အလင်္ကာပုလဲပန်း၊ ပါးနဲ့ဆက်ထားတဲ့ဝေါဟာရများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ရေးသားခဲ့သည်။
မိတ်ဆွေမြန်မာစာဆရာကြီးတယောက်က ပါးနဲ့တွဲထားတဲ့ဝေါဟာရတွေကို စုဆောင်းပြီးဆွေးနွေးထားတာ တော်တော်စိတ်ဝင်စားစရာကောင်းတယ်။
ပျော်ပါး၊ ပေါ့ပါး၊ နည်းပါး၊ ရှားပါး၊ ခေါင်းပါး၊ လျော့ပါး၊ လုံးပါး၊ လွင့်ပါး၊ ထိပါး၊ ယဉ်ပါး၊ တိမ်းပါး၊ ဆုံးပါး၊ ဆောင်ပါး စသည်ဖြင့် နာမဝိသေသနလေးတွေ၊ ကြိယာလေးတွေကို ပါးနဲ့တွဲသုံးထားတာ စဉ်းစားတွေးတောစရာလေးတွေ၊ လေ့လာစရာလေးတွေ တော်တော်များများထွက်လာပါတယ်။
ပထမဆုံးအချက်အနေနဲ့ ပြောရရင် အဲဒီပါးဟာ ပစ္စည်းလား၊ ကြိယာလားဆိုတာကိုက စဉ်းစားစရာပါ။ တချို့က ပစ္စည်းလို့မှတ်ယူကြပါလိမ့်မယ်။ တချို့ကတော့ သူကိုယ်တိုင်ဟာ ကြိယာပါပဲလို့ ဆိုသူလည်း ရှိချင်ရှိနိုင်ပါတယ်။ ဒါကလည်း ပါးရဲ့အဓိပ္ပာယ်ဘာလဲဆိုတာကို အရင်ဆွေးနွေးပြီးမှ သူဟာ ကြိယာနောက်ဆက်ပစ္စည်းလား၊ ဒါမှမဟုတ် သူကိုယ်တိုင်က ကြိယာတခုလားဆိုတာ ဆုံးဖြတ်ချက်ချလို့ရမှာပါ။
ပါးနဲ့တွဲထားတဲ့ နာမဝိသေသနလေးတွေ ကြိယာလေးတွေဟာ စိတ်ဝင်စားစရာလေးတွေပါ။
ထူးဆန်းတာတခုက ဗြဟ္မနိရုတ္တိနယသင်္ဂဟကျမ်းကို ရေးသားတဲ့ ဝေါဟာရင်းမြစ်ဆိုင်ရာ ကျွမ်းကျင်သူ ဆရာတော် ဦးကောသလ္လရဲ့ မှတ်ချက်တွေပါ။ ထိပါး၊ ယဉ်ပါး၊ ပျော်ပါး အစရှိတဲ့ စကားလုံးတွေနဲ့ ပတ်သက်ပြီး ဆရာတော် ဦးကောသလ္လရဲ့ ရေးသားဖွင့်ဆိုချက်တွေကိုရှာကြည့်တဲ့အခါ အဲဒီပါးတွေအားလုံးဟာ အနက်မဲ့ နောက်ဆက်လို့ ပြောထားပါတယ်။ ပါးကို အနက်မဲ့လို့ယူတာ တော်တော်ထူးဆန်းတယ်လို့ထင်ပါတယ်။ လက်ခံဖို့တော်တော်ခက်ခဲနေပါတယ်။ ဆရာကြီးဦးထွန်းတင့်ရဲ့ အယူအဆအတွေးအမြင်ကို တော်တော်နီးစပ်ကျွမ်းဝင်နေပြီဖြစ်တဲ့အတွက် ဆရာကြီးသာဆိုရင် ပါးကို အနက်မဲ့လို့ပြောတာလက်ခံမှာ မဟုတ်ဘူးလို့ တွေးတောမိပါတယ်။
ဧကဝဏ္ဏဘာသာစကား
ဆရာကြီးရဲ့သဘောက မြန်မာစကားမှာ မြည်သံစွဲတွေနဲ့ တချို့သောစကားတန်ဆာဆင်မှုတွေကလွဲရင် စကားလုံးတိုင်း၊ စကားလုံးတိုင်းမှာ အနက်ရှိတယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ မြည်သံစွဲဆိုတာက ဝုန်းဝုန်ဒိုင်းဒိုင်းဆိုတဲ့ မြည်သံစွဲမျိုး၊ တချွင်ချွင်၊ တခွပ်ခွပ် စတဲ့အသံမျိုးကို ဆိုလိုတာပါ။ မြည်သံကို အစွဲပြုပြီး နာမည်မှည့်ခေါ်တဲ့ တောက်တဲ့တို့ ၊ တစ်တီတူးတို့ဆိုတာမျိုးလည်း ပါဝင်ပါတယ်။
တချို့သော စကားတန်ဆာဆင်မှုတွေမှာ အနက်မဲ့ နောက်ဆက်ဆိုတာတွေကတော့ ဥပမာပြောရရင် ရွှတ်တွတ်တွတ်၊ နောက်တောက်တောက်၊ နောက်တီးနောက်တောက်၊ ကြောင်တောင်တောင်၊ ကလေးကလား စတဲ့စကားလုံးတွေမှာ ပါတဲ့။ တွတ်တွတ်၊ တောက်တောက်၊ တီးတောက်၊ တောင်တောင်၊ ကလား ဆိုတဲ့စကားလုံးတွေကိုဆိုလိုတာပါ။ အဲဒါတွေဟာ အသံရွတ်ဆိုလို့ကောင်းအောင် ဖြည့်စွက်တန်ဆာဆင်ထားတဲ့ အသံမျှသာရှိပြီး အနက်မရှိတဲ့ စကားလုံးမျိုးတွေပါ။ အဲဒါမျိုးတွေမှ တပါး ကျန်တဲ့စကားတွေအားလုံးဟာ အသံတသံထွက်တိုင်း အနက်တခုကိုယ်စီရှိတယ်လို့ ဆရာကြီးဦးထွန်းတင့်က ယူဆပါတယ်။ ဒါက ဗမာစကားဟာ ဧကဝဏ္ဏ ဘာသာစကား monosyllabic language ဆိုတဲ့အယူအဆကနေ ဆင်းသက်ပါတယ်။
ဆရာတော်ဦးကောသလ္လရဲ့ ပါးဟာ အနက်မဲ့နောက်ဆက်လို့ပြောတဲ့အချက်နဲ့ ပတ်သက်ပြီး ဆရာကြီးဦးထွန်းတင့်ကို မေးမြန်းရာမှာ အခုလိုပြောပါတယ်။
"အေးဗျ။ သူဘာလို့ အဲသလိုပြောသလဲမသိဘူး။ အနက်မဲ့တော့ ဟုတ်ဟန်မတူဘူး။ ဆရာတော်ဦးကောသလ္လအနေနဲ့ ဒီစကားလုံးကို ဒီလိုပြောခဲ့တာ အံ့သြစရာတောင်ကောင်းတယ်။"
ဆရာကြီးဦးထွန်းတင့်က ဆရာတော်ဦးကောသလ္လအဲသလိုယူဆတာကို တော်တော်အံ့သြပါတယ်။ ဒီတော့ ဆရာကြီးရဲ့ ပါးနဲ့ပတ်သက်တဲ့ ယူဆချက်ကို ဆက်ပြီးမေးမြန်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပ၊ ပါ၊ ပါး
“ရင်းမြစ်ကိုပြောရရင်တော့ ဒီပါးတွေအားလုံးဟာ တခုတည်းပါပဲ။ တခုတည်းကနေ လာတဲ့ဟာတွေပါပဲ။ ကျွန်တော်တို့ မြန်မာစကားက တက်ကျသံဘာသာစကားဆိုတဲ့အတိုင်းပဲ အသံ ၃ သံ ရှိတာပေါ့ဗျာ။ အနက်ကို လိုက်တဲ့အခါ တခုမှာ မထင်ရှားရင် ကျန်တဲ့ နှစ်ခုမှာ လိုက်ကြည့်ရတာက ဝေါဟာရင်းမြစ်ကို လိုက်တဲ့နည်းပေါ့။ ဒီတော့ ပ၊ပါ၊ပါး ၃ ခုကို ကြည့်ကြရအောင်ပါ။ ပတယ်၊ ပါတယ်၊ ပါးတယ်ဆိုတဲ့ စကားလုံးတွေကိုကြည့်ရင် ပဆိုတာ ဘာလုပ်တာလဲဆိုတော့ ပဆိုတာ ဘေးကိုထွက်သွားတာပါ။ ဘေးကိုထွက်သွားရင် ပတယ်လို့ဆိုနိုင်ပါတယ်။ ဘေးကိုထွက်သွားအောင် ပထုတ်လိုက်တယ်လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ပြင်ပတို့ ဘာတို့က ပ ပေါ့ဗျာ။ အဲဒီတော့ ပတာထက် နည်းနည်းပိုအားကောင်းတာကတော့ ပါ ဆိုတာက ပိုအားကောင်းတာပေါ့။ ပါတယ်ဆိုတာ သူ့ဘက်ပါတယ်။ ကိုယ့်ဘက်ပါတယ်။ ရေထဲမှာပါသွားတယ်။ ဆိုတော့ ဘေးကိုရောက်သွားတာပါပဲ။ ပါးဆိုရင်တော့ ပိုပြီးဘေးကိုရောက် အဝေးကိုရောက်သွားတာပေါ့။ အဲဒါကြောင့် ပစ္စည်းလေးဘာလေး ပါးလိုက်တယ်ဆိုတာ ဒီပါးပဲပေါ့။ ပါးလျှပ်တဲ့ပါးလည်း ဒီပါးပဲပေါ့။ နောက်တခါ ဖယောင်းတုံးလေးတတုံးက တလက်မပတ်လည် အတုံးလေး တခုဆိုပါတော့။ အဲဒါလေးကို အပေါ်က အလေးတခုနဲ့ဖိလိုက်ရင် အဲဒီဖယောင်းတုံးကလေးက ဟိုဘက်ဒီဘက်ကို လေးဘက်လေးတန်ပါသွားမှာပေါ့။ အဲဒါဆို ပါးသွားတာပေါ့။”
ဆရာကြီး အခုပြောတာကို ဆက်စဉ်းစားကြည့်ရင် ပါးတာနဲ့ ပြားတာဟာလည်း သဘောချင်း အတူတူပဲဆိုတာ ထင်ရှားပါတယ်။ ပါးတယ်ဆိုတာဟာ မထူတဲ့သဘောကို ပြောတာပါ။ ထူတာဟာ များတဲ့သဘော၊ ကြီးတဲ့သဘော၊ လေးတဲ့သဘောနဲ့ ဆက်စပ်ပါတယ်။ ပါးတယ်ဆိုတာ နည်းတဲ့သဘော၊ သေးငယ်တဲ့သဘော၊ ပေါ့တဲ့သဘောနဲ့ ဆက်စပ်ပါတယ်။ ဒါ့ကြောင့် ပေါ့တာကိုပါးနဲ့ တွဲပြီး ပေါ့ပါးတယ်လို့သုံးပါတယ်။ ဒီစကားလုံးနှစ်လုံးဟာ အနက်ဆင်တူတဲ့ စကားနှစ်လုံးကို ဒွန်တွဲသုံးလေ့ရှိတဲ့ မြန်မာစကားရဲ့ ပရိယာယ်အတိုင်း သုံးနှုန်းထားတာဖြစ်ပါတယ်။ ဥပမာ ပျော်ရွှင်တယ်ဆိုရာမှာ ပျော်တာနဲ့ရွှင်တာနဲ့တူလို့တွဲသုံးပါတယ်။ လင်းလက်တယ်ဆိုရင် လင်းတာနဲ့လက်တာကို နီးစပ်တဲ့စကားတွဲသုံးတာပါပဲ။ တောက်ပြောင်တယ်ဆိုရင်လည်း တောက်နဲ့ပြောင် အနက်ဆင်တူနှစ်လုံးတွဲသုံးတာပါပဲ။ ကောက်ကွေးတယ်ဆိုရင်လည်း အဲဒီသဘောပါပဲ။ ကြံ့ခိုင်တယ်ဆိုတဲ့စကား၊ တားမြစ်တယ်ဆိုတဲ့စကား၊ ဆင်းသက်တယ်ဆိုတဲ့စကား စသည်ဖြင့် အဲဒီသဘောတွဲသုံးတာတွေ အများကြီးရှိပါတယ်။ တွဲထားတိုင်း တူတယ်လို့ မဆိုလိုပါဘူး။ မတူဘဲတွဲသုံးတာလည်းရှိပါတယ်။ တူလျက်နဲ့ပိုထင်ရှားစေချင်လို့၊ ပိုလှပစေချင်လို့၊ ပိုကြွယ်ဝစေချင်လို့ တွဲသုံးတာမျိုးဟာ မြန်မာစကားမှာ ကျင့်သုံးနေကျ လုပ်ထုံးလုပ်နည်း ဖြစ်ပါတယ်။
ပျော်ပါး၊ ပေါ့ပါး၊ နည်းပါး၊ ရှားပါး၊ ခေါင်းပါး၊ လျော့ပါး
အစပိုင်းမှာ ပြောခဲ့တဲ့စကားလုံးတွေကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် ပါးတာဟာ ပေါ့တဲ့သဘောနဲ့ ဆက်စပ်လို့ ပေါ့ပါးတယ်လို့ သုံးပါတယ်။ နည်းတာနဲ့ ပါးတာနဲ့လည်း ဆက်စပ်လို့ နည်းပါးတယ်လို့သုံးပါတယ်။ ရှားတာနဲ့ ပါးတာကလည်း ဆက်စပ်လို့ ရှားပါးတယ်လို့သုံးပါတယ်။ ပျော်တဲ့အခါမှာလည်း စိတ်ကရွှင်ပြီး သွက်လက်နေပါတယ်။ ထိုင်းမှိုင်းလေးပင်မနေဘူး။ ဒါဟာပေါ့ပါးတာနဲ့ အဓိပ္ပာယ် အတော်ဆင်တူလို့ ပျော်ပါးတယ်လို့သုံးတာဖြစ်ပါတယ်။
ခေါင်းပါးတယ်ဆိုတဲ့စကားမှာ ခေါင်းဆိုတာ ခေါင်တဲ့သဘော၊ ခေါင်တယ်ဆိုတာ မစည်ကားတာ မပေါများတာကို ဆိုလိုပါတယ်။ ဒါ့ကြောင့်ခေါင်းနဲ့ပါးကို တွဲသုံးတာကလည်း မပေါများတာကို ဆိုလိုတာ ဖြစ်ပါတယ်။ လျော့ပါးတာဟာလည်း နည်းပါးတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
လုံးပါးပါးတယ်ဆိုတာက လုံးရာကနေ ပါးသွားတယ်။ တနည်းအားဖြင့် အလုံးကနေ ပြားသွားမယ် ဆိုလိုတာ ဖြစ်ပါတယ်။ များရာကနေ တဖြည်းဖြည်း နည်းသွားတယ်လို့ ဆိုတာဖြစ်ပါတယ်။ ဒီနေရာမှာတော့ အနက်တူစကားလုံး ၂ လုံးကို တွဲသုံးတာမျိုးထက် များရာကနေ နည်းသွားတဲ့သဘောကို ဆိုလိုတာ ဖြစ်နိုင်ပါတယ်။
လွင့်ပါး
လွင့်ပါးမှာတော့ လျော့နည်းတဲ့သဘော ဟုတ်ဟန်မတူပါဘူး။ ဆရာကြီးဦးထွန်းတင့် စောစောကပြောခဲ့တဲ့ ဘေးကိုထွက်သွားတယ်။ အပြင်ကိုရောက်သွားတယ်ဆိုတဲ့ သဘောနဲ့ ပိုဆက်စပ်ပါလိမ့်မယ်။ လွင့်ပြီး အဝေးကိုရောက်သွားတဲ့ သဘောမျိုးဖြစ်မှာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိပါး
ထိပါးမှာ ပါးဟာ အနက်မဲ့နောက်ဆက်လို့ ဆရာတော် ဦးကောသလ္လကဆိုထားပါတယ်။ ဆရာကြီးဦးထွန်းတင့်ကတော့ သဘောမတူပါဘူး။ ထိလိုက်လို့ ပါသွားတဲ့သဘော။ ထိလိုက်လို့ လျော့နည်းသွားတဲ့သဘော။ ထိလိုက်လို့ ဆုံးရှုံးရတဲ့ သဘောမျိုးဖြစ်လိမ့်မယ်လို့ ဆရာကြီးဦးထွန်းတင့်က ကောက်ယူပါတယ်။
ယဉ်ပါး
ယဉ်ပါးကိုလည်း ဆရာတော်ဦးကောသလ္လကတော့ ပါးကို အနက်မဲ့နောက်ဆက်လို့ ဆိုပါတယ်။ ဆရာကြီးဦးထွန်းတင့်ကတော့ ယဉ်ပါးဆိုတာ ယဉ်လာတာ၊ တဖက်ကို ပါသွားတာကို ဆိုလိုတာလို့ ပြောပါတယ်။
ယဉ်တယ်ဆိုတာ ယှဉ်တွဲတဲ့သဘောကိုပြောတာ။ ယဉ်တယ်ဆိုတာ နီးကပ်တာ။ ယှဉ်တွဲတာ။ ဆက်စပ်တာ။ ပါးကလည်း ဆက်စပ်တာပဲ။ အနီးအပါးမှာလို့လည်း သုံးတယ်မဟုတ်လား။ အဲဒီပါးမျိုးပဲ။
နားပါး
နားပါးမှာ ပါတဲ့ ပါးဟာလည်း မထူတဲ့သဘော၊ ပါးလျှပ်တဲ့သဘောကိုဆိုလိုပါတယ်။ ထူရင်ထိုင်းမယ်၊ ပါးရင်သွက်မယ် လျှင်မြန်မယ် ဆိုတဲ့သဘော ရှိပါတယ်။
တိမ်းပါး၊ ဆုံးပါး
တိမ်းပါးရဲ့သဘောကလည်း ပါသွားတဲ့သဘောပဲလို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။
ပါတယ်ဆိုတာ ကိုယ့်ဘက်ကိုလည်း ပါနိုင်သလို တခြားတဖက်ကိုလည်း ပါသွားနိုင်တာပေါ့။ တိမ်းပါးတယ်ဆိုတာကတော့ ကိုယ်နဲ့ဆန့်ကျင်တဲ့ဘက်ကို ပါသွားတဲ့သဘောပေါ့။ ဆုံးပါးက ပါးကလည်း အဲဒီသဘောပဲပေါ့။ တိမ်းတယ်ယိမ်းတယ်ဆိုတဲ့သဘောကလည်း တဖက်ကို ဝေးသွားတဲ့သဘော၊ ပါးတယ်ဆိုတာကလည်း တခြားဘက်ကို ပါသွားတဲ့သဘောပါပဲ။ နီးပါးဆိုရင်တော့ ကိုယ့်ဘက်ပါတာပေါ့။ ဆုံးပါးတယ်ဆိုရင်တော့ တဖက်ကို ပါသွားတဲ့သဘောပေါ့။
ဆောင်ပါး၊ ဆောင်းပါး
ဆောင်ပါးဆိုတာကတော့ ဆောင်ယူသွားဖို့ ပါးလိုက်တဲ့ သဘောပါ။ ဆောင်ယူလို့ ပါသွားတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ လူကြုံပါးလိုက်တယ်ဆိုတဲ့ ပါးမျိုးနဲ့ သဘောအတူတူပါ။ အခုအခါ ရေးသားနေကြတဲ့ ဆောင်းပါးဆိုတာကလည်း ဒီသဘောပါပဲ။ စာတစောင်ရေးသားပြီး ဆောင်ယူသွားဖို့ပေးလိုက်တာကို ဆောင်ပါးလို့ ခေါ်သလို၊ ဆောင်တာကိုပဲ ဆောင်းလို့လည်း ရံဖန်ရံခါမှာ သုံးတတ်ပါ။ အပိုဆောင်းတယ်ဆိုတဲ့ဆောင်းဟာ ဆောင်တာကိုပဲ ပြောတာဖြစ်ပါတယ်။ ဆောင်းပါးဆိုတာ တယောက်ယောက်သိစေချင်လို့ ပေးပို့လိုက်တဲ့စာဆိုတာက မူလအဓိပ္ပာယ်ပါ။ အခုအခါမှာတော့ လူအများသိအောင် ပေးပို့တဲ့သဘောမျိုးဖြစ်ပါတယ်။
တင်ပါး၊ ပါးပြင်
တင်ပါးမှာသုံးတဲ့ ပါးကတော့ အပြားဖြစ်တာကိုပြောတာလည်း ဖြစ်နိုင်ပါတယ်။ အပြင်အပဖက်မှာ ရှိတာ၊ ပြင်ကြီးဖြစ်နေတာကိုဆိုလိုတာလည်း ဖြစ်နိုင်ပါတယ်။ ပါးပြင်က ပါးကလည်း ဒီသဘောပဲဖြစ်ပါတယ်။ ပြားတဲ့သဘော သို့မဟုတ် ပြင်ပဖက်မှာရှိတဲ့သဘော၊ ပြင်ကြီးဖြစ်နေတဲ့ သဘောဖြစ်နိုင်ပါတယ်။
ဒါတွေကအသုံးများတဲ့ ပါးနဲ့ဆက်ထားတဲ့ နာမဝိသေသနတွေ ကြိယာတွေဖြစ်ပါတယ်။ ပါးကို တခြားပုံစံနဲ့သုံးနှုန်းတဲ့ တခြားစကားလုံး အနည်းအကျဉ်းလည်း ရှိကြပါသေးတယ်။








