အေအေတပ်ဖွဲ့ဝင် ၈ သောင်းကျော် ကာကွယ်ဆေးထိုးမယ်ဆိုတာ မဟုတ်ကြောင်း ပြည်နယ်ကောင်စီပြော

ရေးသားခဲ့သည်။

လတ်တလောမှာ အေအေတပ်ဖွဲ့ဝင် ၈ သောင်းကျော်ကို ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးနှံပေးဖို့အတွက် ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဟာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်ငါးမြို့နယ်အတွင်းမှာ အေအေတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီလ ၁၉ ရက်နေ့ကစလို့ ကိုဗစ် ၁၉ ကာကွယ်တွေကို ထိုးပေးနေတယ်လို့ ရက္ခိင့်တပ်တော်အေအေရဲ့ ပြောခွင့်ရ ဦးခိုင်သုခက ပြောဆို ထားပါတယ်။

အေအေတပ်ဖွဲ့ဝင် ၈ သောင်းကျော်ကို ကာကွယ်ဆေးထိုးပေးသွားမယ်ဆိုပြီး အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာ တွေမှာ ပျံ့နှံ့နေတာလည်းဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာမှာ အစိုးရက သတ်မှတ်အုပ်စု ၁၆ အုပ်စုရှိပြီး အဲ့ဒီအုပ်စုတွေမှာ အကျုံးဝင်တဲ့သူတွေကို ပြည်စုံအောင်ထိုးနှံပေးနေတာဖြစ်ကြောင်း အဲ့ဒီထဲမှာ အေအေတစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေဖြစ်တဲ့ EAO တွေကိုလည်း ထည့်သွင်းထားတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း အခြေစိုက်နေတဲ့ အေအေတပ်ဖွဲ့ဝင်တွေကို သီးခြားအနေနဲ့ ထိုးနှံပေးနေတာမျိုးမဟုတ်ဘဲ ဒေသခံအရပ်သားပြည်သူတွေနဲ့အတူ ထိုးနှံပေးလျက်ရှိနေပြီး အေအေတပ်ဖွဲ့ဝင်တွေလာရောက်ထိုးနှံဖို့အဆင်ပြေတဲ့ နေရာတွေမှာ ထိုးပေးနေတာဖြစ်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အေအေတပ်ဖွဲ့ဝင် ဘယ်လောက်ကိုဆေးထိုးပေးသွားဖို့နဲ့ လက်ရှိမှာ ဘယ်လောက်အထိ ထိုးနှံပြီးစီးနေပြီဆိုတာကိုတော့ ထုတ်ပြောပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

"အေအေတပ်ဖွဲ့ဝင်က ဘယ်လောက်ရှိတယ်။ ဆေးဘယ်လောက်ထိုးပေးမယ်ဆိုတာကတော့ ပြောလို့မရဘူး။ ဒါမျိုးတွေက လျှို့ဝှက်ထားရတယ်။ လျှို့ဝှက်ထားရတဲ့အခါမှာ ကျွန်တော်တို့ဘက်ကလည်း အဲ့ဒီလို သီးခြားစာရင်း ကောက်ယူတာမျိုးမရှိပါဘူး။ သတ်မှတ်နေရာတွေမှာ အေအေကလည်းပါမယ်။ အေအေနဲ့ဆက်စပ်သူတွေလည်းပါမယ်။ ဆေးတစ်ကြိမ်မှမထိုးရသေးတဲ့သူတွေလည်းပါမယ်။ အဲ့ဒီလို စာရင်းပြုစုပြီးတော့ ပေးထားတဲ့သူတွေကိုပဲ ထိုးနေတာဖြစ်ပါတယ်"လို့ ဦးလှသိန်းက ပြောပါတယ်။

အစိုးရအနေနဲ့တော့ ဆေးလာထိုးသူတွေကို အေအေဘက်ကဘယ်လောက်၊ အေအေနဲ့ဆက်စပ်သက်ဆိုင်သူဘယ်လောက်၊ ပြည်သူဘယ်လောက်ဆိုတာမျိုး သီးခြားစာရင်းပြုစုထားခြင်းမရှိဘဲ ယျေဘုရာစာရင်းသာရှိတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း ကျောင်းမနေတဲ့ကလေးငယ်တွေနဲ့ ကျောင်းတက်နေတဲ့ကလေးတွေအပြင် မဖြစ်မနေဆေးထိုးကြရမယ့် စာရင်းဝင်လူဉီးရေရဲ့ ၆၄ ရာခိုင်နှုန်းကို ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံထားပြီးဖြစ်ကာ ဆေးနှစ်ကြိမ် ထိုးနှံပြီးသူ အရေအတွက်ကတော့ ၅၄ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။

ဖမ်းဆီးထားတဲ့ အေအေတပ်ဖွဲ့ဝင် ၃၀ ကျော်ကို မိဘတွေလက်ထဲ ပြန်အပ်လိုက်ပြီလို့ ပြည်နယ်ကောင်စီပြော

တခါ၊ ဖမ်းဆီးထားတဲ့ အေအေတပ်ဖွဲ့ဝင် ၃၀ ကျော်ကို မိဘတွေလက်ထဲ ပြန်အပ်လိုက်ပြီလို့လည်း ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက အတည်ပြုပါတယ်။

ရက္ခိုင့်တပ်တော် အေအေရဲ့ တပ်ဖွဲ့ဝင် ၃၁ ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ မောင်တောနယ်ခြားစောင့် ရဲတပ်ဖွဲ့ ကြိမ်ချောင်း ရဲကင်းစခန်းကနေ ဖမ်းဆီးမှု ပေါ်ပေါက် ခဲ့ပါတယ်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အေအေတပ်ဖွဲ့ဝင်တွေကို အခုရက်ပိုင်းအတွင်းမှာ သူတို့ရဲ့မိဘတွေဆီကို ပြန်လည်အပ်နှံထားပြီး ဖြစ်သလို သွားလာရေးခက်ခဲတဲ့ မာန်အောင်မြို့က လူငယ်သုံးဦးကိုတော့ တောင်ကုတ် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ကို မနေ့ကလွှဲပြောင်းပေးထားပြီး အဲ့ဒီအဖွဲ့ကတဆင့် သက်ဆိုင်ရာမိတွေဆီကို အပ်နှင်းသွားမယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

"အေအေတပ်ဖွဲ့ဝင်လို့တော့ မသိပါဘူး။ မောင်တောနယ်မှာ နယ်ခြားစောင့်တပ်ကနေ ဖမ်းတာပေါ့။ ဖမ်းတော့ အဲ့ဒီကလေးတွေမှာ မှတ်ပုံတင်တွေဘာတွေမပါဘူး။ စိစစ်လိုက်တော့ အသက်မပြည့်တဲ့ ကလေးတွေလည်းပါတယ်ဆိုတော့ အဲ့ဒါကို တပ်ကပဲစိစစ်တာပေါ့လေ။ စိစစ်ပြီးတော့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေကနေတစ်ဆင့် မိဘတွေဆီကို အပ်လိုက်ပါပြီ"လို့ ဦးလှသိန်းက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေဟာ လတ်တလောမှာ သင်တန်းဆင်းလာခဲ့ကြတဲ့ အေအေတပ်ဖွဲ့ဝင်တွေဖြစ်ကြပြီး တာဝန်ကျရာနယ်မြေတပ်စခန်းတွေကိုသွားရောက်ကြရာမှာ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ အေအေတပ်ဖွဲ့ဝင်လူငယ်တွေဟာ မြို့နယ်ပေါင်းစုံက ပါဝင်တဲ့ ရခိုင်ဒေသခံတွေဖြစ်ကြပြီး နယ်စပ်ဒေသမှာ လူငယ်တွေအစုလိုက်အပြုံလိုက်သွားလာနေတာကြောင့် စစ်ဆေးကြည့်ရာမှာ မှတ်ပုံတင်အစုံအလင်မပါတွေ၊ နယ်စပ်ဖြတ်ကျော်ဖို့ရောက်ရှိလာကြောင်း သံသယဖြစ်တာတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။