မြန်မာစစ်ကောင်စီကအွန်လိုင်းထီကို လပိုင်းအတွင်း အကောင်အထည်ဖော်ဖို့ရှိနေ

ရေးသားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီဟာ အွန်လိုင်းထီ ဖွင့်လှစ် ရောင်းချတာကို လာမယ့်လတွေအတွင်းဖော်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အဲဒီလို အွန်လိုင်း ထီစနစ်ပေါ်လာဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ တခြားပြည်တွင်း ပြည်ပကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတယ်လို့ စီးပွားရေးသတင်းဌာန ဘလွန်းဘာ့ဂ်က သတင်းဖော်ပြပါတယ်။

အွန်လိုင်းထီစနစ်ကို လာမယ့် မတ်လ ဒါမှမဟုတ် ဧပြီလမှာ စတင်ဖို့ရှိပြီး စီစဉ်ထားတဲ့အတိုင်း အဆင်ပြေမယ်ဆိုရင် စောပြီး စတင်နိုင်မယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အွန်လိုင်းထီစနစ်ဟာ လက်ရှိ ရှိရင်းစွဲ အောင်ဘာလေထီရောင်းချမှုကို ဖြည့်စွက်မှုတစ်ခုဖြစ်လာမှာဖြစ်ပြီး ထီထိုးသူတွေဟာ ဘဏ်စာရင်တွေနဲ့တခြား တရားဝင်ငွေပေးချေမှုစနစ်တွေကို အသုံးပြု ဝယ်ယူနိုင်မယ်လို့လည်း သူက ပြောတယ်လို့ ဆိုပါတယ်။

အွန်လိုင်းငွေကြေးစီးဆင်းမှု ခက်ခဲနေတဲ့ အခုလိုအချိန်မှာ အွန်လိုင်းထီ ထပ်တိုးလုပ်ကိုင်တာဟာ နဂို ရှိနေပြီးသား ထီစနစ်ကို ပိုပြီး အခြေအနေ ဆိုးလာစေနိုင်တယ်လို့လည်း ထီကိုယ်စားလှယ်လုပ်ကိုင်သူတွေကြားမှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီလက်အောက် အောင်ဘာလေသိန်းဆုဌာနခွဲအနေနဲ့ ပြည်တွင်းထီ လုပ်ငန်း လုပ်ကိုင်နေသူတွေကို ပြီးခဲ့တဲ့လတွေက အစည်းအဝေးခေါ်ယူတွေ့ဆုံတာမျိုးရှိခဲ့ပြီး လက်ရှိထီကို အရင်လို ရောင်းအားပြန်တက်လာအောင်လုပ်ဆောင်ဖို့ နည်းလမ်းတွေကိုဆွေးနွေးခဲ့သလို အွန်လိုင်းစနစ်နဲ့ ထပ်တိုးရောင်းချဖို့ အသိပေးခဲ့တာမျိုးလည်းရှိခဲ့တယ်လို့ ထီလုပ်ငန်း လုပ်ကိုင်နေသူကိုယ်စားလှယ်တွေ ထံက သိရပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အာဏာသိမ်းစစ်တပ်အောက်ရောက်သွားတဲ့ ပြည်တွင်းအခွန်ဌာနက အောင်ဘာလေထီလုပ်ငန်းကနေ စစ်တပ်ကို အခွန်ငွေ မရောက်အောင်ဆိုပြီး ထီမထိုးတဲ့လှုပ်ရှားမှုတွေ ပြည်တွင်းမှာ ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုတွေကြောင့် ထီရောင်းအား ကျဆင်းခဲ့ပြီး အာဏာမသိမ်းခင် အရပ်သားအစိုးရက ကျပ်သိန်းပေါင်း တစ်သောင်းခွဲ အထိလစဉ် ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့ အောင်ဘာလေထီဟာ အာဏာသိမ်းပြီးနောက်မှာ အမြင့်ဆုံးဆု ကျပ်သိန်း ငါးထောင်သာ ချီးမြှင့်ထားနိုင်ပါတယ်။

လက်ရှိမှာ ထီလုပ်ငန်းဟာ ၂၀၂၀ ခုနှစ် အကုန်အထိ အထိ ပုံမှန်လည်ပတ်နေရာက ၂၀၂၁ မတ်လလောက်ကစပြီး တဖြည်းဖြည်း ရောင်းအားကျလာခဲ့ရာက အခုအချိန်မှာ ထီရဲ့ ရောင်းအားက မရှိသလောက်ကို လျော့နည်းသွားခဲ့ပြီလို့လည်း သိရပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီအခုထပ်တိုးမယ့် အွန်လိုင်းထီက ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ၅ ဖွဲ့လောက်ပေါင်းလုပ်မှာဖြစ်ပြီးတော့ စစ်ကောင်စီဆီကိုပဲ ငွေကြေးစီးဆင်းသွားမယ့်သဘောဖြစ်နေတဲ့အတွက် ထီကိုယ်စားလှယ်တွေအတွက် ခက်ခဲလာနိုင်တယ်လို့ ဝါရင့်ထီကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း ဝင်ငွေရရှိမှုအပိုင်းမှာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ လူထုဟာ အွန်လိုင်းထီထိုးတဲ့စနစ်ကို စိတ်ဝင်စားလာနိုင်ချေရှိတယ်လို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ယူဆပြောဆိုပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ လူစိတ်ဝင်စားအောင်လုပ်နိုင်ရင် အဆင်ပြေနိုင်ပေမယ့် လက်ရှိထီက ရောင်းအားကျနေတာရှိတော့ စောင့်ကြည့်မယ့်အနေအထားလို့ သုံးသပ်ပါတယ်။

''အခြေခံလူတန်းစားများတဲ့ ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ထီပဲအားကိုးစရာရှိနေတယ်။ အောင်မြင်မှာပါ။ အချိန်တော့စောင့်ရမယ်။ အရပ်သားအစိုးရလက်ထက်မှာလည်း အွန်လိုင်းထီလုပ်ဖို့ပြောထားတာ မအောင်မြင်ခဲ့တာဆိုတော့ အခု စစ်ကောင်စီ လုပ်တာ နောက်တောင်ကျနေသေးတယ်''လို့အဲဒီစီးပွားရေးပညာရှင်က ပြောပါတယ်။

အောင်ဘာလေ ထီထိုးနေကျအရပ်သား ထီဝါသနာရှင်တစ်ဦးကတော့ စစ်အာဏာသိမ်းပြီးနောက် သူကိုယ်တိုင်လည်းထီမထိုးတော့တာဖြစ်လို့ ''ဆိုင်မှာတောင်မဝယ်တာ အွန်လိုင်းကရောင်းလည်း ဝယ်မယ့်သူ မရှိနိုင်ဘူး''လို့ ပြောဆိုပါတယ်။

တဖက်မှာလည်း ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH က ဖွဲ့စည်းတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ဟာ အွန်လိုင်းထီစနစ်ကို ပြီးခဲ့တဲ့လတွေအတွင်း စတင် ရောင်းချခဲ့ပြီး ပါဝင်ကံစမ်းသူ များပြားခဲ့ပါတယ်။

အဲဒီလို ရောင်းအားကျဆင်းနေတဲ့ ပြည်တွင်းထီဈေးကွက်ကို အာဏာသိမ်းပြီးတစ်နှစ် ကျော်ကြာလာတဲ့အချိန်မှာပဲ အွန်လိုင်းထီစနစ်နဲ့ ထပ်တိုးလုပ်ကိုင်မယ်ဆိုတာကြောင့် အရင်းအနှီးကြီးပြီး အမြတ်မရှိတဲ့ အခြေအနေကို ထပ်ရင်ဆိုင်နိုင်တဲ့အခြေအနေကို ထီကုန်သည်တွေကြား စိုးရိမ်စိတ်တွေရှိလာပါတယ်။