သေနတ်နဲ့အမြောက်ကျည်တွေကြား အချိန်မတိုင်ခင် ကြွေလွင့်သွားသော ကြယ်ပွင့်လေးများ

ရေးသားခဲ့သည်။

မွန်ပြည်နယ် ၊ ဘီးလင်းမြို့ ရွှေရောင်ပြကျေးရွာနားက ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်တွေရဲ့ ယာဉ်တွေကနေ လမ်းဘေးက ခြုံတွေဘက်ကို ပစ်ခတ်နေတာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင် ရိုက်ကူးထားတယ်ဆိုတဲ့ ဗီဒီယိုဖိုင်ဟာ မတ် ၃၀ ရက်မှာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ယာဉ်တွေနဲ့မလှမ်းမကမ်းမှာ သုံးဘီးယာဉ် နှစ်စီး ရပ်ထားတာလည်း တွေ့ရပါတယ်။

အဲ့ဒီထဲမှာ ဆဲဆိုသံ၊ တရစပ်ပစ်ခတ်သံတွေနဲ့အတူ ကြားလိုက်ရတာကတော့ "ကလေးကို ထိတယ်၊ ကလေးကို ထိတယ်။""ရတယ်၊ ရတယ်၊ ဘာမှမဖြစ်ဘူး" "ကလေးရှိတယ် ပြောတယ်။ လှုပ်နေတယ်။ ခြုံထဲမှာရှိတယ်။ ပစ်ကွာ။ ရွာကို မီးရှို့ပစ်ကွာ။ " "ကလေးဆို မလုပ်နဲ့ ကလေးဆို မလုပ်နဲ့။ မိန်းမနဲ့ကလေးတွေရှိတယ်။ " "သုံးဘီးကဖြစ်နိုင်တယ်။ ကလေးဆို ခေါ်တင်လိုက်၊ ကလေးလည်း အထင်သေးလို့မရဘူး။"ဆိုတဲ့ စကားတွေပါပဲ။

အဲ့ဒီပစ်ခတ်မှုတွေ အပြီးမှာတော့ လမ်းဘေးမှာရပ်ထားတဲ့ သုံးဘီးယာဉ်ပေါ်က အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းနဲ့ အသက် ၉ နှစ်အရွယ် မောင်ညီညီဇော်ထက်တို့ သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ ကလေးနှစ်ယောက်ဟာ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တွေ လှမ်းပစ်နေတဲ့ သုံးဘီးယာဉ်မှာ ပါလာတဲ့ကလေးတွေဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဲ့ဒီသုံးဘီးယာဉ်က သေဆုံးသွားတဲ မောင်ညီညီဇော်ထက်ရဲ့ဖခင်ကားဖြစ်ပြီး မောင်နှမတွေ၊ မိသားစုတချို့ ဘုန်းကြီးကျောင်းကိုသွားတဲ့လမ်းမှာ ဒီဖြစ်ရပ်ကို ရင်ဆိုင်ခဲ့ရတာပါ။

မောင်ကြယ်စင်မင်းနဲ့ မောင်ညီညီဇော်ထက်တို့အပါဝင် ကလေး၊ အမျိုးသမီးနဲ့ အမျိုးသား စုစုပေါင်း ၁၁ ယောက်ပါတယ်လို့ သူတို့မိသားစုဝင်နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

လမ်းမှာ ရော်ဘာခြံဘက်ကနေ အပြန်လှန်ပစ်ခတ်သံတွေကြားလို့ သုံးဘီးကားကိုရပ်ပြီး ဆင်းပြေးကြတဲ့အခါ လူကြီးတွေနဲ့ ပြေးနိုင်တဲ့ကလေးတွေက လမ်းဘေးက မြောင်းထဲကို ပြေးနိုင်ခဲ့ပေမဲ့ မောင်ကြယ်စင်မင်းနဲ့ မောင်ညီညီဇော်ထက်တို့က မပြေးနိုင်ခဲ့ပါဘူး။

"စစ်တပ်က အစီးရေ ၂၀ လောက်ရှိတယ်။ တရစပ်ပစ်တာ။ ကိုးနှစ်သားကောင်လေးရဲ့အဖေက တခြားကလေးတွေကို ကျည်လွတ်အောင် တံတားအောက်ကို ဆွဲထည့်နေတာ၊ သူ့ခေါင်းပေါ်မှာလည်း ကျည်တွေ ဖြတ်ဖြတ်သွားတာ။ ပထမ ကိုးနှစ်သားလေးကို အရင်ထိသွားတယ်။ အဲ့ဒါကို ခြောက်နှစ်သားလေးက ကောင်လေးအဖေကို လှမ်းအော်ပြောတာ။ သူ့အဖေက တက်ဆွဲမလို့လုပ်နေတုန်း ခြောက်နှစ်သားလေးပါ ထပ်ထိသွားတာ။ ကလေးတွေမှန်းသိရက်နဲ့ကို ပစ်တာဗျာ " လို့ ဒီဖြစ်ရပ်တွေကို သေချာသိတဲ့ ဒေသခံတစ်ယောက်က ပြောပြပါတယ်။

စစ်ကောင်စီတပ်တွေ ထွက်သွားတဲ့အချိန်မှာ ကလေးနှစ်ယောက်ကို သွားကြည့်တဲ့အခါ ကိုးနှစ်အရွယ် မောင်ညီညီဇော်ထက်မှာ လက်၊ ဗိုက် အပါဝင် ကျည်ဒဏ်ရာ ခြောက်ချက်တွေ့ရပြီး နေရာတင်သေဆုံးသွားပါတယ်။

အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းကတော့ ဆီးခုံထိထားတဲ့ဒဏ်ရာရှိနေပြီး စကားပြောနိုင်တဲ့အခြေအနေရှိခဲ့ပေမဲ့ ယာဉ်လမ်းကြောင်းတွေ ပိတ်ခံထားရတဲ့အတွက် လူနာတင်ယာဉ်တွေလည်း ရောက်မလာနိုင်လို့ ၄၅ မိနစ်လောက် စောင့်ခဲ့ရပါတယ်။ လူနာတင်ယာဉ်နဲ့ ဆေးရုံကိုအပို့မှာပဲ သွေးထွက်လွန်ပြီး သေဆုံးသွားရပါတယ်။

ကလေးတွေကို မတ် ၃၀ ရက်မှာပဲ သင်္ဂြိုဟ်ခဲ့ပါတယ်။ မောင်ကြယ်စင်မင်းရဲ့ မိဘတွေကတော့ ပြည်ပနိုင်ငံတစ်ခုမှာ အလုပ်သွားလုပ်နေတဲ့အတွက် သားဖြစ်သူရဲ့နာရေးကို မလိုက်ပါနိုင်ခဲ့ပါဘူး။

အဲဒီဗီဒီယိုဖိုင်ဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်တယ်ဆိုတဲ့ သက်သေတစ်ခုဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံက တွဲဖက်အထွေထွေ အတွင်းရေးမှူး လွေးပိုးငယ်က ပြောပါတယ်။

"သူတို့ကိုယ်တိုင်ရိုက်ပြီး တင်တာက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာကို ဖော်ပြတာနဲ့အတူတူပဲ။ ဒီပြစ်မှုတွေသည် စစ်ရာဇဝတ်မှုတွေဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံတကာဥပဒေနဲ့ စီရင်ဖို့လိုအပ်တယ် "လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ရိုက်ထားတဲ့ ပစ်ခတ်နေတယ်ဆိုတဲ့ ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ဒါက ဗီဒီယိုဖိုင်တစ်ခုကြောင့် လူသိများခဲ့ရတဲ့ အကြောင်းအရာပါ။ အင်တာနက် ဖြတ်တောက်ခံရပြီး ရွာတွေမီးရှို့ခံနေရ၊ စစ်ကြောင်းထိုးခံနေရတဲ့ စစ်ကိုင်းတိုင်းထဲမှာဆိုရင်လည်း ကလေးငယ်တွေ ကျည်ထိမှန်လို့ သေဆုံးရတာတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ အင်တာနက်ဖြတ်တောက်ခံထားရတာကြောင့် ကျယ်ကျယ်ပြန့်ပြန့် မသိနိုင်ခဲ့ကြပါဘူး။

ပြီးခဲ့တဲ့ မတ် ၁၉ ရက်မှာပဲ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာကို ဘောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်တာမဟုတ်ဘဲ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်တဲ့ အိမ်ကို ကျရောက်ပေါက်ကွဲပြီး အသက် ၃ နှစ်အရွယ် မောင်ဇော်ဖြိုးကိုနဲ့ အလုပ်သမား မသီတာမြင့်တို့ နေရာတင် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကလေးနဲ့ မသီတာမြင့်ကို အရပ်ကပဲ ဝိုင်းသင်္ဂြိုဟ်လိုက်ရတယ်။ ကလေးမိဘနှစ်ယောက်လုံးလည်း ဒဏ်ရာတွေရတယ်။ မသီတာမြင့်ညီမ မသီတာလင်းကလည်း ခြေထောက်နှစ်ချောင်းပြတ်သွားတယ်။ သူတို့ကဆေးရုံသွားနေတော့ အရပ်ကပဲ ကူပေးလိုက်ရတာပေါ့" လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒဏ်ရာတွေရလို့ ဆေးရုံပို့လိုက်ရတဲ့ ကလေးမိခင်နဲ့ အလုပ်သမား မသီတာလင်းကလည်း ဆေးရုံမှာပဲ ရထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းထဲကပဲ ရေဦးမြို့နယ် ၊ ထန်းဘဲလှရွာမှာ ပြီးခဲ့တဲ့ မတ် ၂၂ ရက်က တိုက်ပွဲဖြစ်တာမဟုတ်ဘဲ ရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်ပြီး ဝင်လာတာကြောင့် ထွက်ပြေးပုန်းရှောင်နေတဲ့ အသက် ရှစ်နှစ်အရွယ် မောင်ညီယံဖြိုးဟာ သေဆုံးသွားပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်လို့ ရွာသားတွေနဲ့အတူတူ မောင်ညီယံဖြိုးတို့သားအမိတွေ မန်ကျည်းပင်အနားမှာ ဝပ်ပြီးပုန်းနေကြပါတယ်။

"ပစ်တာကလည်း ဒိုင်းဒိုင်း ဒိုင်း၊ အုန်း အုန်း အုန်း ၊ ဖြောင်းဖြောင်းဆိုတော့ ဟိုပြေးရမလို ဒီပြေးရမလိုနဲ့ ၊ ကလေးကလည်း ဝပ်နေတာ ၊ ကျွန်မလည်း ဝပ်နေတာ၊ အပစ်ခံရပြီး ၂ မိနစ်လောက်အကြာတော့ သားလေးကို ရွှေ့ဦးမှပါဆိုပြီး သားလေး လာလာ ဆိုပြီးကောက် မ လိုက်တော့ မလှုပ်တော့ဘူး။ ကျွန်မလည်း မကြောက်တော့ပါဘူး။ စစ်သားတွေကို ကျွန်မကလေးတက်သွားလို့ လုပ်ပါဦးပြောတာ ကိုယ့်ဘာသာကိုယ် နှာမှုတ်တဲ့ ဒါလေးတောင် မလုပ်တတ်ဘူးလားဆိုပြီး ပြောတယ်။ အဲထဲမှာပါတဲ့ ဆေးတပ်သားက နှလုံးရောဂါရှိလားတဲ့။ ကျွန်မကလေးက ဖျားတောင် မဖျားဖူးဘူးပြောတာ နှလုံးရောဂါနဲ့သေတယ်လို့ ပြောသွားတာ။ "

ငြိမ်သက်နေတဲ့ သားအလောင်းကို ရင်ခွင်မှာပိုက်ပြီး စစ်တပ်က ရွာကိုပြန်ခွင့်ပြုတဲ့အချိန်မှာ မောင်ညီယံဖြိုးမိခင်နဲ့ရွာသားတွေ ပြန်ခွင့်ရကြပါတယ်။

လက်မောင်းနဲ့ ချိုင်းအောက်က ခါးနားမှာ ပဲနီစေ့အရွယ် ဒဏ်ရာလေးတစ်ခုတွေ့ပြီး ကလေးကိုရွာထဲပြန်ထမ်းခေါ်လာတဲ့အခါမှာ နှာခေါင်းနဲ့ ပါးစပ်တွေကနေ သွေးတွေ တရစပ်စီးကြလာခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

"အဲ့အဖွဲ့ကို စိတ်နာတယ်။ သူတို့သာမလာရင် ကလေးမသေဘူး။ ကလေးကလည်း ကြောက်တတ်တာ။ သူတို့လာပြီဆိုတာနဲ့ အမေခေါ်၊ အထုတ်ဆွဲပြီးပြေး၊ အခုလည်း ပြေးရင်းနဲ့ကို ဖြစ်သွားတာ" လို့ မောင်ညီယံဖြိုးမိခင်က ပြောပါတယ်။

နောက်ပြီး မတ် ၂၉ ရက်မှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကူတုပ်ကျေးရွာကို ခမရ ၂၅၆ က လက်နက်ကြီးနဲ့ ပစ်တာကြောင့် ငါးနှစ်အရွယ် ကလေးအပါဝင် မိသားစုသုံးယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၉ ခုနှစ် ဇူလိုင်မှာ ထုတ်ပြန်တဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ကလေးသူငယ်တွေဟာ အသက်ရှင်သန်ရန် မွေးရာပါ အခွင့်အရေးဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဖော်ပြချက်မှာတော့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို ကလေးငယ်တွေကို ကိုယ်လက်အင်္ဂါပျက်စီးစေတာ၊ ဒါမှမဟုတ် သတ်ဖြတ်တာ ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေကို ကျူးလွန်မယ်ဆိုရင် ပြစ်မှုကျူးလွန်တာဖြစ်တယ်လို့ ဖော်ပြထားတာပါ။

ကျူးလွန်တဲ့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို ပြစ်မှုကျူးလွန်ရာရောက်တဲ့အကြောင်း၊ ကလေးငယ်များအပေါ် ချိုးဖောက်သူတွေဟာ စစ်မှုထမ်းတပ်မတော်သားတွေဖြစ်ပါက စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးအရ အရေးယူနိုင်အောင် လွှဲပြောင်းပေးရမယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူတွေကို လက်နက်စွဲကိုင်တော်လှန်သူတွေနဲ့အတူတူထားပြီး စနစ်တကျတိုက်ခိုက်နေတာတွေကို တွေ့နေရတဲ့အကြောင်း၊ ဒီကျူးလွန်သူတွေကို အမိန့်ပေးနေတဲ့သူတွေနဲ့ လက်တွေ့အကောင်ထည်ဖော်နေတဲ့သူတွေအားလုံးကို အပြစ်ပေးအရေးယူဖို့ ဒီတော်လှန်ရေးက အောင်မြင်ဖို့အရေးကြီးတယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူ ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

"ဒီလိုစစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ပေါ်မှာ ကျူးလွန်တဲ့ရက်စက်မှုတွေကို အခုချိန်မှာ ကျူးလွန်လို့ရနေပေမဲ့ နောင်တချိန်မှာ ဒီလူတွေက ဘယ်လိုမှ ရာဇဝတ်ဘေး ပြေးမလွတ်အောင် အားလုံးက ကြိုးစားနေပါတယ်"လို့ ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ အထိ တစ်နှစ်အတွင်းမှာ အမျိုးသမီး ၁၅၀ ကျော်နဲ့ ကလေးငယ်ပေါင်း ၁၀၀ ကျော်ဟာ အသတ်ခံလိုက်ရတာဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့ချုပ်( မြန်မာနိုင်ငံ)ကနေ သိရပါတယ်။

"ကလေးနဲ့အမျိုးသမီးတွေကို စစ်ကောင်စီက ပစ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာပြောပြော၊ သတ်ဖြတ်တာပြောပြော ကျွန်မတို့က အမြဲထောက်ပြခဲ့တာပေါ့နော်။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့က နိုင်ငံတကာ ဖိအားတွေလိုတယ်"လို့ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တွဲဘက်အထွေထွေ အတွင်းရေးမှူး လွေးပိုးငယ်က ပြောပါတယ်။

ကလေးငယ်တွေဟာ နိုင်ငံတစ်ခုအတွက် အနာဂတ်ကြယ်ပွင့်လို့ ခိုင်းနှိုင်းကြပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ ကလေးတွေ သတ်ဖြတ်ခံနေရတာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ရင်လေးစရာအခြေအနေဖြစ်နေတယ်လို့လည်း သုံးသပ်ကြပါတယ်။