မုန်တိုင်းအာစနီကြောင့် ကမ်းခြေတချို့ယာယီပိတ်

ရေးသားခဲ့သည်။

မြန်မာနိုင်ငံကို ဦးတည်လာနေတဲ့ မုန်တိုင်းအာစနီဟာ မတ်လ ၂၁ ရက် ညနေပိုင်းအချိန်အထိတော့ အားကောင်းတဲ့မုန်တိုင်းငယ်အဆင့် မှာ ရှိနေသေးပြီး ကိုကိုးကျွန်းအနီးကနေ ဧရာဝတီမြစ်ဝကျွန်းပေါ်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေဖြစ်ပါတယ်။

ဒါကြောင့် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ လိမ္မော်ရောင်အဆင့်လို့ သတ်မှတ်ထားပါတယ်။

ကမ်းခြေတွေကိုယာယီပိတ်ထား

ဒီမုန်တိုင်းဘေး ကြိုတင်ကာကွယ်ဖို့ ဧရာဝတီတိုင်း စစ်ကောင်စီကတော့ ငွေဆောင်နဲ့ ချောင်းသာကမ်းခြေတွေကို ယာယီပိတ်ထားပြီ ဖြစ်ပါတယ်။ ပုသိမ်မြို့နယ်တွင်းက ငွေဆောင်ကမ်းခြေမှာတော့ မတ်လ ၂၀ ရက်က စလို့ အပျော်စီးရေယာဉ်တွေ မောင်းခွင့် ပိတ်ခဲ့ပြီး မတ်လ ၂၁ ရက်မှာတော့ ဧည့်သည်တွေကို ကမ်းစပ်ပေးမဆင်း၊ ရေဆင်းဆော့တာတွေမလုပ်ဖို့ စတင်တားမြစ်ထားသလို ကမ်းခြေက စားသောက်ဆိုင်တွေကိုလည်း မုန်တိုင်းပြီးမယ့်အချိန်အထိ ဆိုင်ခန်းတွေရက်နားထားဖို့ တာဝန်ရှိသူတွေက လိုက်လံကြေညာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဒေသက ကမ်းနီး၊ ကမ်းဝေးငါးဖမ်းသင်္ဘောတွေလည်း ကမ်းကပ်ထားပြီလို့ဆိုပါတယ်။

ဒီကနေ့မနက်ပိုင်းစလို့ ကမ်းခြေမှာရေငြိမ်နေပြီး လှိုင်းအနည်းငယ်သာရှိတော့သလို လေတိုက်နှုန်းလည်း သိသိသာသာလျော့နည်း သွားပြီလို့သိရပါတယ်။

"မြောက်လေမတိုက်တော့ဘူး။ ရာသီဥတုက နုသွားပြီ။ အခုညကောင်းကင်က မှောင်နေတယ်၊ ကြယ်တွေလည်းမမြင်ရတော့ဘူး။ မိုးကတော့ဖွဲဖွဲလေးကျနေပြီ။ ရေကငြိမ်ကျနေတော့၊ အရှိန်ယူနေပြီထင်တယ်"လို့ ငွေဆောင်ကမ်းခြေမှာ အစားအသောက်ရောင်းချသူတစ်ဦးက ကမ်းခြေရာသီဥတုအခြေအနေကို ပြောပါတယ်။

ဒီကမ်းခြေတွေက ဧည့်သည်တချို့လည်း မုန်တိုင်းသတင်းကြောင့် ဒီကနေ့မှာ တဖွဲဖွဲပြန်နေကြပြီဖြစ်သလို တိုင်းစစ်ကောင်စီဘက်ကလည်း ဧည့်သည်အဝင် လက်မခံတော့ဘူးလို့ ဒေသအခြေစိုက် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မုန်တိုင်းသတင်းကိုမျက်ခြေမပြတ်ဖို့ သတိပေးနေကြပါတယ်။

နောက်ထပ် ကမ်းခြေဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေမှာတော့ ဧည့်သည်တွေကိုသောင်ပြင်နဲ့ ကမ်းစပ်မဆင်းဖို့ ဟိုတယ်တွေကို ဒီကနေ့ကစပြီး ညွှန်ကြား ထားပါတယ်။ ဧည့်သည်တွေကိုပြန်လွှတ်တာမျိုးတော့ မရှိဘူးလို့ ငပလီဟိုတယ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

မုန်တိုင်းဟာ လာမယ့် ၂၄ နာရီအတွင်း ဟိုင်းကြီးကျွန်းနားကို ရောက်လာနိုင်တဲ့ သတိပေးသုံးသပ်ချက်တွေကြောင့် မုန်တိုင်းလမ်းကြောင်းနဲ့ အနီးဆုံးဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသက ဒေသခံတွေလည်း ဘေးလွတ်ရာကို ရွာလုံးကျွတ် စပြောင်းနေကြပါတယ်။ နာဂစ်မုန်တိုင်းဒဏ်ကို အဆိုးဆုံးခံရဖူးပြီ လူသိန်းချီသေဆုံးခဲ့တဲ့ ဧရာဝတီတိုင်း ကဒုံကနိမြို့နယ်ထဲက ကျေးရွာငယ်လေးတွေကတော့ ဒီကနေ့မတ်လ ၂၁ ရက်ကစလို့ ဘေးလွတ်ရာ ပြောင်းရွေ့နေကြပါပြီ။

မြစ်ကမ်းနားတလျှောက် က ကျေးရွာပေါင်း ၂၀ လောက်ဟာ ရပ်ရွာလူကြီးတွေရဲ့အစီအစဉ်နဲ့ပြောင်းနေရတာရှိသလို ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ ပြောင်းနေရတဲ့ ရွာတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ နာဂစ်အလွန်မှာ ဆောက်ထားခဲ့တဲ့ မုံတိုင်းခိုလှုံရာ shelter တွေရှိရာ စာသင်ကျောင်းတွေဆီကို ပြောင်းရတာဖြစ်ပြီး လက်ရှိမုန်တိုင်း သတိပေးချက်အတွက် ကယ်ဆယ်ရေးအစီအစဉ်တွေ လုပ်ထားတာတော့ မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

"တရွာလုံး စက်လှေတွေနဲ့ ရွှေ့နေကြပြီ။ အိမ်ထက်စာရင် shelter တွေက ပိုလုံခြုံတာပေါ့။ စိုးရိမ်ရလွန်းလို့ ဒီမှာ ဗြောင်းသတ်နေပြီ။"လို့ နာဂစ်ဒဏ်လည်းကြုံခဲ့ရဖူးတဲ့ ကဒုံကနိမြို့နယ်နေ အမျိုးသမီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မုန်တိုင်းအထူးဂရုစိုက်ကြဖို့သတိပေးနေ

မုန်တိုင်းအာစနီရဲ့ လက်ရှိအခြေအနေဟာ နောက်တဆင့်ကိုတက်ပြီး အားကောင်းတဲ့မုန်တိုင်းငယ်အဖြစ် ပြောင်းနေပြီး နာရီပိုင်းအတွင်းမှာပဲ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ဖို့ ရှိနေတယ်လို့မိုးလေဝသပညာရှင်တွေက ဒီကနေ့မတ်လ ၂၁ ရက်ညနေပိုင်းမှာ ခန့်မှန်းပြောဆိုထားပါတယ်။။

ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်အနီးကနေ မြောက်ဘက်ကိုဆက်ရွှေ့လျားနိုင်ပြီး မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီး၊ မတ်လ ၂၃ ရက် မနက်ပိုင်းမှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီး ကနေ ဖြတ်ကျော်ဝင်ရောက်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။

"အဓိကကတော့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး ဟိုင်းကြီးကျွန်းနားကိုရောက်မယ့် ၂၂ ရက်နေ့ကတော့ အထူးသတိထား ရမယ်။ အဓိကက ဧရာဝတီတိုင်းဒေသကြီးပါ၊ မုန်တိုင်းလမ်းကြောင်းနဲ့ အနီးဆုံးလေ"လို့ ဒီမုန်တိုင်းရဲ့ အခြေအနေကို မိုးဇလက ညွှန်ကြားရေးမှူး ဦးလှထွန်းက သုံးသပ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ဘက်က ဒေသခံအများစုကတော့ မုန်တိုင်းကာ အဆောက်အဦအသစ်တွေ ရှိပေမဲ့ အရင်က ဆောက်ထားတာတွေဖြစ်တာကြောင့် လုံလောက်မူနဲ့ ခိုင်ခန့်မှုမရှိမှာကို ထောက်ပြနေကြပါတယ်။

ဒါ့အပြင် ပြည်သူတွေကြားမှာ ဒီမုန်တိုင်းနဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်ပြီး အားနည်းနေသလို နိုင်ငံရေးအခြေအနေကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေ ကူညီနိုင်စွမ်း လျော့ကျနေချိန်မှာ ဘေးအန္တရာယ်ကျရောက်လာမှာကို လည်း စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။

စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘက်ကရော လက်ရှိ မိုးဇလပညာရှင်တွေရဲ့ သတိပေးချက်တွေနဲ့ နိုင်ငံတဝန်း သဘာဝဘေးအန္တရာယ် အတွက် ကြိုတင်ကာကွယ်မှုတွေ ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်ထားလဲ ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မတ်လ ၂၁ ညနေပိုင်းအထိ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။