ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာပြည်ကိုဦးတည်လာတဲ့ မုန်တိုင်းအာစနီ
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ လာမယ့် နှစ်ရက်အတွင်းမှာ ဆိုင်ကလုံးမုန်တိုင်းအဖြစ်ကို ပြောင်းလဲရောက်ရှိလာမှာပါ။
ဒီမုန်တိုင်းဟာမြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သန်းပြီး ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းကိုဝင်ရောက်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ မတ်လ (၂၀)ရက်နေ့အထိ မုန်တိုင်းငယ်အဖြစ်သာ သတ်မှတ်ထားပြီး လာမယ့် နှစ်ရက်အတွင်းမှာ ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ပြောင်းလဲနိုင်သလို၊ မုန်တိုင်းငယ်အဖြစ်ပဲလည်း ဆက်ရှိနိုင်ပြီး မတ်လ (၂၂)ရက် နေ့မနက်ပိုင်းမှာ ဟိုင်းကြီးကျွန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသအနီး ဖြတ်သန်းကာ၊ အဲဒီညနေမှာပဲ ရခိုင်ကမ်းရိုးတန်းကို ရောက်ရှိမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးဦးစီးဌာနက ဒီကနေ့ ညနေပိုင်းမှာထုတ်ပြန်ထားပါတယ်။
မြစ်ဝကျွန်းပေါ်ဒေသ သတိထားသင့်
ရခိုင်ကမ်းရိုးတန်းကို ဦးတည်နေပေမဲ့ မုန်တိုင်းဖြတ်မယ့် မြစ်ဝကျွန်းပေါ်ဒေသကို အနေနဲ့ မုန်တိုင်းဘေးကို ပိုမိုသတိထားသင့်တယ်လို့ ပြောပါတယ်။
"မုန်တိုင်းလမ်းကြောင်းအရတော့ မြန်မာနိုင်ငံတခုလုံးက မုန်တိုင်းရဲ့လက်ယာဘက်မှာရှိတော့ အကုန်လုံးက သတိထားရမယ့်အပိုင်းပေါ့။ မြစ်ဝကျွန်းပေါ်ကတော့ ပိုပြီးတော့ သတိထားရမယ့်အပိုင်းပါ။ မုန်တိုင်းက ကမ်းကိုဝင်ရင်က အားပျော့ပျက်ပြယ်သွားနိုင်ပေမဲ့ ကပ်ပြီးဖြတ်မှာဖြစ်တဲ့အတွက် မြစ်ဝကျွန်းပေါ် ဒေသကတော်တော် သတိထားရမယ်" လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ဘီဘီစီကို ရှင်းပြပါတယ်။
ဟိုင်းကြီးကျွန်း၊ ငွေဆောင်၊ ချောင်းသာ စတဲ့ဒေသတွေအပြင် မုန်တိုင်းရဲ့ ယာဘက်ရပ်ဝန်းအတွင်းရှိနေတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မုန်တိုင်းဖြတ်သန်းချိန် တစ်နာရီကို အနည်းဆုံး ၄၅မိုင်နှုန်းနဲ့ တိုက်ခိုက်နိုင်သလို၊ ရုတ်တရက်တိုက်ခိုက်နိုင်တဲ့ လေပြင်းတွေကလည်း တစ်နာရီကို အနည်းဆုံး မိုင် ၆၀နှုန်းနဲ့ တိုက်ခိုက်နိုင်တယ် လို့ ဦးလှထွန်းက ခန့်မှန်းပါတယ်။
မုန်တိုင်းအသိပေးမှု အားနည်းနေ
နာဂစ်ဒဏ်ကြောင့် လူဦးရေ တစ်သိန်းကျော်သေဆုံးခဲ့ဖူးတဲ့ မြစ်ဝကျွန်းပေါ်ဒေသရဲ့ အချို့နေရာတွေမှာတော့ မုန်တိုင်းကာအဆောက်အဦတွေရှိပေမယ့် လက်ရှိမုန်တိုင်း ဦးတည်ဖြတ်သန်းနိုင်တဲ့ နေရာတွေထဲက ငွေဆောင်ဒေသမှာတော့ မုန်တိုင်းကာအဆောက်အဦတွေမရှိသလို၊ မြေပြင်မှာလည်း မုန်တိုင်းအသိပေးမှု အားနည်းနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ မုန်တိုင်းဘေးကြိုတင်ပြင်ဆင်မှုအပေါ် သွေးအေးနေကြတယ်လို့ ငွေဆောင်ဒေသခံတစ်ဦးက ပြောပါတယ်။
မတ်လ ၂၀ ရက် ညနေ (၄)နာရီအချိန်မှာတော့ ဧရာဝတီတိုင်းဒေသကြီးက မအူပင်မြို့ဘက်မှာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ တစ်နာရီကြာရွာသွန်းခဲ့ပါတယ်။ နေပူနေတုန်းရုတ်တရက် လေတိုက်ကာ မိုးသည်းတာကြောင့် ဒေသခံတွေအကြား စိုးရိမ်စိတ်ပိုတိုးနေကြပါတယ်။
"အစပိုင်းမိုးမရွာခင် လေတွေတော်တော်တိုက်တာဗျ၊ အခုငြိမ်သွားပြီ။ မုန်တိုင်းကြေညာထားတော့ ဘယ်အချိန်ပြန်လာမလဲစိုးရိမ်မှုတော့ရှိတယ်ဗျ။"လို့ မအူပင် ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ကမ်းရိုးတန်းဒေသတစ်ခုဖြစ်တဲ့ တနင်္သာရီတိုင်း၊ မြိတ်မြို့မှာလည်း ညနေစောင်းပိုင်းမှာ မိုးကြီး လေကြီး ရွာသွန်းခဲ့ပြီး ည(၇)နာရီဝန်းကျင်မှာတော့ ရာသီဥတု တည်ငြိမ်နေသေးတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ငါးဖမ်းသင်္ဘော၊ စက်လှေတွေကိုတော့ သတိထားဖို့ ဆော်သြထားတယ်လို့ ငါးလုပ်ငန်းရှင်တွေကပြောပါတယ်။
အခု ဒီမုန်တိုင်းအကြောင်းကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ပညာရှင်တွေရဲ့ခန့်မှန်းချက်တွေကို အားထားကာ စောင့်ကြည့်နေပြီး ပြည်သူချင်းသာ ပြန်လည်အသိပေးနေရတဲ့ အခြေအနေမျိုး ရှိနေတယ်လို့လည်း မြစ်ဝကျွန်းပေါ်အပါအဝင် မုန်တိုင်းလမ်း ကြောင်းအတွင်းရှိနေတဲ့ နေရာအချို့က ဒေသခံတွေထံကသိရပါတယ်။
မတ်လ ၂၅ရက်နေ့အထိ သက်ရောက်မှုရှိနိုင်
ဘင်္ဂလားပင်လယ်အော်နဲ့ အာရေဗျပင်လယ်ဒေသနိုင်ငံတွေပါဝင်တဲ့ အပူပိုင်းမုန်တိုင်း စောင့်ကြည့်ရေးအဖွဲ့က အမည်ပေးထားတဲ့ မုန်တိုင်း အာစနီကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရန်ကုန်၊ ပဲခူး အပြင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေ အပါအဝင် နိုင်ငံနေရာအနှံ့ အပြားမှာ မတ်လ ၂၁ရက်နေ့ကစလို့ မိုးကြီးတာ၊ လေပြင်း တိုက်တာ အပါအဝင် မုန်တိုင်းဆက်စပ်ဖြစ်စဉ် တွေက မတ်လ ၂၅ရက်နေ့အထိ သက်ရောက်မှုရှိနိုင်မယ်လို့လည်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။
ဒါဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးမြန်မာပြည်ကို ဦးတည်လာတဲ့မုန်တိုင်းဖြစ်သလို နိုင်ငံရေးအခြေအနေ ကြောင့်ရော အရပ်ဘက်ကူညီမှုလုပ်ငန်းတွေ အားနည်းနေချိန်မှာ ဒီမုန်တိုင်းအန္တရာယ်အတွက် ပြည်သူတွေ အကြား စိုးရိမ်မှုမြင့်တက်နေပါတယ်။ ပြည်သူတွေအနေနဲ့လည်း မုန်တိုင်းအန္တရာယ်ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ်လို့ မိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်။
မိုးဇလကလည်း မုန်တိုင်းက မြန်မာနိုင်ငံကို ဦးတည်နေတာကြောင့် လက်ရှိမှာ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး၊ နိုင်ငံကိုဖြတ်သန်းခါနီးမှာ အနီရောင်လို့ သတ်မှတ်သလို၊ ဖြတ်သန်းနေချိန်ကိုတော့ အညိုရောင်သတ်မှတ်ကာ၊ ဖြတ်သန်းပြီးချိန်ကိုတော့ အစိမ်းရောင်အဖြစ် မုန်တိုင်းအဆင့်တွေကို သတ်မှတ်လေ့ရှိပါတယ်။