘွဲ့ဟာ သုဓမ္မသင်္ဂဟမှာ ဒုတိယအမြင့်ဆုံးဘွဲ့လည်းဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဦးနုနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့တောင် သူတို့လက်ထက်မှာ ဆုပြန်မယူခဲ့တဲ့အကြောင်း သုတေသီတွေက ပြောပါတယ်။
ဝဏ္ဏကျော်ထင် ဘွဲ့ခံ တိုင်းရင်းသားလက်နက်ကိုင်များ
နှစ်ဆန်းတစ်ရက်နေ့ကပေးတဲ့ ဘွဲ့တံဆိပ်ထဲ ပြည်သူ့စစ်အသွင်ပြောင်းတွေ၊စစ်တပ် နဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့ကိုလည်း ဝဏ္ဏကျော်ထင်ဘွဲ့ပေးပါတယ်။
နဝတ/နအဖ လက်ထက်မှာ စစ်တပ်နဲ့ငြိမ်းချမ်းရေးယူပြီး အထူးဒေသသတ်မှတ်ပေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့လည်းပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, pa-onational
ဒီအထဲ ကချင်ပြည်နယ်အထူးဒေသ(၁) က ဦးစခုန်တိန့်ယိန်း နဲ့ ရှမ်းပြည်တောင်ပိုင်း အထူးဒေသ(၆)က ဦးအောင်ခမ်းထီ တို့လည်းပါဝင်ပါတယ်။
ဒါ့အပြင် NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း ဝဏ္ဏကျော်ထင်ဘွဲ့ပေးပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU က ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ RCSS က ဗိုလ်ချုပ်ကြီးယွက်ဆစ်၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့က ဦးခွန်ဥက္ကာ၊ မွန်ပြည်သစ်ပါတီက ဦးနိုင်ရွှေကျင် နဲ့ နိုင်ထောမွန်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) က ဦးခိုင်စိုးနိုင်အောင် တို့လည်း ဝဏ္ဏကျော်ထင်ဘွဲ့ ရခဲ့ကြတာဖြစ်ပါတယ်။
လက်ခံရရှိကြသူတွေအကြားမှာတော့ နိုင်ငံတော်အဆင့် ဘွဲ့တံဆိပ်ရရှိမှုကတဆင့် ငြိမ်းချမ်းရေး အတွက် လမ်းဖွင့်စကားပြောတာမျိုးတွေကိုတောင် လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်း ရှိလာနိုင်တယ်လို့ ပြောကြတာလည်းရှိပါတယ်။
လက်ရှိစစ်ရေးအရှိန်မြှင့်နေတဲ့ တိုက်ခိုက်နေတဲ့အကြားကပဲ အဖွဲ့အစည်းတွေအကြားကခေါင်းဆောင် အချို့ကို အခုလို နိုင်ငံတော်အဆင့် ချီးမြှင့်တာကို ဝေဖန်ပြောဆိုတာလည်းရှိပါတယ်။
ကရင်ပြည်နယ်ထဲက KNU နယ်မြေအတွင်းမှာ တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်နေချိန်မှာပဲ အဖွဲ့ရဲ့ ဥက္ကဋ္ဌ အပေါ် ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်တာက ရှေ့နောက်မညီသလို အပ်စပ်မှုမရှိဘူးလို့လည်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီက ဘီဘီစီကို ပြောပါတယ်။
ကရင့်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေထဲမှာ KNU ဥက္ကဋ္ဌ အပြင် အဖွဲ့အတွင်းကခွဲထွက်ထားတဲ့ အဖွဲ့အချို့ ကသူတွေကိုလည်းဝဏ္ဏကျော်ထင်ဘွဲ့ပေးခဲ့ပြီး ဒါကပထမဆုံးဖြစ်တယ်လို့လည်း သူကပြောပါ တယ်။

အလင်္ကာကျော်စွာရသားအဖတွေ
စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အလင်္ကာကျော်စွာဘွဲ့ကို ၈ ဦးအထိပေးခဲ့ပြန်ပါတယ်။
အဲ့ဒီအထဲ နန်းတော်ရှေ့ဆရာတင်လည်းပါဝင်ပြီး သူ့သားဖြစ်သူ ဇာတ်သဘင်ပညာရှင် ဦးရွှေနန်းတင်ကိုလည်း အလင်္ကာကျော်စွာဘွဲ့ပေးခဲ့တာကြောင့် အလင်္ကာကျော်စွာဘွဲ့ရ ဒုတိယမြောက် သားအဖဖြစ်လာပါတယ်။
အလင်္ကာကျော်စွာရွှေမန်းတင်မောင်ရဲ့သားဖြစ်သူ မင်းသားကြီး ဦးညွန့်ဝင်း ကို ပြီးခဲ့တဲ့ တပ်မတော်နေ့က စစ်ကောင်စီက အလင်္ကာကျော်စွာ ဘွဲ့ပေးခဲ့လို့ ပထမဆုံး အလင်္ကာကျော်စွာဘွဲ့ရ သားအဖလည်းဖြစ်ပါတယ်။
ဘွဲ့တံဆိပ်ဆိုင်ရာ သုတေသီတွေကတော့ ပါလီမန်ခေတ်ကတည်းက ဦးသိန်းစိန်လက်ထက်အထိ အလင်္ကာကျော်စွာဘွဲ့ရသူ ၂၀ ကျော်ပဲရှိခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကတော့ တပ်မတော်နေ့နဲ့ နှစ်ဆန်းတစ်ရက်နေ့ နှစ်ရက်မှာတင် အလင်္ကာကျော်စွာဘွဲ့ ကို ၃၃ ဦးအထိပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် တပ်မတော်နေ့က လူမှုထူးချွန်တံဆိပ် (တတိယဆင့်)ပေးခဲ့တဲ့ သရုပ်ဆောင် စိုးမြတ်သူဇာကို လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်)အဖြစ်တိုးမြှင့်ပေးလိုက်ပါတယ်။
တပ်မတော်နေ့က သရုပ်ဆောင်ခိုင်သင်းကြည်ကို ပေးခဲ့တဲ့ လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်) ကို နှစ်ဆန်းတစ်ရက်နေ့မှာ ပြန်ရုပ်သိမ်းတယ်လို့ကြေညာပါတယ်။
အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ ဘွဲ့၊တံဆိပ် ချီးမြှင့်ပွဲဖြစ်တာကြောင့် ဝေဖန်သူလည်းများသလို မေးခွန်းထုတ်မှုတွေလည်း ရှိနေတာပါ။
''အရင်ကတော့ ဒီဆုတံဆိပ်တွေက သားစဥ်မြေးဆက် ဂုဏ်ယူကြတာပေါ့ဗျာ။ အခုကတော့ အရင်နဲ့တော့ခြားနားနေမှာသေချာပါတယ်'' လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။








