ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဥပဒေအထောက်အကူပြုလုပ်ငန်းလုပ်ဆောင်သူတဦးကို စစ်ကောင်စီကဖမ်းဆီးထား
မန္တလေးမြို့မှာ ရုံးဖွင့်ထားတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် International Law Firm- ILF ရဲ့ ဆက်သွယ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာအရာရှိ မချယ်ရီစုကို စစ်ကောင်စီက နိုဝင်ဘာလ ၂ ရက်နေ့မှာ ဖမ်းဆီးသွားပြီးနောက် ဘာသတင်းမှမကြားရဘဲ ပျောက်ဆုံးနေတယ်လို့ သူ့ရဲ့မိသားစုက ဘီဘီစီကို ပြောပါတယ်။
မချယ်ရီစုဟာ နိုဝင်ဘာလ ၂ ရက်နေ့ အင်္ဂါနေ့မှာ ရုံးတက်အလုပ်လုပ်ပြီး နေ့ခင်း ၁ နာရီလောက် အိမ်ပြန်သွားတဲ့နောက်ပိုင်းမှာ ပျောက်ဆုံးနေတယ်လို့ သူ့မိသားစုက ဆိုပါတယ်။ နောက်ပိုင်းမှာတော့ စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရကြောင်းလည်း ပြောပါတယ်။
အဲဒီနေ့ နေ့ခင်းပိုင်းမှာပဲ ၃၄ လမ်းနဲ့ ၃၅ လမ်းအကြား ၆၃ လမ်းပေါ်မှာရှိတဲ့ ကားဝပ်ရှော့ထဲကနေ ခွေးဘီလူးကားလို့ မြန်မာပြည်မှာခေါ်လေ့ရှိတဲ့ Hijet ကားတစီးကို မချယ်ရီစုမောင်းနှင်လာစဉ်မှာ ရွှေငါးကားလို့ခေါ်တဲ့ Toyota mark II အိမ်စီးကားနှစ်စီးနဲ့ ရှေ့နောက်ညှပ်ပိတ်ဖမ်းဆီးသွားခဲ့တယ်လို့ အဲဒီဖြစ်ရပ်ကို မျက်မြင်တွေ့လိုက်သူတဦးက ပြောပြပါတယ်။
ရွှေငါးကားတွေပေါ်ကနေ အရပ်ဝတ်ဝတ်ဆင်ထားသူ ၅ ယောက်ဆင်းလာပြီး မချယ်ရီစုကို ၅ ယောက်စလုံးက သေနတ်နဲ့ ဝိုင်းချိန်ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
မချယ်ရီစုရဲ့ မိသားစုက သူ့ကိုတယ်လီဖုန်းဆက်သွယ်လို့မရတဲ့အတွက် လိုက်လံရှာဖွေကြချိန်မှာ မျက်မြင်သက်သေက ပြန်ပြောပြမှ အဖမ်းခံရတယ်ဆိုတာ သိရတာဖြစ်ပါတယ်။ အဖမ်းခံရပြီးနောက် မိသားစုဝင် တယောက်က မချယ်ရီစုနဲ့ ဖုန်းနဲ့ ခေတ္တစကားပြောခွင့်ရပြီး စစ်ကောင်စီရဲ့ အဖမ်းဆီးခံရကြောင်းကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မချယ်ရီစုဘယ်ကိုရောက်နေတယ်ဆိုတဲ့ သတင်းကို တိတိကျကျမသိရသလို သူ့ရဲ့ကျန်းမာရေး အခြေအနေကိုလည်း မသိရတဲ့အတွက် အလွန်စိတ်ပူနေတယ်လို့ မချယ်ရီစုရဲ့ မိခင် ဒေါ်မြင့်မြင့်ခိုင်က ဘီဘီစီကို ပြောပါတယ်။
မချယ်ရီစုအလုပ်လုပ်ကိုင်နေတဲ့ International Law Firm ဟာ ငွေကြေးမတတ်နိုင်သူတွေကို ဥပဒေ အထောက်အကူပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှု၊ မူးယစ်ဆေးဝါးမှုက အစ တရားစွဲဆို ခံထားရသူ တဦးဦးဟာ ငွေကြေးမပြည့်စုံမှုကြောင့်ဖြစ်စေ၊ တခြားအကြောင်းတခုခုကြောင့်ဖြစ်စေ ရှေ့နေငှားရမ်းဖို့ မလွယ်ကူရင် ဥပဒေကြောင်းအရ အထောက်အကူပေးပြီး တရားဥပဒေနဲ့အညီထိုက်သင့်တဲ့ခံစားခွင့်ရရှိအောင် အကျိုးဆောင်ပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက် လူအများအပြားဟာ ပုဒ်မ ၅၀၅ အပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ ဝရမ်းထုတ်ခံကြရပါတယ်။ အဖမ်းဆီးခံကြရသူတွေလည်း ရှိပါတယ်။ အဖမ်းဆီးခံကြရသူတွေဟာ ငွေကြေးအခက်အခဲကြောင့်ဖြစ်စေ၊ ရှေ့နေတချို့က အမှုလိုက်ပေးဖို့ ကြောက်ရွံ့လို့ဖြစ်စေ ဥပဒေကြောင်းအရ အကူအညီလိုအပ်ခဲ့ရင် အကူအညီပေးနိုင်သူတွေဆိုတဲ့ အမည်စာရင်းတခုလူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။
အဲဒီအမည်စာရင်းမှာ လူ ၄၀ ကျော်ရဲ့အမည်တွေပါဝင်ပြီး အများစုဟာ ရှေ့နေတွေဖြစ်ကြပါတယ်။ အဲဒီရှေ့နေတွေရဲ့ အမည်နဲ့ အတူ International Law Firm မှာ ဆက်သွယ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာအရာရှိ communication and administration officer အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မချယ်ရီစုရဲ့ အမည်လည်း ပါဝင်ခဲ့ပါတယ်။
အဲဒီရှေ့နေအများစုဟာ ဥပဒေလောကမှာ pro bono လို့ခေါ်ကြတဲ့ အခမဲ့အကျိုးဆောင်ရှေ့နေတွေဖြစ်ကြပါတယ်။ အဖွဲ့အစည်းအသီးသီးက အကျိုးဆောင်ရှေ့နေတွေရဲ့ စာရင်းကို အကျိုးလိုလားသူတွေက လူမှုကွန်ရက်မှာ စုစည်းပြီးတင်ပေးခဲ့တာလို့ မချယ်ရီစုနဲ့ နီးစပ်သူရှေ့နေတဦးက ဘီဘီစီကို ရှင်းပြပါတယ်။
အဲဒီစာရင်းထွက်ပေါ်လာပြီးနောက်မှာ အမည်စာရင်းပါဝင်သူ အယောက် ၄၀ ရဲ့ လုပ်ရပ်ဟာ တရားမဝင်ကြောင်းပြောဆိုပြီး ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ စာတစောင်ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီစာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာရှေ့နေတွေက ရဲစခန်းတွေမှာ လိုက်လံစုံစမ်းရာမှာတော့ ဘယ်ရဲစခန်းကမှ တရားဝင်ထုတ်ပြန်ထားကြောင်း တာဝန်ယူပြောဆိုမှုမရှိတဲ့ အတွက် တရားမဝင်တဲ့ ခြိမ်းခြောက်စာလို့ ယူဆကြောင်း မချယ်ရီစုနဲ့နီးစပ်သူရှေ့နေက ရှင်းပြပါတယ်။
အဲဒီခြိမ်းခြောက်စာထွက်လာပြီးတဲ့နောက်မှာ မချယ်ရီစုဟာ အိမ်မှာမနေဘဲ အဆောင်မှာ ရွှေ့ပြောင်းရှောင်တိမ်းနေထိုင်ခဲ့ပါတယ်။
မိသားစုတကွဲတပြားစီနေထိုင်ကြရတဲ့အတွက် မချယ်ရီစုပျောက်ဆုံးတာကို ချက်ချင်းမသိဘဲ ဖုန်းခေါ်လို့မရတော့မှ မိသားစုက သိခဲ့ကြရတယ်လို့ မချယ်ရီစုရဲ့ ဖခင် ဦးမြင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။
အခုအခါမှာ မိသားစုဝင်အားလုံး တကွဲတပြားစီဖြစ်နေရသလို သမီးဖြစ်သူ မချယ်ရီစုဟာလည်း စစ်ကောင်စီက ဖမ်းဆီးထားတယ်ဆိုတာကလွဲပြီး ဘယ်ရောက်နေမှန်းမသိရသလို စစ်ကောင်စီကလည်း ဘာသတင်းမှ မထုတ်ပြန်တဲ့ အတွက်ပိုပြီးစိုးရိမ်နေတယ်လို့ ဦးမြင့်ထွန်းကဆိုပါတယ်။
"ကျွန်တော့်သမီးဟာ လူ့အခွင့်အရေးမြှင့်တင်မှုနဲ့ဆိုင်တဲ့ အလုပ်လုပ်နေတာပါ။ တရားဥပဒေနဲ့အညီဖြစ်အောင် ဆင်းရဲသူတွေ၊ ရှေ့နေမလိုက်ရဲတဲ့အမှုတွေကို အကူအညီပေးနေတာပါ။ ဒီလိုလူ့အခွင့်အရေးမြှင့်တင်တဲ့အလုပ်လုပ်ကိုင်နေသူတယောက်ကို လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက အကူအညီပေးကြစေချင်ပါတယ်ဗျာ။ အခုတော့ ရက် ၂၀ ကျော်ကြာ ဖမ်းထားပြီး ဘာသတင်းမှလည်း မကြားရ၊ ဘယ်လိုမှလည်း ဆက်သွယ်လို့မရတော့ အဖေတယောက်အနေနဲ့ တော်တော်စိတ်ပူနေပါတယ်။"
မချယ်ရီစုကို ဘာအကြောင်းကြောင့်ဖမ်းဆီးသလဲ၊ သူ့ကိုပုဒ်မတခုခုနဲ့ စွပ်စွဲအရေးယူဖို့ရှိသလား၊ သူ့ရဲ့လက်ရှိကျန်းမာရေးအခြေအနေစတဲ့အချက်တွေကို စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့ဆီဆက်သွယ်ပြီး ဘီဘီစီက ဗုဒ္ဓဟူးနေ့မှာ စာပို့မေးမြန်းထားပေမဲ့ အခုထိ အကြောင်းပြန်ဖြေကြားတာမျိုး မရှိသေးပါဘူး။