ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အပစ်ရပ်အဖွဲ့တွေကို သတိပေးပြီးနောက် ကေအန်ယူနဲ့ စစ်ကောင်စီတို့ရဲ့ သဘောထား
ကရင်ပြည်နယ် လေးကေ့ကော် ဒေသတစ်ဝိုက်မှာ တိုက်ပွဲတွေ လဝက်နီးပါး ဖြစ်ပွားခဲ့ပြီးနောက် အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကို အပစ်ရပ်စာချုပ်ကို လိုက်နာကြဖို့နဲ့ ချိုးဖောက်ရင် တုံ့ပြန်မှုတွေ လုပ်မယ်ဆိုပြီး စစ်ကောင်စီဘက်က မနေ့က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်က ဘာတွေ ထုတ်ပြန်ခဲ့သလဲ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ သဘောတူ စာချုပ်ပါ ကတိကဝတ်တွေကို လိုက်နာဆောင်ရွက်ကြဖို့ဆိုပြီး စစ်ကောင်စီက ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ကလေကြောင်းသုံးတိုက်ခိုက်နေတဲ့ ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေပြင်းထန်လာနေပြီး စစ်ကောင်စီ တပ်ဖွဲ့ ဝင်တချို့ လက်နက်တွေနဲ့ အတူ အဖမ်းခံ ရတာ အနည်းဆုံး နှစ်ကြိမ် ဖြစ်ခဲ့အပြီးမှာ အခုလို ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေအပေါ်မှာ စာချုပ်ပါစည်းကမ်းတွေ လိုက်နာအောင် ထိန်းသိမ်းဖို့နဲ့ စာချုပ်ပါစည်းကမ်းတွေကို ကျူးလွန် ချိုးဖောက်တာတွေရှိရင် လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာတုံ့ပြန်မှုတွေကိုလုပ်မယ်လို့ ပြောလာတာပါ။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် အခုလို အပစ်ရပ်စာချုပ် ကို ကိုင်စွဲပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို သတိပေးတဲ့ပုံစံထုတ်ပြန်တာဟာ ဒါဟာ ပထမဆုံးအကြိမ်လို့ ပြောရမှာပါ။
ကေအန်ယူတုံ့ပြန်မှု
အခုလို ထုတ်ပြန်ချက် ထုတ်ပြန်လာတဲ့ အပေါ်မှာ အပစ်ရပ်စာချုပ်မှာလက်မှတ်ထိုးထားသလို အင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကေအန်ယူရဲ့ အမြဲတမ်း ဗဟိုကော်မတီဝင် နိုင်ငံခြားရေးတာဝန်ခံ စောတောနီးက အခုလို တုံ့ပြန်ပါတယ်။
နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ စစ်အာဏာသိမ်းလိုက်ခြင်းအားဖြင့် စစ်ကောင်စီကသာ အပစ်ရပ်စာချုပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဒါ့အပြင် ကေအန်ယူဘက်က အဖွဲ့အစည်းတွေက အန်စီအေ အပစ်ရပ်စာချုပ် ချိုးဖောက်တယ်လို့ စွပ်စွဲတာကိုလည်း ငြင်းဆိုတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက လေးကေ့ကော်ဒေသကို ကြိုတင်အသိပေးပြီး ပီဒီအက်ဖ်အဖွဲ့တွေကို ဝင်ရောက် ရှာဖွေဖမ်းဆီးတာကို ကေအန်ယူဘက်က အဖွဲ့အစည်းတွေက စပြီး တိုက်ခိုက်တယ်ဆိုပြီး ဒီဇင်ဘာ ၂၉ ရက်မှာလည်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားခဲ့သေးပါတယ်။ ဒါပေမဲ့ ကေအန်ယူကဘက်ကလည်း အဲဒီလို ပြောဆိုမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကသာ အာဏာသိမ်းလိုက်ခြင်းအားဖြင့် အပစ်ရပ် စာချုပ်ကို စတင်ချိုးဖောက်တာဆိုပြီး ပြောဆိုထားခဲ့ပြီး ဖြစ်ပါတယ်။
နောက်ဆုံးသိရသမျှ မြေပြင်အခြေအနေ
လက်ရှိမှာ ဒီဇင်ဘာ ၁၅ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ် မြဝတီခရိုင်လေးကေ့ကော်ဒေသမှာ ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်အထိ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
စစ်ကောင်စီဘက်က သူတို့တပ်စခန်းရှိတဲ့ အမြောက်ကုန်းကနေ လေးကေ့ကော်ဘက်နဲ့ ရသေ့ဂူဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်လို့ အဲဒီမှာရှိတဲ့ သတင်းရယူနေသူတစ်ဦးက ပြောပါတယ်။
နောက် မြဝတီ - အာရှလမ်းမကြီး တဝိုက် ကော့ကရိတ်ခရိုင် အတွင်းမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေသလို ကြာအင်းဆိပ်ကြီးဘက်မှာလည်း စစ်ကောင်စီနဲ့ ကေအန်ယူလက်အောက်က တပ်တွေကြားတိုက်ပွဲတွေ ရှိနေပါတယ်။
စစ်ကောင်စီဘက်က ဘာဆက်လုပ်မလဲ
နောက်တစ်နှစ် ၂၀၂၃ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောထားတဲ့ စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်ဟာ အရေးကြီးတဲ့နှစ်ဖြစ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာကို ဆက်လုပ်မယ်လို့ ပြောနေပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောပါတယ်။
နိုင်ငံအတွက် ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ နှစ်ဖြစ်လို့ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးနိုင်ရေးနဲ့ လက်တွေ့ကျတဲ့ ရလဒ်ရအောင် ဆွေးနွေးနိုင်ရေးကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
စစ်တပ်ဟာ မြေပြင်မှာ တိုက်ပွဲတွေ ဖြစ်နေပေမဲ့ လာမယ့် ဖေဖော်ဝါရီလကုန်အထိ အပစ်ရပ် ကြေညာထားတာပါ။
လက်ရှိမှာတော့ ကရင်ပြည်နယ်တွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဧရိယာက လေးကေ့ကော်အပါအဝင် နယ်မြေ ၄ ခုလောက် ရှိနေတာပါ။
နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီအနေနဲ့ မြေပြင်မှာ တပ်အင်အားတိုးချဲ့တိုက်ခိုက်သလို လေကြောင်းသုံးတိုက်ခိုက်တာတွေအထိ လုပ်နေပြီး အခုလို အပစ်ရပ်စာချုပ်ကိုလိုက်နာကြဖို့ ပြောလာတာက မဖြစ်သင့်ဘူးလို့ ဝေဖန်နေကြပါတယ်။