ရုရှားတင့်ကားတွေ ယူကရိန်းမှာ ဘာလို့ အများကြီး ဆုံးရှုံးနေတာလဲ

ရေးသားခဲ့သည်။

ယူကရိန်းကို ရုရှားက ဝင်ရောက် ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ နှစ်လအတွင်းမှာ ရုရှားတင့်ကား ရာနဲ့ချီပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အနောက်နိုင်ငံတွေက ယူကရိန်းကိုပေးတဲ့ အဆင့်မြင့်တင့်ကားဖျက်လက်နက်တွေရဲ့ အစွမ်းကြောင့်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပြီး တင့်ကားတွေအသုံးပြုတဲ့ ရုရှားရဲ့ အားနည်းချက်ကိုလည်း ထောက်ပြကြပါတယ်။

ရုရှားတင့်ကား ဘယ်လောက်ပျက်စီး ဆုံးရှုံးနေပြီလဲ

ယူကရိန်းလက်နက်ကိုင်အဖွဲ့တွေအပြောအရတော့ ရုရှားတင့်ကား ၆၈၀ ကျော် ပျက်စီးသွားပြီလို့ သိရပါတယ်။

အလားတူ စစ်ပွဲဇုန်က ပေးပို့တဲ့ ဓာတ်ပုံတွေကိုအခြေခံပြီး ယူကရိန်းစစ်ပွဲမှာ ရုရှားရဲ့ စစ်ရေးဆုံးရှုံးမှုတွေကို တွက်ချက်နေတဲ့ စစ်တပ်နဲ့ ထောက်လှမ်းရေးဘလော့ဂ်တစ်ခုဖြစ်တဲ့ Oryx ကလည်း ရုရှား တင့်ကားအစီးရေ ၄၆၀ ကျော်နဲ့ တခြားသံချပ်ကာယာဉ် ၂၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အတည်ပြုပါတယ်။

Rand ကော်ပိုရေးရှင်းနဲ့ IISS (အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးဌာန)ရဲ့ထုတ်ပြန်ချက်အရ ရုရှားနဲ့ယူကရိန်းစစ်ပွဲအစမှာ ရုရှားကအသုံးပြုနေတဲ့ ပင်မတိုက်ပွဲဝင်တင့်ကား စုစုပေါင်း ၂၇၀၀ လောက်ရှိတယ်ဆိုတာ သိရပါတယ်။

တင့်ဖျက်လက်နက်တွေ အစွမ်းဘယ်လောက်ရှိလဲ

ယူကရိန်းနဲ့ရုရှားစစ်ရေး ပဋိပက္ခအစပိုင်းမှာ အမေရိကန်က ယူကရိန်းကို ဂျာဗလင် Javelin တင့်ဖျက်ဒုံးကျည် ၂,၀၀၀ ကိုထောက်ပံ့ပေးခဲ့ပြီး အနည်းဆုံး နောက်ထပ် ၂,၀၀၀လည်းထပ် ပေးထားပါတယ်။

တင့်ကားရဲ့ အပျော့ဆုံးအပိုင်းဖြစ်တဲ့ တင့်ကားထိပ်ပိုင်းကို ဒုံးကျည်ထိမှန် ပေါက်ကွဲသွားအောင် ဂျာဗလင်ကပစ်ခတ်နိုင်တယ်လို့ ထုတ်လုပ်တဲ့ Lockheed Martin ကုမ္ပဏီရဲ့ အပြောအရ သိရပါတယ်။

ရုရှားတင့်ကားအများစုမှာ ဒုံးကျည်ဒဏ်ကိုခံနိုင်တဲ့ ကျည်အကာအကွယ်တွေ တပ်ဆင်ထား တာရှိပါတယ်။

ဒါပေမဲ့ ဂျာဗလင်မှာ ဒုံးကျည် ထိပ်ဖူးနှစ်ခုပါရှိပြီး တစ်ခုက ဒုံးကျည်ကာတွေကို ထိုးဖောက်ဖယ်ရှားလိုက်ပြီး ဒုတိယတစ်ခုက အောက်ကပေါ်လာတဲ့ တင့်ကားကိုယ်ထည်ကို ထိုးဖောက်နိုင်ပါတယ်။

ယူကေကလည်း တင့်ကားဖျက် ဒုံးကျည် (NLAW) အနည်းဆုံး ၃၆၀၀ ကို ယူကရိန်းကို ပို့ပေး ထားပါတယ်။

အဲ့ဒီလက်နက်က တင့်ကား ထိပ်ပိုင်း အကျော်လေးမှာ ပေါက်ကွဲသွားအောင် ဒီဇိုင်းထုတ် တီထွင်ထားတာဖြစ်ပါတယ်။

"ဂျာဗလင်နဲ့ အန်လော လက်နက်တွေက အလွန်အစွမ်းထက်တယ်။ ဒီလက်နက်တွေသာ အကူအညီမရရင် ယူကရိန်းအခြေအနေက အခုအခြေအနေနဲ့မတူတဲ့ ပုံစံမျိုးဖြစ်သွားလိမ့်"လို့ Royal United Services Institute (RUSI) က စစ်ပွဲဆိုင်ရာသုတေသီ နစ်ရေးနိုးက ပြောထားပါတယ်။

အမေရိကန်က ယူကရိန်းကို Switchblade တင့်ကားဖျက်ဒရုန်း အစင်း ၁၀၀ကို ပါ ထောက်ပံ့ပေးထားပါတယ်။

ကာမီကာဇေဒရုန်းလို့ လူသိများတဲ့ အဲ့ဒီဒရုန်းက လွှတ်တင်လိုက်တဲ့နေရာကနေ ပစ်မှတ်ရှိတဲ့ မိုင်ပေါင်းများစွာဝေးတဲ့နေရာကို ဒုံးကျည်ထိပ်ဖူးကိုသယ်ဆောင်သွားပြီး တင့်ကား ထိပ်ပိုင်းကို ထိအောင်ပစ် ဖျက်ဆီးနိုင်ပါတယ်။

ရုရှရဲ့ နည်းပရိယာယ် ဘယ်လို အားနည်းချက်ရှိလဲ

အခုအချိန်မှာ ရုရှားစစ်တပ်ဟာ တင့်ကားတွေ၊ ခြေလျင်တပ်ရင်းတွေ၊ အမြောက်တွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးအဖွဲ့ Batalion Tactical Groups (BTGs) က တဆင့် တိုက်ပွဲကို ဖော်ဆောင်နေတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်ရေးအဖွဲ့တွေရဲ့ ဖွဲ့စည်းပုံက ကွဲပြားနိုင်ပေမဲ့ ယေဘုယျအားဖြင့်ကြည့်ရင် အဲ့ဒီတပ်တွေမှာ သံချပ်ကာယာဉ်တွေအများကြီးပါပြီး ခြေလျင်တပ်အင်အားနည်းနည်းပဲရှိတာ တွေ့ရပါတယ်။

"ရုရှားမှာ စစ်ပွဲထဲကိုခေါ်လာတဲ့ တပ်ဖွဲ့ဝင် အနည်းငယ်ပဲ ရှိတယ်။ ဒါကြောင့် BTGs တပ်တွေဟာ ပစ်အားတွေအားကိုးနဲ့ တိုက်ခိုက်ရေး ယူနစ်ကို ဖန်တီးထားတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်" လို့ စိန့်အင်ဒရူး တက္ကသိုလ်က မဟာဗျူဟာ လေ့လာမှု ပါမောက္ခ ဖိလစ်အိုဘရိုင်ယန်က ပြောပါတယ်။

"အဲ့ဒီတပ်တွေက ပစ်အားတွေအများကြီးသုံး လျင်လျင်မြန်မြန်နဲ့နဲ့ တိုက်ခိုက်ဖို့ ဒီဇိုင်းထုတ် ထားတာပါ။ ဒါပေမဲ့ သံချပ်ကာ စစ်ကြောင်းတွေကို တိုက်ခိုက်ခံရရင် တုံ့ပြန်ဖို့ ခြေလျင်တပ်သားတွေ အကာအကွယ်ယူထားတာ အလွန်နည်းလွန်းတယ်။ ဒါကိုကြည့်ရင် ရုရှားစစ်တပ်ဟာ လက်သီးကောင်းပေမဲ့ မေးမကောင်းတဲ့ လက်ဝှေ့သမားလို ဖြစ်နေတယ်" လို့ ပြောပါတယ်။

ရုရှားက လေကြောင်းကင်းလှည့်မှုအားနည်းတဲ့အချက်ကလည်း ယူကရိန်းတပ်တွေက ရုရှားတင့် ကားစစ်ကြောင်းကို ချောင်းမြောင်းတိုက်ခိုက်မယ့် အနေအထားရဖို့ လွယ်ကူတယ်လို့ ပါမောက္ခ အိုဘရိုင်ယန်က ထပ်ပြောပါတယ်။

"ရုရှားဟာ ယူကရိန်းစစ်ပွဲ အစမှာ လေကြောင်း စိုးမိုးမှု မရခဲ့ဘူး။ အဲ့ဒါကြောင့် ယူကရိန်း စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို ကောင်းကင်ယံကနေ ကင်းလှည့်ထောက်လှမ်းလို့ မရပါဘူး။ ယူကရိန်းတပ်တွေ ခြုံခိုတိုက်ခိုက်မှုလုပ်ဖို့ အခြေအနေကောင်းရသွားပြီး ဒီနည်းနဲ့ ရုရှားစစ်တပ်တွေ ပျက်စီးမှု အများကြီးဖြစ်အောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုလိုတာပါ။ "

ရုရှားတပ်ရဲ့ အရည်အချင်းမပြည့်ဝမှု အခြေအနေ

Oryxအဖွဲ့ရဲ့ ကိန်းဂဏန်းတွေအရဆိုရင် ရုရှားနိုင်ငံဘက်က ဆုံးရှုံးသွားတဲ့ တင့်ကားအရေအတွက် ထက်ဝက်က ရန်သူကြောင့် ပျက်စီးတာ နဲ့ တခြားပျက်စီးတာတွေကြောင့် မဟုတ်ဘဲ သိမ်းပိုက်ခံရတာ သို့မဟုတ် စွန့်ပစ်သွားတာတွေကြောင့်ဖြစ်ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေက ရုရှားရဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အားနည်းချက်နဲ့ ရုရှားတပ်ဖွဲ့ တွေရဲ့ အရည်အချင်းမပြည့်မီမှုကို ထောက်ပြကြပါတယ်။

"ယူကရိန်းလယ်သမားတွေရဲ့ လယ်ထွန်စက်တွေက ရုရှားတင့်ကားတွေကို ဆွဲလာတဲ့ ဓာတ်ပုံတွေကို ခင်ဗျားလည်း မြင်ဖူးမှာပေါ့ " လို့ ပါမောက္ခ အိုဘရိုင်ယန်က ပြောပါတယ်။

"အဲဒီထဲက တချို့တင့်ကားတွေက လောင်စာဆီကုန်သွားလို့ စွန့်ပစ်ခဲ့တာ။ အဲဒါက ထောက်ပံ့ ပို့ဆောင်ရေး ချို့ယွင်းချက်ပဲ။တချို့ဆို နွေဦးရာသီထဲ ရွှံ့နွံထဲမှာ ပိတ်မိနေတယ်။ဘာလို့လဲဆိုတော့ အထက်အမိန့်အရ ရာသီအချိန်မှားပြီး ကျူးကျော်လာလို့လေ။"

"ရုရှား မြေပြင်တပ်ဖွဲ့တွေကို စစ်မှုမထမ်းမနေရစစ်မှုထမ်းခိုင်းတဲ့လူတွေ၊လူသစ်တွေနဲ့ ဖွဲ့စည်းထားတာပါ။အဲ့ဒါကြောင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ သူတို့တပ်တွေဟာ အရည်အသွေးနိမ့်တဲ့ တိုက်ပွဲဝင်တပ်ဖွဲ့တစ်ခု ဖြစ်နေတယ်"လို့ RUSIအဖွဲ့က နစ်ခ်ရေးနိုးကလည်း ထပ်ပြောပါတယ်။

"မောင်းရတာ မကောင်းတဲ့အတွက် တင့်ကားတော်တော်များများကို စွန့်ပစ်သွားကြတယ်။ တချို့တွေဆို တံတားပေါ်မှာပျက်ကုန်ကြတယ်။ တချို့က လမ်းကြောင်းချော်ပြီး မြောင်းထဲ ထိုးဆင်းသွားကြတယ်။ ရုရှားတပ်ဖွဲ့ဝင်တွေက သူတို့တပ်က စက်ပစ္စည်းတွေကို ကျွမ်းကျွမ်း ကျင်ကျင်မသုံးနိုင်ဘူးဆိုတာ တွေ့ရတယ်။ မကြာခဏဆိုသလို ရုရှားစစ်သားတွေဟာ သူတို့ယာဉ်တွေကို စွန့်ပစ်ပြီး ထွက်ပြေးကြတာတွေ့ရတဲ့အတွက် တိုက်ပွဲဝင်လိုစိတ် နည်းပါးတယ်ဆိုတာလည်း တွေ့ရတယ်။"

ယူကရိန်းအစိုးရက ရုရှားစစ်တပ်ကစွန့်ပစ်သွားတဲ့ စစ်သုံးယာဥ်တွေကို သတင်းပို့အပ်နှံဖို့ သူ့နိုင်ငံသားတွေ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။

ပြီးတော့ အဲဒီလို ရုရှားစစ်သုံးယာဥ်တွေလာအပ်သူတွေ အခွန်ကြေငြာဖို့မလိုဘူးလို့ ယူကရိန်းအာဏာပိုင်တွေက အတည်ပြု ထုတ်ပြန်ထားပါတယ်။