ဇေကမ္ဘာဦးခင်ရွှေသားအဖ ဖမ်းဆီးခံထားရ

ရေးသားခဲ့သည်။

မြန်မာနိုင်ငံရဲ့ ထိပ်တန်းသူဌေးကြီးတဦးဖြစ်တဲ့ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင်ဦးခင်ရွှေနဲ့သားဖြစ်သူ ဦးဇေသီဟတို့ မနေ့ မတ်လ ၂၂ ရက် ညနေပိုင်းကစပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သူတို့နှစ်ဦးကို ဗဟန်းရဲစခန်းမှာထိန်းသိမ်းပြီး အင်းစိန်ထောင်ကို ပို့ဆောင်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်‌ပေါ်လာခဲ့တဲ့အတွက် အကျဉ်းဦးစီးဌာနကို ဘီဘီစီက မေးမြန်းကြည့်တဲ့အခါမှာတော့ ငြင်းဆိုခဲ့ပါတယ်။

"ထောင်ထဲမှာမရှိဘူး။ ကျွန်တော်တို့ဆီဘယ်သူမှရောက်မလာဘူး"လို့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်ရွှေက ‌အခုလို ဖြေကြားခဲ့တာပါ။

သူတို့မိသားစုနဲ့ သက်ဆိုင်ရာရဲစခန်းတို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေပေမဲ့ လတ်တလော ဖြေကြားကြခြင်း မရှိသေးပါဘူး။

ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကို စုံစမ်းရသမျှ သတင်းတွေအရ သူ့တို့နှစ်ဦး ဖမ်းဆီးခံထားရတယ်ဆိုတာ သိရပြီး ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရပါဘူး။

ဒါကြောင့် ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဦးခင်ရွှေတို့ သားအဖ လတ်တလော ဘယ်မှာ ရောက်နေတယ်ဆိုတာကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဘာကြောင့်တရားစွဲဆိုထားတာလဲ

ဇေကမ္ဘာကုမ္ပဏီ ပိုင်ရှင်ဦးခင်ရွှေကို ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ - ၂၄ နဲ့ ဗဟန်းရဲစခန်း မှာအမှုဖွင့်ထားပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီးတစ်ဦးက တရားလိုလုပ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်မှာ တိုင်ကြားတယ်လို့ လူမှုကွန်ရက်မှာ ပြန့်လာတဲ့ ရဲမှတ်တမ်းအရ သိရပါတယ်။

အဲ့ဒီမှတ်တမ်းအရ ၂၀၁၄ ခုနှစ် ကတည်းက ဇေကမ္ဘာကုမ္ပဏီနဲ့ စစ်ထောက်ချုပ်ရုံးတို့ လက်မှတ်ရေးထိုးပြီး ဗဟန်းမြို့နယ်၊ ပုလဲလမ်းမှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပိုင်မြေဧက ၁၃ ဧက ကျော် နဲ့ အဲ့ဒီမြေပေါ်က အဆောက်အအုံတွေကို ဟိုတယ်လုပ်ငန်းတွေ ဆောင်ရွက်ဖို့ဆိုပြီး ငှားရမ်းခဲ့တာပါ။

နှစ်ဖက်သဘောတူညီချက်အရ မြေအသုံးချခနဲ့ မြေငှားရမ်းခတွေကို (၁)လအတွင်း (၂၀)ရာခိုင်နှုန်း၊ (၆)လအတွင်း (၂၀)ရာခိုင်နှုန်း၊ (၁)နှစ်ပြည့်ရင် (၂၀)ရာခိုင်နှုန်း၊ (၁၈)လပြည့်ရင် (၂၀)ရာခိုင်နှုန်းနဲ့ Grand Opening ဖွင့်ရက်မတိုင်မီ (၇)ရက်အတွင်း (၂၀)ရာခိုင်နှုန်းပေးဖို့ ကြိုတင်သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ ဇေကမ္ဘာ ကုမ္ပဏီဘက်ကနေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆.၅၅၂၈ သန်းသာပေးသွင်းပြီး စည်းကမ်းချိုး ဖောက်တယ်လို့ ရဲမှတ်တမ်းမှာ ပါရှိပါတယ်။

ဒါ့အပြင် မြေငှားချထားသူရဲ့ ခွင့်ပြုချက်မပါဘဲ နိုင်ငံခြားကုမ္ပဏီတခုဖြစ်တဲ့ Hunan Land Oversea Real Estate Development ကုမ္ပဏီနဲ့ ပူးပေါင်းကာ ကြီးမားတဲ့ မြေပြုပြင်မှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ကာကွယ်ရေးဝန်ကြီးဌာနပိုင် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံတွေဖြစ်တဲ့ မြို့တော်ဝန်အိမ်ဟောင်း( House C) နဲ့ မြို့တော်ဝန်ဧည့်ဂေဟာ (House D) အပါအဝင် (၄)လုံးကို ဖြိုဖျက်ခဲ့တာ ကြောင့် ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ - ၂၄နဲ့ တရားစွဲဆိုတာလို့ ဖော်ပြထားပါတယ်။

အတည်မပြုနိုင်တဲ့သတင်းတွေထွက်ပေါ်

ဒီကနေ့မတ်လ ၂၃ ရက် ညနေပိုင်းမှာတော့ ဦးခင်ရွှေပိုင်တဲ့ ဇေကမ္ဘာရှေးဟောင်းပြတိုက်က ဝန်ထမ်းတွေကို ပါဖမ်းဆီးစစ်ဆေးတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဘီဘီစီကို သတင်းပြောပြသူတွေကတော့ ဒါဟာ ကောလဟာလသတင်းဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

လက်ရှိဇေကမ္ဘာမိသားစုအခြေအနေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူ ဦးခင်ရွှေရဲ့ ချွေးမဖြစ်သူ၊ ဦးဇေသီဟရဲ့ ဇနီး သရုပ်ဆောင် နန္ဒာလှိုင်ကို ဘီဘီစီက ညနေ ၇ နာရီဝန်းကျင်အထိဆက်သွယ်နေ ပေမဲ့ ပြန်လည်ဖြေကြားမှုမရှိပါဘူး။

နန္ဒာလှိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ဒီကိစ္စနဲ့ပတ်သက် ပြီး တစုံတရာမှတ်ချက်ပေးတာမျိုးမတွေ့ရပါဘူး။

ဒါပေမဲ့ နန္ဒာလှိုင်ရဲ့ မောင်ဖြစ်သူ စိန်ဖြိုးလှိုင်ရဲ့ ဖေ့ဘုတ်စ် စာမျက်နှာပေါ်မှာတော့ ယောက်ဖဖြစ်သူ ဦးဇေသီဟနဲ့တွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံတင်ထားပြီး ဘေးကင်းကြဖို့ ဆုတောင်းထားတဲ့မှတ်ချက်တွေကိုသာ တွေ့နေရပါတယ်။

ဒါ့အပြင် ဘီဘီစီဘက်က လေ့လာကြည့်တဲ့အခါမှာတော့ ဇေကမ္ဘာကုမ္ပဏီရဲ့ တရားဝင်လူမှုကွန်ရက်စာမျက် နှာတွေသာမက ဇေကမ္ဘာဦးခင်ရွှေ ဒေါ်လာသန်းဆယ်ချီသုံးကာ ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကရှေးဟောင်းပြတိုက် (ဇေကမ္ဘာပြတိုက်)ရဲ့ တရားဝင်စာမျက်နှာတွေကိုပါ အင်တာနက်ပေါ်မှာ ရှာဖွေလို့ မတွေ့တော့ပါဘူး။

လက်ရှိဇေကမ္ဘာဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗဟန်းရဲစခန်းကိုရော၊ ရဲမှတ်တမ်းမှာပါရှိတဲ့ တရားလို ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မိုးအပါအဝင် အမှုစစ် ဗဟန်းရဲစခန်းဒုရဲမှူး ထွန်းထွန်းဦးရဲ့ ဖုန်းနံပါတ်တွေကိုပါ ညနေ ၆ နာရီအထိဆက်သွယ်နေပေမဲ့ ပြန်လည်ဖြေကြားမှု မရှိပါဘူး။