ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နေရပ်ပြန် အမ်းစစ်ရှောင်တွေရဲ့ အိမ်တွေပျက်နေ၊ ထောက်ပံ့ငွေနဲ့ မလုံလောက်ဘူးလို့ဆို
အမ်းမြို့နယ်အတွင်းက လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က နေရပ်စွန့်ခွာလာခဲ့ကြတဲ့ စစ်ဘေးရှောင်တွေထဲက လူဦးရေ သုံးထောင်ကျော်ဟာ မတ်လ ၂၉ ရက် မနေ့ကမနက်ပိုင်းမှာ သူတို့ရဲ့နေရပ်ရင်းတွေကို ပြန်လည်ရောက်ရှိခဲ့ကြပြီဖြစ်တယ်လို့ ကာယကံရှင်တွေက ပြောဆိုကြပါတယ်။
အမ်းမြို့ပေါ်က ပဲပဒုံစခန်း၊ အားကစားရုံစခန်းတွေအပြင် မြို့ပေါ်ရပ်ကွက်တွေမှာ မိမိအစီစဉ်နဲ့နေထိုင်ခဲ့ကြတဲ့ စစ်ဘေးရှောင်အိမ်ထောင်စုပေါင်း ၃၀၇ စု၊ လူဦးရေ ၁၃၈၁ ဦးတို့ကို ကုန်းလမ်းကနေ မော်တော်ယဉ် ၁၈ စီးနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
နေရပ်ပြန်သွားခဲ့ကြတဲ့ စစ်ဘေးရှောင်တွေဟာ အမ်းမြို့နယ်အတွင်းက ကဇူးကိုင်းနဲ့ ဒါးလက်ကျေးရွာအုပ်စုနှစ်ခုက ချင်းနဲ့ ရခိုင်လူမျိုးတွေဖြစ်ကြပြီး ကျေးရွာပေါင်း ၁၆ ရွာလောက်က ဖြစ်တယ်လို့ နေရပ်ကိုပြန်လည်ရောက်ရှိနေတဲ့ ဒါးလက်ကျေးရွာသား ဦးမင်းထွန်းခိုင်က ပြောပါတယ်။
စစ်ဘေးရှောင်အဖြစ်နဲ့ ၂ နှစ်ကျော်ထွက်ပြေးနေခဲ့ရရာကနေ အခုနေရပ်ရွာကိုပြန်ရောက်လာတဲ့အချိန်မှာ နေအိမ်တွေပျက်စီး နေပြီဖြစ်ပြီး တစ်ရွာလုံးမှာ ပြုပြင်ရမယ့်အရာတွေကိုပဲ တွေ့မြင်လာရတယ်လို့ သူကပြောပါတယ်။
နေရပ်ပြန်သူတွေကို ပြည်နယ်ကောင်စီက ကျပ်ငွေ ငါးသိန်းနဲ့ လူကယ်ပြန်က တစ်သိန်းစီထောက်ပံ့ကူညီပေးထားတယ်လို့ ပြည်နယ်ကောင်စီက ပြောဆိုထားပါတယ်။
လတ်တလောမှာ သူတို့ကိုထောက်ပံ့ပေးလိုက်တဲ့ ငွေငါးသိန်းဟာ နေအိမ်တွေပြုပြင်တည်ဆောက်ရမှာနဲ့ စားရေးသောက်ရေးတွေအတွက် ဘယ်လိုမှ မလုံလောက်နိုင်ဘူးလို့ ပြောဆိုကြပါတယ်။
"တချို့လူတွေမှာကျတော့ အိမ်တွေမရှိတော့တာလည်း တွေ့ရတယ်။ တချို့အိမ်တွေကတော့ တိုက်ပွဲရှောင်အနေနဲ့ ၂နှစ်နေခဲ့ရတော့ ရာသီဥတုဒဏ်တွေနဲ့လည်း ပျက်စီးသွားတာပေါ့။ အဲ့ဒီငွေတွေနဲ့ လုံလောက်မှုတော့မရှိနိုင်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်ပြီးတော့ နေကြရမှာပေါ့"လို့ ဒါးလက်ကျေးရွာသား ဦးမင်းထွန်းခိုင်က ပြောပါတယ်။
မနေ့ကနေရပ်ပြန်ခဲ့ကြတဲ့သူတွေဟာ ဒါးလက်ချောင်းထဲမှာရှိတဲ့ အလယ်ကျွန်း၊နတ်မော်၊ မီလာဒုံ၊ ရှမ်းကုန်း၊ အနောက်ရွာ၊ တောင်ရွာ၊ မြောက်ရွာ၊ ညောင်ချောင်း၊ မော်စွန်း၊ လကျ်ာကုန်း စတဲ့ကျေးရွာပေါင်း ၁၆ ရွာလောက်က လူတွေ ဖြစ်ကြပါတယ်။
နေရပ်ပြန်ပို့ပေးခဲ့တဲ့ စစ်ဘေးရှောင်တွေဟာ ပဲပဒုံ အမှတ်(၁)တိုက်ပွဲရှောင်စခန်းက အိမ်ထောင်စု ၄၆ စု၊ အမှတ် (၅) ရပ်ကွက် အမှတ်(၂)တိုက်ပွဲရှောင်စခန်းက အိမ်ထောင်စု ၁၀၆ စု၊ လေယာဉ်ကွင်းရပ်ကွက် ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ နေထိုင်ကြတဲ့ တိုက်ပွဲရှောင်အိမ်ထောင်စု ၃၈ စု၊ ဈေးရပ်ကွက် ဆွေမျိုးနေအိမ်တွေမှာ နေထိုင်ကြတဲ့ တိုက်ပွဲရှောင် အိမ်ထောင်စု ၇၅ စုနဲ့ ကမ်းဒိတ်ဓမ္မာရုံမှာ နေထိုင်ကြတဲ့ တိုက်ပွဲရှောင် အိမ်ထောင်စု ၆ စု၊ စုစုပေါင်း တိုက်ပွဲရှောင် အိမ်ထောင်စု ၃၀၇ စု၊ လူဦးရေ ကျား ၆၇၂ ဦး၊ မ ၇၀၉ ဦး စုစုပေါင်း ၁၃၈၁ ဦးတို့ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီကျေးရွာသားတွေဟာ လက်ရှိမှာတိုက်ပွဲတွေမရှိတော့ဖြစ်သလို နေရပ်စွန့်ခွာလာခဲ့ကြတာလည်း ကြာမြင့်နေပြီဖြစ်တဲ့အတွက် မိမိတို့နေရပ်ကို ပြန်လည်သွားရောက်နေထိုင်ခွင့် တောင်းဆိုထားတဲ့သူတွေ ဖြစ်ကြပါတယ်။
အမ်းမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေကို နေရပ်ပြန်ပို့ပေးတာ သုံးကြိမ်ရှိပြီဖြစ်ပြီး စစ်ဘေးရှောင်တွေကို အတင်းအဓမ္မနေရပ်ပြန်ခိုင်းတာမျိုးမဟုတ်ဘဲ သူတို့သဘောနဲ့သူတို့ပြန်ဖို့တင်ပြလာတဲ့ကျေးရွာသားတွေကိုပဲ ပို့ဆောင်ပေးနေတာဖြစ်တယ်လို့ ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ပြောဆိုထားပါတယ်။
"ကိုယ့်အိမ်ကိုယ် ပြန်ရောက်လို့ ကိုယ့်အိမ်မှာနေရတော့ ပျော်တာပေါ့။ အားလုံးအဆင်ပြေပါတယ်"လို့ ရှမ်းကုန်းကျေးရွာသား ဦးသာညွန့်က ပြောပါတယ်။
ထောက်ပံ့ငွေဟာ နေအိမ်ပြုပြင်ဖို့ ဖြစ်ပြီး၊ သုံးလစာလောက်အတွက် ရိက္ခာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ ရွာသားတွေကို ပေးဖို့ ပြောကြားထားကြောင်း ပြည်နယ်ကောင်စီဘက်က ပြောပေမဲ့ ရိက္ခာဆက်ထောက်ပံ့ပေးမယ့်အကြောင်း ရွာသားတွေကို ပြောဆိုထားတာ မရှိသေးဘူးလို့ ပြောင်းရွှေ့သူတွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေကို WFP/ICRC နဲ့ လူကယ်ပြန်တို့က ထောက်ပံ့ပေးခဲ့ရာကနေ အခုလကစပြီး လူကယ်ပြန်က ထောက်ပံ့ပေးတဲ့ဆန်ရိက္ခာတွေကို ဖြတ်တောက်လိုက်ပြီဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။