စစ်ကောင်စီရဲ့ ရွှေ နဲ့ ငွေကြေးစျေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးကော်မတီ အလုပ်ဖြစ်မှာလား

ရေးသားခဲ့သည်။

ဒေါ်လာ တရားမဝင်ကိုင်ဆောင် ရောင်းဝယ်တာတွေ၊ ဥပဒေမဲ့ ရောင်းဝယ်မှု လုပ်တာတွေ၊ဘဏ်က ငွေသားထုတ်ယူရာမှာ ရာခိုင်နူန်းယူပြီး အရောင်းအဝယ်လုပ်တာတွေကိုပါ တိုင်ကြားနိုင်တယ်ဆိုပြီး စစ်ကောင်စီက ဧပြီလ ၅ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါ တယ်။

နိုင်ငံခြားသုံးငွေနဲ့ ရတဲ့ဝင်ငွေတွေကို တစ်ရက်အတွင်း ကျပ်ငွေနဲ့ လဲလှယ်ရောင်းချရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို ဗဟိုဘဏ်က ဧပြီ ၃ ရက်နေ့က ထုတ်ပြန်လာခဲ့အပြီးမှာ အခုလို ထပ်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ရွှေနဲ့ ငွေကြေးစျေးနှုန်းတွေ တည်ငြိမ်အောင်ထိန်းကျောင်းဖို့ဆိုပြီး လုပ်ငန်းကော်မတီတစ်ရပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး ဒီကော်မတီကို တိုင်ကြားနိုင်တယ်လို့ အခုပြောလာတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံတွင်းကနေ ပြည်ပကို တရားဝင် ကုန်သွယ်မှုကနေ ကုန်ပစ္စည်းတင်ပို့သူတွေဟာ ဘဏ်တွေကို ငွေတွေပြန်ဝင်လာရင် စျေးကွက်ပေါက်စျေးထက် ၁၀ ရာခိုင်နူန်းလောက်နည်းတဲ့ တစ်ဒေါ်လာ ၁၈၅၀ ကျပ်ပမာဏနဲ့ တူညီတဲ့မြန်မာငွေ ရရှိမှာဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ဟာ ကုန်သွယ်မှုကရငွေရော ကုန်သွယ်မှုကမဟုတ်တဲ့ရငွေပါ အကျုံးဝင်ပြီး ဒီညွှန်ကြားချက်မတိုင်မီ ဖွင့်လှစ်ထားတဲ့ နိုင်ငံခြားငွေစာရင်းတွေလည်း အကျုံးဝင်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။

အခု ထုတ်ပြန်ချက်အတိုင်းဆိုရင် စစ်ကောင်စီရဲ့ စောင့်ကြည့်မှုတွေကို ရှောင်ပြီး မှောင်ခိုရောင်းဝယ်မှုတွေ ပိုပြီးများလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ဒါ့အပြင် သိန်းနှစ်ရာအထက် မြေနဲ့ကားအရောင်းအဝယ် တွေကို ဘဏ်ကနေပဲ ငွေပေးချေဖို့ သတ်မှတ်ချက်ကို ဖောက်ဖျက်ရင်လည်း တိုင်ကြားနိုင်တယ်လို့ အဲ့ဒီအဖွဲ့ကတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ဒီဟာကလည်း ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ ရွှေနဲ့ ငွေကြေးဈေးကွက်ကို စောင့်ကြည့် စိစစ်တာတွေပြုလုပ်မယ့် ကော်မတီရဲ့ လုပ်ငန်းစဥ်တွေထဲမှာ ပါနေပါတယ်။

ပြည်တွင်းက မြေနဲ့ကားအရောင်းအဝယ် တွေကို ဘဏ်ကနေပဲ ငွေပေးချေတဲ့ ကန့်သတ်ချက်ကိုတော့ လက်ငင်းငွေထုတ်လို့ရတဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျော်လွှားပြီး လုပ်နေကြတယ်လို့ ရန်ကုန်မြို့က ပြီးခဲ့တဲ့ရက်ပိုင်း တိုက်ခန်းအရောင်းအဝယ် လုပ်ခဲ့သူတစ်ဦးက ပြောပါတယ်။

စီးပွားရေးပညာရှင်တွေကတော့ စျေးကွက်ကို အခုလိုဝင်ထိန်းတာဟာ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ရှုမြင်ကြပါတယ်။

မြန်မာ‌ငွေကို လူတွေက ယုံကြည်မှုမရှိဘဲ ရွှေနဲ့‌ဒေါ်လာကိုပဲ လိုက်ဝယ်နေတာကို မြန်မာငွေကို ယုံကြည်မှုပြန်ရအောင်လုပ်မှပဲ ရမယ် ဥပဒေထုတ်ပြီး လိုက်ထိန်းတာ အဖြေမဟုတ်ဘူးလို့ စီးပွားရေးဆောင်းပါးတွေ ရေးသားနေတဲ့ သန်းစိုး (ဘောဂဗေဒ) ကပြောပါတယ်။

နိုင်ငံခြားငွေအကောင့်ထဲက ငွေတွေကို ငွေလဲနှုန်း ၁၈၅၀ ကျပ် နဲ့ တစ်ရက်အတွင်း ရောင်းရမယ်လို့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ပြီး ဒေါ်လာအကောင့်တွေကို ထိန်းချုပ်ခဲ့တာဖြစ်ပြီးတော့ တစ်ပြိုင်ထဲမှာ အရေးယူဖမ်းဆီးမှုတွေနဲ့ ငွေကြေးစျေးကွက်ကို ထိန်းချုပ်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။

စျေးကွက်လိုအပ်ချက်ကို ဘဏ်တွေက မဖြည့်ဆည်းပေးနိုင်သရွေ့ ပြင်ပစျေးကွက်က ပျောက်သွားမှာမဟုတ်ဘူးလို့ ငွေကြေးစျေးကွက်ထဲက အရောင်းအဝယ်သမားတစ်ဦးက ပြောပါတယ်။

ကျောင်းတက်မယ့်သူတွေ စာမေးပွဲဖြေဖို့ ဒေါ်လာလိုသူတွေက ဒီကနေ့ ဧပြီလ ၅ ရက်နေ့က တစ်ဒေါ်လာ ၂၀၅၀ ကျပ်နဲ့ ဝယ်ခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဗဟိုဘဏ်က ဖွဲ့ခဲ့တဲ့စောင့်ကြည့်အဖွဲ့ဟာ ရွှေဈေးကွက် ၊ ငွေကြေးဈေးကွက် အရောင်းအဝယ်လုပ်တာတွေကို စောင့်ကြည့်မှာဖြစ်သလို နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရှိတဲ့ ဘဏ်တွေ ၊ ငွေလဲကောင်တာတွေ ရဲ့ ငွေစာရင်းအသွင်းအထုတ်ကိုလည်း စောင့်ကြည့်မယ်လို့ ပြောခဲ့ပါတယ်။

ဒီလိုအဖွဲ့မျိုး ဖွဲ့စည်းပြီး စောင့်ကြည့်အရေးယူတာဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်က ပုံစံအတိုင်းဖြစ်တယ်လို့ ဝေဖန်မူတွေလည်း ရှိခဲ့ပါတယ်။

ငွေစက္ကူဖျက်သိမ်းတဲ့ သမိုင်းကြောင်းရှိခဲ့ဖူးတဲ့အပြင် နိုင်ငံရေးမတည်ငြိမ်မှုလည်းများတဲ့ မြန်မာနိုင်ငံမှာ ဒေါ်လာနဲ့ ရွှေ ကို ဝယ်ယူစုဆောင်းမှုတွေ အာဏာသိမ်းပြီးနောက်မှာ ပိုပြီးများပြားခဲ့ပါတယ်။

အစိုးရအဆက်ဆက် ပြင်ပငွေကြေးစျေးကွက်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်အထိ ပပျောက်သွားတာ မရှိသေးပါဘူး။