မြန်မာစစ်တပ် အာဏာသိမ်းမှုနောက်က စကားလုံးအငြင်းအခုံများ

ရေးသားခဲ့သည်။

အာဏာသိမ်းစစ်တပ်ကို "နုတ်ထွက်မပေးနိုင်ဘူး၊ အသေခံမယ်" လို့ ဖေဖော်ဝါရီလ ၁ရက်နေ့က တုံ့ပြန်ခဲ့တဲ့ သမ္မတဦးဝင်းမြင့်ဟာ ရက်ပေါင်း ၃၀၀ ကျော်အကြာမှာ သူရင်ဆိုင်နေရတဲ့ အမှုအချို့အတွက် သူ့ကို တရားရုံးက ပထမဆုံး အပြီးသတ်အမိန့်ချမှတ်ဖို့ ရှိလာပါတယ်။

အဲဒီအမှုတွေထဲမှာ အာဏာသိမ်းတဲ့နေ့ မနက်လင်းအားကြီးအချိန်မှာ ထိန်းသိမ်းခံလိုက်ရပြီး အာဏာစွန့်ဖို့ဖိအားပေးခံရတဲ့ အကြောင်း သမ္မတကိုယ်တိုင်က သက်သေအဖြစ် တရားရုံးမှာ ကျမ်းကျိန်ထွက်ဆိုခဲ့တဲ ပုဒ်မ ၅၀၅ (ခ) အမှုလည်း တစ်ခုပါဝင်ပါတယ်။

ဒီထွက်ချက်ဟာ စစ်ကောင်စီတရားရုံးရဲ့ အမိန့်ချမှတ်မှုမှာ သက်ရောက်မှုရှိလိမ့်မယ်လို့ များများစားစား မျှော်လင့်စရာမရှိပေမဲ့ သမ္မတရဲ့ထွက်ဆိုချက်တွေက စစ်တပ်ကပြောဆိုထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အာဏာသိမ်း ရတယ်ဆိုတဲ့ အကြောင်းပြချက်ကို ချေပနိုင်တဲ့အကြောင်းပြချက် အကောင်းဆုံးတစ်ခုလို့ လေ့လာစောင့်ကြည့်သူတွေက ပြောကြပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုခံထားရတဲ့အမှုနဲ့ ပုဒ်မ ၅၀၅(ခ)တို့အတွက် လာမယ့်ရက်ပိုင်း အပြီးသတ် အမိန့်ချဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ မနက် ၅နာရီလောက်မှာ သမ္မတကို ထိန်းသိမ်းပြီး ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ခိုင်းချိန်မှာပဲ သမ္မတဦးဝင်းမြင့်က အဲဒီလိုတုံ့ပြန်ခဲ့တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က သမ္မတက တရားခွင်မှာ ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(ခ) နဲ့ပတ်သက်လို့ စွဲဆိုရန် မသင့်တဲ့အကြောင်း ထွက်ဆိုရင်း ဒီအကြောင်းတွေ ပြောခဲ့တာဖြစ်ပါတယ်။

သူတို့ သုံးဦးစလုံး ဖမ်းဆီးခံထားရချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့ စာနှစ်စောင်ကိုအကြောင်း ပြုလို့ တရားစွဲခံထားရတာ ဖြစ်လို့ သမ္မတက သူအဖမ်းခံခဲ့ရတဲ့ဖြစ်စဥ်ကို ပြန်ပြောပြတာလည်း ဖြစ်ပါတယ်။

သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ပေးဖို့ အိမ်ကို ရောက်လာပြီး ဖိအားပေးခဲ့တာကတော့ ဗိုလ်ချုပ်ကြီး ဒါမှမဟုတ် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိတဲ့သူတွေလို့လည်း သမ္မတကထွက်ဆိုခဲ့ပါတယ်။

အဲဒီနေ့ကစလို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ သူ့မိသားစုဝင်တွေကို ထိန်းသိမ်းခဲ့တာ ၂၀၂၁ခုနှစ် အခုနိုဝင်ဘာ လ ၃၀ ရက်နေ့ အထိဆိုရင် ရက်ပေါင်း ၃၀၀ ကျော် ရှိလာခဲ့ပါပြီ။

စစ်တပ်က အာဏာသိမ်းကာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တို့ကိုထိန်းသိမ်းပြီး နောက်မှာတော့ အမှုမျိုးစုံတပ်ကာ အမှုဖွင့်တရားစွဲတာတွေကို ပြုလုပ်လာခဲ့ပါတယ်။

စွဲချက် အမျိုးမျိုး၊ အမှုအစုံစုံ

သမ္မတဦးဝင်းမြင့်ကို ရွေးကောက်ပွဲမတိုင်ခင် နေပြည်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေရဲ့ ကားတန်းကို လက်ပြလို့ဆိုကာ ကိုဗစ်စည်းကမ်း ဖောက်ဖျက်လို့ဆိုပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ တစ်မှုနဲ့ အာဏာသိမ်းသိမ်းခြင်း အဖမ်းခံထားရသူအပေါ် ဖေဖော်ဝါရီလ ၇ရက်မှာ ထွက်ပေါ် လာတဲ့ NLD ပါတီရဲ့ ထုတ်ပြန်ချက်အချို့ကြောင့်ဆိုကာ ဆူပူစေရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) စတဲ့ အမှု ၂ခုနဲ့ အမှုဖွင့်ပြီး စစ်ဆေးခံနေရတာဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဆူပူလှုံ့ဆော်မှု တစ်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇နဲ့ တစ်မှု၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈နဲ့ တစ်မှု၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ ၂၅နဲ့ နှစ်မှု၊ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)နဲ့ တစ်မှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ ၆၃ စတဲ့ ပုဒ်မတွေနဲ့ ငါးမှု စုစုပေါင်း ၁၁မှုနဲ့ စွပ်စွဲအမှုဖွင့်ပြီး စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေက စစ်ဆေးနေပါတယ်။

သမ္မတ ဦးဝင်းမြင့်ပေါ်စွဲဆိုထားတဲ့အမှုတွေကတော့ တစ်မှုကို အများဆုံးထောင်ဒဏ် ၃နှစ်စီ ချမှတ်နိုင်တဲ့အမှုတွေ ဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေကတော့ ၂နှစ်ကနေ ၁၅နှစ်အထိ ချမှတ်နိုင်တဲ့ အမှုတွေပါတာကြောင့် စွဲဆိုထားတဲ့ အမှုအရေအတွက်အရဆိုရင် နှစ်ပေါင်း ရာချီ ပြစ်ဒဏ်စီရင် ချမှတ်နိုင်တဲ့ပုံစံမျိုးရှိနေ တယ်လို့ ရှေ့နေတွေကပြောပါတယ်။

ဖွဲ့စည်းပုံနဲ့အညီ အာဏာထိန်းခဲ့တာဆိုတဲ့စစ်တပ်နဲ့ အာဏာသိမ်းခံရတယ်ဆိုတဲ့ သမ္မတရဲ့ထွက်ဆိုချက်

အာဏာသိမ်းတဲ့နေ့ မနက်လင်းအားကြီးအချိန်ကျမှ လာရောက်ထိန်းသိမ်းတာခံလိုက်ရပြီး အာဏာစွန့်ဖို့ဖိအားပေးခံရ တာကို ၅၀၅ (ခ)အမှုမှာ သမ္မတကိုယ်တိုင်က သက်သေအဖြစ် ကျမ်းကျိန်ထွက်ဆိုခဲ့ပါတယ်။

"နုတ်ထွက်မပေးနိုင်ဘူး အသေခံမယ်" လို့ သမ္မတက ပြန်ပြောခဲ့တယ်လို့ဆိုပြီး အာဏာမသိမ်းသင့်ပဲ ဥပဒေနဲ့ အညီလုပ်သင့်တယ်လို့ လာရောက်ထိန်းသိမ်းတဲ့ စစ်ဗိုလ်ချုပ်တွေကို သူကိုယ်တိုင်ပဲ တုံ့ပြန်ခဲ့ တယ်လို့ ထွက်ဆိုထားပါတယ်။

ဒါပေမဲ့ စစ်တပ်ကတော့ အဲဒီနေ့မှာပဲ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ထိန်းသိမ်းခဲ့သလို တစ်နိုင်ငံလုံး မှာလည်း ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်၊ ဆက်သွယ်ရေးတွေကို ယာယီဖြတ်တောက်တာ၊ ပုဂ္ဂလိကပိုင်ရုပ်သံလိုင်းတွေ၊ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကိုလည်း ဖြတ်တောက်ထားပြီး စစ်တပ်ပိုင် မြဝတီ ရုပ်မြင်သံကြားတစ်ခုထဲကပဲ ထုတ်လွှင့်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် မနက် ၉နာရီလောက်မှာတော့ မဲစာရင်းတွေမှားနေတာကြောင့်ရယ်၊ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံအာဏာကို လွှဲပြောင်းရယူလိုက်တယ်လို့ စစ်တပ်ပိုင် မြဝတီရုပ်သံကထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို ထုတ်ပြန်တဲ့အချိန်မတိုင်မီမှာဘဲ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ထောင်စု၊ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ခေါင်းဆောင်ပိုင်းတွေ၊ ထင်ပေါ်ကျော်ကြားတဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေအားလုံး နီးပါးကို ဖမ်းဆီးထိန်းသိမ်း ထားလိုက်ပြီ ဖြစ်ပါတယ်၊

၂၀၀၈အခြေခံဥပဒေနဲ့အညီ တပ်မတော်က အာဏာထိန်းခဲ့ရတာလို့ ဖေဖော်ဝါရီ ၁ရက်နေ့ကစလို့ ဒီနေ့ထိတိုင် အာဏာသိမ်းအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်တပ်အကြီးအကဲတွေက တွင်တွင်ကြီး ပြောဆိုနေရတုန်းပါ။

ထိန်းတာလားသိမ်းတာလား

အာဏာကိုရယူလိုက်ပြီး ဆက်တိုက်ဆိုသလိုဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ပစ်ခတ်နှိမ်နင်းပြီးနောက် ဆန္ဒပြမှု တွေနည်းပါးသွားချိန်၊ ဗိုလ်ချုပ်မှူးကြီးက ပြည်နယ်နဲ့တိုင်း အချို့ ခရီးစဉ်တွေ၊ တပ်မတော်ဗိုလ်လောင်းသင်တန်းတွေ၊ စစ်ဦးစီးတက္ကသိုလ်ခရီးစဉ်တွေ စတဲ့နေရာတွေမှာ တပ်မတော်က အာဏာကိုသိမ်းခဲ့တာမဟုတ်ဘဲ ထိန်းခဲ့ရတာလို့ တွင်တွင်ကျယ်ကျယ်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းခေါင်းဆောင်ရဲ့ ရေဒီယို၊ ရုပ်သံမိန့်ခွန်းတွေမှာလည်း ပြီးခဲ့တဲ့ အစိုးရက မဲမသမာမှုတွေလုပ်ပြီး အာဏာကို ရယူဖို့ ကြိုးစားတာတွေကြောင့် စစ်တပ်ကဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာကို ထိန်းသိမ်းခဲ့ရတာလို့ ဆိုတာကို မိန့်ခွန်းတိုင်းနီးပါးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

စစ်တပ်က ၂၀၀၈ဖွဲ့စည်းပုံအရ အာဏာသိမ်းတယ်လို့ ဆိုတဲ့အပေါ် အာဏာသိမ်းတဲ့နေ့ကတည်းက ရှေ့နေ တွေ၊ ဥပဒေရေးရာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေက ဥပဒေနဲ့အညီ လုပ်ခဲ့တာ မဟုတ်ဘူးလို့ ထောက်ပြပြော ဆိုတာတွေ အများအပြားရှိခဲ့ပါတယ်။

စစ်တပ်ကတင်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေက စစ်တပ်ကိုအာဏာလွှဲတဲ့ ဖြစ်စဉ်အပါအဝင် စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့တဲ့ အာဏာသိမ်းရခြင်း အခြေပြပုံကိုတော့ ပြည်သူအများကလည်း လက်မခံနိုင်ကြတာကို ဆန္ဒပြပွဲတွေနဲ့ ထုတ်ဖော်ပြသခဲ့ကြ ပါတယ်။

နောက်ဆုံးတော့ သမ္မတဦးဝင်းမြင့်ရဲ့ သူအဖမ်းခံရပြီး ၉လောက်အကြာမှ တရားခွင်အတွင်း အာဏာသိမ်းခံရပုံ ပြန်ပြောင်းပြောပြ ထွက်ဆိုချက်ကြောင့် စစ်တပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာကို လွှဲယူခဲ့တယ်ဆိုတာ ကြောင်းကျိုးဖော်ပြချက် ဆီလျော်မှု ရှိမရှိဆိုတာကို ပိုပြီးမြင်သာလာခဲ့ပါတယ်။

စစ်တပ်က အခြေခံဥပဒေနဲ့အညီလို့ တွင်တွင်ပြောနေတဲ့ အာဏာထိန်းတယ်ဆိုတာကို သမ္မတ ထွက်ချက်က ချေဖျက်ခဲ့တယ်လို့လည်း ရှေ့နေ့တွေကပြောဆိုကြပါတယ်။

နိုင်ငံတော်သမ္မတကိုယ်တိုင် အခုလိုထွက်ဆိုထားပေမဲ့လည်း တရားခွင်ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ကွဲလွဲချက်တွေ ရှိမရှိ၊ ထွက်ဆိုချက်တွေ ခိုင်မာမှုရှိမရှိ ပြန်လှန်စစ်ဆေးမှုတွေ ပြီးလို့ သမ္မတထွက်ဆိုချက်က ခိုင်မာသွားမှသာ စစ်တပ်က ပြောနေတဲ့ အခြေခံဥပဒေအရ အာဏာသိမ်းတယ်ဆိုတာ မှန်မမှန်ကို ပိုမို အချက်ကျကျ ပြောဆိုလာနိုင်မယ်လို့ ဥပဒေအရေးကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပါတယ်။

စစ်တပ်ကတော့ အာဏာသိမ်းပြီးပြုလုပ်တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတကို ဖြုတ်ချခဲ့တာဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ညီ မညီလို့ မေးတဲ့အပေါ် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က အခြေခံဥပဒေ ပုဒ်မ ၄၁၇ နဲ့ ပုဒ်မ ၄၀ ( ဂ) တို့ကို ကိုးကားပြီး ဖြေသွားခဲ့ပါတယ်။

ဒါပေမဲ သမ္မတ ဦးဝင်းမြင့်ရဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ ထွက်ဆိုချက်သာမကပဲ အာဏာသိမ်းတဲ့အချိန်ကလည်း NLD အစိုးရအဖွဲ့ရဲ့ သက်တမ်းမကုန်ဆုံးသေး ချိန်မှာကို သမ္မတရဲ့သဘောတူခွင့်ပြုချက်နဲ့ မဟုတ်ဘဲ အာဏာရယူသွားခဲ့တာကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အာဏာသိမ်းခြင်းဆိုတာ လုံးဝမဟုတ်ခဲ့ဘူးလို့ ထောက်ပြတဲ့ တရားလွှတ်တော်ရှေ့နေတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဘက်ကတော့ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ရက်နေ့ သမ္မတနဲ့ သွားရောက်တွေ့ဆုံခဲ့စဉ်က ဖြစ်စဉ်ကို မှတ်တမ်းတင်ထားခဲ့တာ ရှိပါတယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ သမ္မတရဲ့ထွက်ဆိုချက်တွေက မှားတယ်၊ မှန်တယ်ဆိုတာကိုတော့ အတိအလင်း ပြန်လည်တုံ့ပြန်ပြောဆိုထားတာတော့ မရှိသေးပါဘူး။

သမ္မတထွက်ချက်ကို ရှေ့နေတွေက တစ်ဆင့် သိကြရတဲ့ မီဒီယာတွေ ကဖော်ပြကြပြီးနောက်မှာ အဲဒီလိုတရားခွင်က ထွက်ဆိုချက်တွေကို သတင်းမီဒီယာတွေကို မပြောဖို့ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေကို စစ်ကောင်စီဘက်က အမိန့်ထုတ်ပြန်တားမြစ်ခဲ့ပါတယ်။

အာဏာသိမ်းခြင်းနဲ့ ဖမ်းဆီးခံထောင်ချခံရခြင်းများ

အာဏာသိမ်းမှုဆိုတာ မြန်မာနိုင်ငံအတွက် အစိမ်းသက်သက်တော့ မဟုတ်ခဲ့ပါဘူး။ ၁၉၆၀ ကျော်ကတည်းက ဖြစ်လာခဲ့တဲ့ စစ်တပ်ရဲ့အာဏာသိမ်းမှုတွေက တစ်ကြိမ်တစ်ခါကို နှစ်ပေါင်း ၂၀ကနေ ၃၀အတွင်းကြာမြင့်ခဲ့တဲ့ သမိုင်းတွေလည်းရှိခဲ့ပါတယ်။

အနီးစပ်ဆုံး ၁၉၈၈ အရေးခင်းပြီးတဲ့နောက် ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းချိန်တုန်း ကလည်း အလားတူဖြစ်စဉ်မျိုးတွေရှိခဲ့ပါတယ်။

အဲဒီအချိန် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်တွေ၊ ပါတီဝင်တွေကို အဲဒီအချိန်ကလည်း ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီးအကျဉ်းချခဲ့ပါတယ်။

သမ္မတဦးဝင်းမြင့်ဆိုရင်လည်း ရှစ်လေးလုံးအရေးအခင်း အပါအဝင် စစ်အုပ်ချုပ်ရေးအောက်မှာ အခြားနိုင်ငံရေး သမားတွေလိုပဲ အကြိမ်ကြိမ် ထောင်ကျခဲ့ပါတယ်။

၁၉၉၀ခုနှစ်မှာ ထောင်ကထွက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်ကာ အနိုင်ရခဲ့ပေမဲ့ စစ်တပ်က ရွေးကောက်ပွဲ ရလဒ်ကို လက်မခံခဲ့ပဲ ဦးဝင်းမြင့်လည်း အခြားသော နိုင်ငံရေး သမားများလိုပဲ ထောင်ကျခဲ့ရသူဖြစ်ပါတယ်။

အဲဒီအချိန်က အမှုရင်ဆိုင်ခဲ့ရသူတွေကတော့ ထောင်တွင်းက စစ်ဗိုလ်တွေဆုံးဖြတ်တဲ့ တရားရုံးတွေကနေ ချမှတ်တဲ့နှစ်ရှည်ထောင်ဒဏ်တွေကို ခံစားခဲ့ကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၉ခုနှစ်ကစလို့ ထောင်တွင်းသီးသန့်အဆောင်မှာ စစ်တပ်ကချမှတ်တဲ့ အမိန့်ကို ခံယူခဲ့ရသလို၊ နေအိမ်အကျယ်ချုပ်စတဲ့ ပုံစံမျိုးတွေနဲ့ နှစ်ပေါင်း ၂၀စွန်းစွန်း နေထိုင်ခဲ့ရကာ ၂၀၁၀ရွေးကောက်ပွဲ မကျင်းပခင် အချိန်မှာမှ ပြန်လွှတ်မြောက်ခဲ့ပါတယ်။

"လူထုနဲ့ နိုင်ငံရေးခေါင်းဆောင်မှုကို ခွဲထုတ်ပြီး အချိတ်အဆက်မိမှာကို တားဆီးတဲ့သဘောပဲဆိုရမှာပါ" လို့ တရုတ်ပြည်သူ့တက္ကသိုလ်၊ တရုတ်နိုင်ငံရေးမဟာဘွဲ့ရသူ လည်းဖြစ်၊ စင်ကာပူနိုင်ငံ လီကွမ်းယု Public Policy School မှာ မဟာဘွဲ့အတွက် လေ့လာဆည်းပူးနေသူလည်းဖြစ်တဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုကြည်ဇင်က သုံးသပ်ပါတယ်။

အဲဒီလိုဖမ်းဆီးမှုကြောင့် ခေါင်းဆောင်မှုပျောက်ကာ ပြည်သူတွေရဲ့စုစည်းပြီး ချက်ချင်းတုံပြန်မှုတွေကိုနှောင့်နှေး စေအောင်ရည်ရွယ်လုပ်ဆောင်တာလို့ သူကပြောပြ ပါတယ်။

"အာဏာကိုသိမ်းယူလိုက်ပြီ၊ လက်ရောက်ယူလိုက်တဲ့ စစ်တပ်အနေနဲ့ကတော့ ဒီလိုအပြစ်ဖော်ပြီးတော့ ဒီလိုပဲ လုပ်မှာပဲလေ၊ သူတို့(စစ်တပ်) လုပ်တာ တရားတယ်ပေါ့ဗျာ။ တရားသဖြင့်လုပ်တယ်ပေါ့… အဲဒီလိုမျိုးပြချင်တာ လား၊ ဘယ်သူ့ကိုပြချင်တာလည်းတော့မသိဘူး။" လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်အရွေးချယ်ခံပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးသူ တရားလွှတ်တော်ရှေ့နေ့ ဦးအောင်သိန်းက မှတ်ချက်ပြုပါ တယ်။

အခုလိုတရားစွဲ၊ အမှုဖွင့်တာက အာဏာသိမ်းတဲ့အချိန်မှာ အာဏာကိုရယူသူတွေအနေနဲ့ လုပ်လေ့လုပ်ထရှိတဲ့ အရာမျိုးဖြစ်ပေမဲ့လည်း၊ စစ်တပ်အပါအဝင် အာဏာသိမ်းသူတွေအပေါ် ထောက်ခံနေသူတွေကို အာဏာ သိမ်းတဲ့လုပ်ရပ်က မှန်ကန်တယ်ဆိုတဲ့ အကြောင်းပြချက်မျိုးပေးနိုင်အောင် လုပ်ဆောင်တာမျိုးပဲလို့ နိုင်ငံရေးလေ့ လာသုံးသပ်သူတွေ၊ ရှေ့နေတွေနဲ့ ဒီမိုကရေစီအရေးတက်ကြွသူတွေဘက်ကတော့ ရှု့မြင်ကြပါတယ်။

အာဏာသိမ်းပြီး ဖမ်းဆီးထိန်းသိမ်းကာ လူမြင်ကွင်းကနေ ဖျောက်ထားတဲ့အထိ အမှုတွေတပ် တရားစွဲမှုတွေကို ပြုလုပ်လေ့ရှိပေမဲ့ အဲဒီလိုစွပ်စွဲခံရသူတွေ အများစုကတော့ လူထုနဲ့ကင်းကွာသွားတာထက် လူထုရဲ့ထောက်ခံမှုကို အရင်ထက် ပိုပြီးရရှိလာတဲ့ဖြစ်ရပ်တွေသာ မြန်မာ့နိုင်ငံရေးမှာ အထင်အရှား ရှိခဲ့ဖူးတယ်လို့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေအပြင် ပြည်သူအများကပါ ယူဆထား ကြပါတယ်။

လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့ တရားရုံးရဲ့ အမိန့်ချမှတ်မှုဟာ စစ်ကောင်စီလက်အောက် တရားစီရင်ရေးက အမိန့်ချမှတ်မှာဖြစ်လို့ အမိန့်က ဘယ်လိုပဲ ဖြစ်လာပါစေ ဒီအမှုနဲ့ ဆက်စပ်ပြီး သမ္မတဦးဝင်းမြင့်က စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ ဥပဒေနဲ့ညီမညီဆိုတာကို အချက်အလက်နဲ ကိုယ်တိုင်ချေပ သက်သေထွက်ခဲ့တာက အထင်အရှားပါလို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေ၊ ဥပဒေပညာရှင်တွေက ပြောကြပါတယ်။