ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်တပ်က အိမ်ထဲထိဝင်ပစ်လို့သေသွားတဲ့ ၇ နှစ်အရွယ်သမီးငယ်
ခင်မျိုးချစ်ဟာ ကလေးငယ်လေးတဦးပါ။ အသက် ၇ နှစ်အရွယ်နဲ့သေဆုံးခဲ့ပါတယ်။ လုံခြုံရေးတွေကအိမ်ထဲအထိဝင်ပြီး သေနတ်နဲ့ပစ်လို့ သေသွားတာပါ။ နောက်ကျောကနေ ကျည်ဆံဖောက်ဝင်ပြီး ဗိုက်ပွင့်သွားပါတယ်။ သူ့အဖေရဲ့ရင်ခွင်ထဲက ကလေးငယ်ကို လုံခြုံရေးကပစ်သွားတာပါ။
ဖြစ်ပျက်ပုံအသေးစိတ်ကို ခင်မျိုးချစ်ရဲ့ အစ်မကြီးကပြန်ပြောပြပါတယ်။
“မတ်လ ၂၃ ရက် ညနေခင်း။ အချိန်က ၃ နာရီခွဲ ၄ နာရီမတ်တင်းပတ်ဝန်းကျင်ပါ။”
“မန္တလေးမြို့အောင်ပင်လယ်ရပ်ကွက်က ကျွန်တော်တို့လမ်းထဲကို ဆိုင်ကယ်တွေဝင်လာကြတယ်။ ဆိုင်ကယ်တစီးကို လုံခြုံရေး အဖွဲ့သား ၃ ယောက်စီ စီးလာကြတယ်။ နောက်မှာလည်း ကားအစီး ၂၀ လောက်လိုက်လာပါတယ်။ လမ်းထဲမှာရှိတဲ့ အိမ်တွေထဲကို လူခွဲပြီးဝင်ကြတယ်။ တအိမ်ကို ၅ ယောက်၊ ၆ ယောက်၊ ၇ ယောက်စသည်ဖြင့် ဝင်လာကြတယ်။ အိမ်တံခါးတွေကို ကန်ဖွင့်ကြတယ်။ တံခါးဖွင့်ပေး၊ ဖွင့်ပေး၊ ဖွင့်ပေးလို့ အော်ကြတယ်။ ကျွန်တော်တို့အိမ်က တံခါးပွင့်သွားပြီး သူတို့တွေ အိမ်ထဲရောက်လာကြတယ်။ အမေတို့ လူကြီးတွေထိုင်ရာကထလိုက်တော့ တယောက်မှ မထနဲ့ငြိမ်ငြိမ်နေကြလို့ သူတို့တွေက သေနတ်နဲ့ချိန်ပြီးပြောပါတယ်။”
“မိသားစု အားလုံးကြမ်းပြင်ပေါ်မှာ ငြိမ်ငြိမ်ကလေးထိုင်ပေးကြရတယ်။ အသက် ၇ နှစ်အရွယ် ညီမလေး ခင်မျိုးချစ်ဟာ ကြောက်လွန်းလို့ အဖေကို ဖက်ငိုတယ်။ အဖေက ခင်မျိုးချစ်ကို ဖက်ထားတယ်။”
“အိမ်ရှိတဲ့လူဒါအကုန်ပဲလားလို့ လုံခြုံရေးတွေကမေးပါတယ်။ အဖေက ဒါအကုန်ပဲလို့ပြန်ဖြေပါတယ်။ သူတို့တွေက မယုံလို့ အိမ်ထဲမှာလိုက်ရှာတယ်။ အိမ်ပေါ်က ဘေးပြတင်းတံခါးတွေကိုဖွင့်ကြည့်တယ်။”
“ကျွန်တော်တို့မိသားစု အိမ်မှာရှိတဲ့လူဒါအကုန်ပါပဲဆရာတို့ရယ်လို့အဖေကပြောပါတယ်။ အဲဒီစစ်သားကလေ မျက်လုံးတွေကရဲနီနေတာ။ သရဲဘီလူးစီးသလိုဖြစ်နေတာ။ မတရားကြီး တအားကြီးကြမ်းတမ်းတဲ့ပုံစံမျိုးဖြစ်နေတာ။ ကျွန်တော်တို့ သိပ်ကြောက်နေတာပေါ့နော။ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတယ်။”
“အဖိုးကြီး ခင်ဗျားလိမ်တယ်လို့ စစ်သားကပြောတယ်။ အဲသလိုပြောပြီး မောင်လေးကျော်နိုင်လင်းကို ဆွဲခေါ်တယ်။ မောင်လေးကျော်နိုင်လင်းက အသက် ၁၉ နှစ်ရှိပါပြီ။ ကလေးလေးခင်မျိုးချစ်က အပါး သမီးကြောက်တယ်၊ ကြောက်တယ်လို့ပြောပြီး ရင်ခွင်ထဲတိုးဝင်တယ်။ အဖေက ကလေးကို မကြောက်နဲ့ သမီးမကြောက်နဲ့လို့ ချော့နေချိန်မှာ မောင်လေးကို အတင်းဆွဲခေါ်တယ်။ မောင်လေးကိုဆွဲပေမဲ့ ကလေးက ရင်ခွင်ထဲမှာရှိနေလို့ အဖေက ချက်ချင်းမထနိုင်ဘူး။”
“အဲသလိုဖြစ်နေချိန်မှာ အဖိုးကြီး ခင်ဗျားလိမ်တယ်လို့ပြောပြီး ရင်ခွင်ထဲက ကလေးကို သေနတ်နဲ့လှမ်းပစ်သွားတာပါပဲ။”
၇ နှစ်သမီးအရွယ် အစ္စလာမ်ဘာသာဝင် ကလေးငယ် ခင်မျိုးချစ်ကို လုံခြုံရေးအဖွဲ့ဝင်က ပစ်ခတ်ခဲ့ပုံအကြောင်း အစ်မကြီးဖြစ်သူက ပြန်ပြောပြတာပါ။
လုံခြုံရေးအဖွဲ့ဝင်တွေက အသက် ၁၉ နှစ်အရွယ် ကိုကျော်နိုင်လင်းကို ဆွဲခေါ်သွားကြပါတယ်။ ကိုကျော်နိုင်လင်းကို သေနတ်ဒင်တွေနဲ့ရိုက်နှက်ပြီးခေါ်သွားတာပါ။
“မောင်လေးလည်း သေနတ်ဒင်တွေနဲ့ အရိုက်ခံရလို့ ခေါင်းမှာရော၊ ပါးစပ်ထဲတွေရောသွေးတွေနဲ့ ရဲပတောင်းခတ်နေတာပါပဲ။ အိမ်ပေါ်ကနေ ဒရွတ်တိုက် ဆွဲခေါ်သွားတာပါပဲ။ ကျွန်တော်တို့ကလည်း ဒီတဖက်မှာ ကလေးသောကနဲ့ဖြစ်နေတာ၊ ကျွန်တော်တို့မောင်လေးကို ဘယ်ခေါ်လို့ ဘယ်ခေါ်သွားပြီး ဘာတွေဖြစ်မှန်းမသိ ဖြစ်သွားတယ်” လို့ သူရဲ့အမကြီးဖြစ်သူကပြောပါတယ်။
ကလေးကို တမင်သေသေချာချာချိန်ပစ်တာလားလို့ ရှင်းလင်းသေချာအောင် သတင်းထောက်ကမေးတဲ့အခါမှာ “ဟုတ်ကဲ့။ ဟုတ်ပါတယ်။ အဲသလိုဖြစ်သွားတာပါ”လို့ ခင်မျိုးချစ်ရဲ့အစ်မကြီးက ပြန်ဖြေပါတယ်။
လုံခြုံရေးတွေ အိမ်ကထွက်ကာနီးမှာ မိသားစုဝင်တွေ အကုန်လုံးကို ခြေထောက်နဲ့ ကန်ကျောက်သွားရာမှာ ၄ တန်းကျောင်းသားလေးတွေပါ စစ်ဖိနပ်နဲ့ အကန်ခံခဲ့ရတယ်လို့လည်းဆိုပါတယ်။
ကိုကျော်နိုင်လင်းကိုသာမက ရပ်ကွက်ထဲက လူငယ်တွေအကုန်လုံးကို ရိုက်နှက်ခေါ်သွားခဲ့တယ်လို့လည်းဆိုပါတယ်။ အားလုံးလူငယ် ၁၀ ယောက်နဲ့ ၁၅ ယောက်ကြားရှိမယ်လို့ ဆိုပါတယ်။ အချုပ်ကားပေါ်ကို ဖမ်းဆီးခေါ်ဆောင်သွားတာ မြင်ရပေမဲ့ အိမ်ရှေ့မထွက်ရဲလို့ အရေအတွက် အတိအကျကိုတော့ မသိခဲ့ဘူးလို့ ဆိုပါတယ်။
လုံခြုံရေးတွေက သေနတ်မှန်ထားတဲ့ကလေးကိုပါတောင်းပါတယ်။ “ကလေးခေါ်ပြီး အိမ်ပေါ်က ဆင်းခဲ့”လို့ပြောပါတယ်။
အဲဒီအချိန်မှာပဲ ရပ်ကွက်ထဲက လူငယ်တွေကို လိုက်လံဖမ်းဆီးရာမှာ လူငယ်တချို့က ထွက်ပြေးကြပါတယ်။ ထွက်ပြေးတဲ့လူငယ်တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးရာမှာ လက်တွေ ၊ ခြေတွေမှာ ဒဏ်ရာရသွားတဲ့သူတွေရှိတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်အတွင်း မန္တလေးမြို့သစ်၊ အောင်ပင်လယ်၊ မြနန္ဒာနဲ့ မနော်ဟရီ ရပ်ကွက်တွေမှာ လူထုဆန္ဒပြပွဲတွေကို စစ်တပ်က အကြီးအကျယ်ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ သေဆုံးသူလည်း အများအပြားရှိခဲ့ပါတယ်။ အခုအောင်ပင်လယ်ရပ်ကွက်ထဲကို စစ်တပ်၊ရဲနဲ့ လုံခြုံရေးအဖွဲ့တွေ ဝင်ရောက်လာတာဟာလည်း စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လုံခြုံရေးအဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ လမ်းထဲမှာရှိတဲ့ ကျန်းမာသန်စွမ်းသူ လူငယ်မှန်သမျှကို တအိမ်တက်ဆင်း လိုက်လံဖမ်းဆီးချင်တာ ဖြစ်ပုံရပါတယ်။
လူငယ်တွေထွက်ပြေးတာကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး ခင်မျိုးချစ်ရဲ့ ဖခင်က ကလေးကို တခြားတဖက်ကနေ ခေါ်ပြီးထွက်ပြေးပါတယ်။ ဆေးရုံကို ခေါ်သွားပါတယ်။ ဒါပေမဲ့ လမ်းမှာပဲ ကလေးသေဆုံးသွားပါတယ်။
ဆေးရုံရောက်ချိန်မှာ ကလေးဟာ အသက်မဲ့နေပါပြီ။
ဆေးရုံမှာ ခင်မျိုးချစ်ကို ကြည့်ရှုရတဲ့ တာဝန်ကျဆရာဝန်ဆိုသူက facebook မှာ အခုလို ရေးသားခဲ့ပါတယ်။
“ခွဲစိတ်ဆရာဝန်ဘဝ ဒုတိယအကြိမ် မျက်ရည်ကျရသောနေ့။ ခုမှအသက် ၇ နှစ်လေးပဲရှိသေးတဲ့ကလေးလေးကို
ဘယ်လိုနှလုံးသားနဲ့များ ပစ်သတ်ရက်တာလဲဗျာ။ အိမ်ထဲမှာနေနေတဲ့ကလေးလေးကို ဝင်ပစ် သတ်ရက်လောက်အောင်ကို လူစိတ်မဲ့နေကြပြီ။ အသက်မပါလာတဲ့ကလေးလေး ကိုယ့်ဆီရောက်လာတဲ့အချိန်မှာ လူရိုင်းလို့ လူမိုက်လို့ ကိုယ့် ဆရာတွေက သတ်မှတ်တာခံခဲ့ရတဲ့ ခွဲစိတ်ဆရာဝန်လူကြမ်းကြီး ကျွန်တော်ဟာ လူတွေမမြင်အောင် မျက်ရည်စတွေထိန်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။”