အလင်္ကာပုလဲပန်း၊ ကတောက်ကဆတ်နဲ့ ကကြီးဆက်စကားတန်ဆာများ

    • ရေးသားသူ, ကိုသိမ်းမြတ်
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
  • ရေးသားခဲ့သည်။

ဗမာစကားမှာ စကားတန်ဆာဆင်တဲ့ အလေ့အထရှိပါတယ်။ ရှိပြီးသားစကားကို ပြောလို့ဆိုလို့ကောင်းအောင် အပိုဖြည့်စွက်ပြီး ပြောကြတာမျိုးပါ။ အဲသလို အပိုဖြည့်စွက်ပုံဖြည့်စွက်နည်း အမျိုးမျိုးရှိတတ်ပေမဲ့ တဝမ်းပူနဲ့ ကကြီးအပိုဖြည့်ထားတဲ့စကားလုံးတွေက အများဆုံးဖြစ်ပါတယ်။

ဥပမာဆိုရင် တလေးတစား၊ တရိုတသေ၊ တမြော်တခေါ်၊ တမေ့တမော၊ တပိုတပါး၊ တခုတ်တရ၊ တကူးတက ဆိုတဲ့စကားမျိုးတွေပါ။ တခါတလေမှာတော့ တဝမ်းပူတလုံးတည်း ဖြည့်စွက်ထားတာမျိုးလည်း ရှိတတ်ပါတယ်။ ဥပမာ တစိမ့်စိမ့်၊ တဇွတ်ထိုး၊ တငွေ့ငွေ့၊ တစာစာ၊ တစီစီ၊ တဖွဖွ စတဲ့စကားလုံးမျိုးပါ။

ကကြီးအပိုတန်ဆာဆင်တဲ့စကားလုံးတွေလည်း အများကြီးပါ။ ကတောက်ကဆတ်၊ ကတုန်ကယင်၊ ကတုန်ကရီ၊ ကနွဲ့ကလျ၊ ကပျာကယာ၊ ကပျာကသီ၊ ကသီကရီ၊ ကပိုကရို၊ ကယုကယင်၊ ကဖျက်ယဖျက်၊ ကလန်ကဆန် စတဲ့စကားလုံးတွေပါ။ နောက်ထပ်အများကြီးရှိပါသေးတယ်။ တခြားနည်းနဲ့ စကားတန်ဆာဆင်တာတွေလည်း ရှိပါသေးတယ်။

အခု ကကြီးနှစ်လုံးထည့်ပြီး တန်ဆာဆင်တဲ့ စကားလုံးတချို့အကြောင်း ဆွေးနွေးပါမယ်။

ကတောက်ကဆတ်

သတ်ပုံကျမ်းထဲမှာရော၊ အဘိဓာန်ထဲမှာပါ ကတောက်ကဆတ်လို့ ရေးထားပါတယ်။ ကတောက်ကဆလို့ လုံးဝမပါပါဘူး။ ဒီတော့ ကတောက်ကဆတ်လို့ ရေးရမယ်လို့ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ သဘောသက်ရောက်ပါတယ်။ ရပ်ထဲရွာထဲမှာတော့ ကတောက်ကဆလို့ပြောကြသူတွေက ပိုများတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကတောက်ကဆနဲ့ ကတောက်ကဆတ်က အသံထွက်ချင်း တော်တော်နီးစပ်တော့ ကတောက် ကဆတ်ကနေ ကတောက်ကဆ အဖြစ်ပြောင်းသွားတာမျိုး၊ ကတောက်ကဆကနေ ကတောက်ကဆတ်အဖြစ်ပြောင်းသွားတာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။

တောက်ဆတ်ဆိုတာ တောက်တောက်ဆတ်ဆတ်၊ မာမာကျောကျော၊ ရင့်ရင့်သီးသီးလို့ ဆရာတော် ဦးကောသလ္လက မြန်မာစကားလုံးပြောင်းထုံးကျမ်းထဲမှာ ရေးသားထားပါတယ်။ တောက်ဆတ်ဆိုတာ ဆတ်တောက်ဆိုတဲ့စကားနဲ့လည်း အတူတူလို့ ဆိုလိုပါတယ်။ အဲဒီတောက်ဆတ် ဆိုတဲ့စကားထဲမှာ အနက်မဲ့ရှေ့ဆက် ကကြီးနှစ်လုံးကိုထည့်သွင်းပြီး ကတောက်ကဆတ်လို့ ဆိုထားတာလို့ဆိုပါတယ်။ ရင်းမြစ်က မာကျောတာဖြစ်တယ်။ ဒါပေမဲ့ အခုခေတ်သုံးနှုန်းနေတဲ့ သက်ရောက်တဲ့ အဓိပ္ပာယ်ကတော့ မသင့်မတင့်တာ၊ စိတ်သဘောမညီညွတ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဆရာတော်ဦးကောသလ္လက အနက်မဲ့ရှေ့ဆက်လို့ဆိုတာကို သတိပြုစေလိုပါတယ်။ ဆရာကြီးဦးထွန်းတင့်ကတော့ အခုပြောတဲ့ ကကြီးရှေ့ဆက်တွေမှာ အနက်ရှိတယ်လို့ယူဆပါတယ်။ အခုလို စကားတန်ဆာဆင်တဲ့ စကားလုံးမျိုးသာမကဘဲ ကတ္တားနောက်ဆက် က၊ ကံနောက်ဆက် ကို၊ နာမ်ချင်းဆက်တဲ့ ဝိဘတ် နှင့်၊ ကြိယာနောက်ဆက် ၏၊ သည် တို့လို သဒ္ဒါစကားလုံးတွေမှာပါ အားလုံးဟာ အနက်ရှိတယ်လို့ ယူဆပါတယ်။

“ကကြီးရဲ့သဘောက လှုပ်ရှားတာကို ဟောပါတယ်။ အခုကကြီးနဲ့ စကားတန်ဆာဆင်ထားတဲ့ စကားလုံးတွေကို ကြည့်ရင် ကတောက်ကဆ၊ ကတုန်ကယင်၊ ကတုန်ကရီ၊ ကနွဲ့ကလျ၊ ကပျာကယာ၊ အဲဒါတွေအားလုံးဟာ လှုပ်ရှားနေတဲ့သဘော မတည်ငြိမ်တဲ့သဘောကို တနည်းမဟုတ်တနည်းနဲ့ ဖော်ပြနေတာတွေ့ရပါလိမ့်မယ်။”

တခြားစကားလုံးတွေကိုပါ ရှင်းလင်းဆွေးနွေးပြီးတဲ့အခါမှာ ဆရာကြီးပြောတဲ့ ဒီသဘောဟာ ပိုပြီးထင်ရှားလာမှာ ဖြစ်ပါတယ်။

ကတောက်ကဆလည်း ဖြစ်နိုင်

ဆရာကြီးဦးထွန်းတင့်ကတော့ ကတောက်ကဆလို့ အရပ်ထဲမှာ အသုံးများနေကြတာကလည်း မှားတယ်လို့ မဆိုနိုင်ဘူးလို့ ပြောပါတယ်။ ကတောက်ကဆကနေ ကတောက်ကဆတ်လို့ အသံပြောင်းသွားတာတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“တကယ်တော့ ဆတယ်လို့ပြောတာဟာ နှိုင်းယှဉ်တဲ့ သဘောမျိုးပါတယ်ဗျ။ နှိုင်းယှဥ်တယ်ဆိုတော့ ယှဥ်ပြိုင်တဲ့သဘော သူနိုင်ကိုယ်နိုင်ပြောတဲ့ သဘောမျိုးလည်း ပါတာပေါ့။ နင်ပဲငဆ ပြောတယ်ဆိုတဲ့ ဆ မျိုးပေါ့။ အဲဒီတော့ ကတောက်ကဆလည်း မှားတယ်လို့ မဆိုနိုင်ပါဘူး။ ပြောတာတော့ ကတောက်ကဆပဲ။ ဆကနေ ဆတ်လို့လည်း အသံပြောင်းနိုင်တာပါ့။ ဥပမာ ကြပ်မတယ်ဆိုတာပဲရှိတယ်။ အဲဒါကမှ အမှန်။ ဒါပေမဲ့ရှေ့က ကြပ်အသံနောက်ပါသွားပြီး ကြပ်မတ်တယ်လို့ပြောကြတော့ ဘယ်မှာမှ မရှိခဲ့ဖူးတဲ့ ကြပ်မတ်ကိုပဲ သတ်ပုံကျမ်းမှာ ပြဋ္ဌာန်းထားရတယ်။”

စပ်ကူးမတ်ကူးဆိုတဲ့စကားဟာလည်း တကယ့်အမှန်က စပ်ကူးမကူးလို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ စပ်ကူးမကူးဆိုတာ လှည်းဘီးကို ပျဉ်ချပ်တွေနဲ့စပ်တဲ့အလေ့အထကနေ လာတဲ့စကားလို့ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ လှည်းဘီးကို လှည်းဒေါက်တွေနဲ့ မလုပ်ဘဲ ပျဉ်ချပ်ကြီးသုံးချပ်စပ်တဲ့စနစ်ကို ဆရာကြီးကပြောတာပါ။ အဲဒီပျဉ်ချပ်ကြီး သုံးချပ်မှာ အလယ်ချပ်က ပင်မဖြစ်တဲ့အတွက် သူ့ကို မ လို့ခေါ်ပြီး ဘေးက နှစ်ချပ်ကို စပ် လို့ခေါ်ပါတယ်။ အဲဒီစပ်နဲ့မနဲ့ကူးတဲ့နေရာဟာ စပ်ကူးမကူး ဖြစ်ပါတယ်။ ဒါပေမဲ့ လူအများက စပ်ကာရန်နောက်လိုက်ပြီး စပ်ကူးမတ်ကူးလို့ခေါ်ကြတော့ လူသုံးများတာကို လိုက်လျောပြီး ပြဋ္ဌာန်းပေးထားရတယ်လို့ ဆရာကြီးက ဆိုပါတယ်။

သတ်ပုံကျမ်းထဲပါတာအားလုံးအမှန်မဟုတ်

သတ်ပုံကျမ်းနဲ့ အဘိဓာန်ထဲမှာတော့ ကတောက်ကဆတ်ကိုသာ ပြဋ္ဌာန်းထားပြီး ကတောက်ကဆကို လုံးဝဖော်ပြမထားပါဘူး။ ဒီတော့ ကတောက်ကဆတ်လို့သာ ရေးရမယ်လို့ ပြဋ္ဌာန်းထားတဲ့ သဘောဖြစ်နေပါတယ်။

“ပြဋ္ဌာန်းထားတဲ့အတိုင်း လိုက်ရမှာပေါ့။ ပြဋ္ဌာန်းထားတာကို မပြင်နိုင်သေးရင် ပြဋ္ဌာန်းထားတဲ့ အတိုင်းလိုက်ရတော့မှာပါ။ အနက်ကတော့ ကတောက်ကဆလည်း မှန်တယ်လို့ထင်ပါတယ်” လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။

သတ်ပုံကျမ်းဟာ အများအသုံးညီညွတ်အောင် ဒီလိုသုံးပါလို့ ပြဋ္ဌာန်းပေးထားတာသာ ဖြစ်ပြီး အဲဒီသတ်ပုံကျမ်းထဲမှာ ပါတဲ့စာလုံးပေါင်းအားလုံးကသာ အမှန်လို့ မဆိုလိုကြောင်းလည်း ဆရာကြီးဦးထွန်းတင့်ကပြောပါတယ်။

“သတ်ပုံကျမ်းဆိုတာ ခဏခဏ ကျနော်ပြောသလိုပဲ၊ သတ်ပုံကျမ်းထဲမှာပါတာမှ မှန်တယ်လို့ပြောတာ မဟုတ်ဘူး။ ဒီလိုပဲရေးပါလို့ ပြဋ္ဌာန်းထားတာ။ သတ်ပုံကျမ်းဆိုတာ မှားတာလည်း ပြဋ္ဌာန်းတာပဲဗျ။ သတ်ပုံကျမ်းထဲမှာ အမှားတွေက အများကြီး။ အမှားတွေအများကြီးဆိုတာက မှားမှန်းသိလျက်နဲ့ လူသုံးတွင်ကျယ်နေလို့ လိုက်လျောပြီး ပြဋ္ဌာန်းရတာတွေလည်း ရှိတယ်။ မှားမှန်းမသိသေးလို့ အမှားကို ပြဋ္ဌာန်းမိထားတာတွေလည်း ရှိနေသေးတာပဲ။”

မှားနေတယ်ဆိုတဲ့စကားလုံးတွေကို ပြဋ္ဌာန်းပေးထားရတာတွေနဲ့ ပတ်သက်ပြီး ဆရာကြီးဦးထွန်းတင့်က စကားလုံးတချို့ကို မကြာခဏထောက်ပြပြောလေ့ရှိပါတယ်။ သူပြောလေ့ရှိတဲ့ အထဲမှာ အထင်ရှားဆုံးဥပမာက သေတ္တာဖြစ်ပါတယ်။ အခုပြဋ္ဌာန်းထားတာက သေတ္တာပါပဲ။ ဒါပေမဲ့ ရင်းမြစ်က တာဖြစ်ပါတယ်။ တာဆိုတာ အလျားအနံအတိုင်းအတာပါတဲ့ ထည့်စရာပစ္စည်းဖြစ်ပါတယ်။ ဒါ့ကြောင့် သေတ္တာဆိုတာ သစ်နဲ့လုပ်ထားတဲ့တာမို့ သစ်တာလို့သာ ပြောမှ အမှန်ဖြစ်ပါတယ်။ ဒါပေမဲ့ လူအများအကြားမှာ အရေးရောအပြောမှာပါ သေတ္တာဆိုတာ တွင်ကျယ်နေပါပြီ။ တကယ်လို့ သစ်နဲ့လုပ်တဲ့တာမို့ သစ်တာလို့ ခေါ်ရမယ်လို့ ပြင်ဆင်ပြဋ္ဌာန်းပေးမယ်ဆိုရင် အဲဒီပြဋ္ဌာန်းချက်နဲ့ လိုက်လျောညီထွေဖြစ်အောင် ရွှေနဲ့လုပ်တဲ့တာကို ရွှေတာလို့ခေါ်ရမယ်။ သံနဲ့လုပ်တဲ့တာကို သံတာလို့ခေါ်ရမယ်။ ရွှေသေတ္တာ၊ သံသေတ္တာလို့ခေါ်ရင်မှားသွားမယ်။ မီးခံသေတ္တာကိုလည်း မီးခံတာလို့ပဲခေါ်ရပေလိမ့်မယ်။ ရေခဲသေတ္တာကိုလည်း ရေခဲတာလို့ပဲခေါ်ရမယ်။ လူတွေကို ရွှေတာ၊ သံတာ၊ မီးခံတာ၊ ရေခဲတာလို့ပဲ ခေါ်ပါဆိုရင် ကျေနပ်ကြပါ့မလား။ လက်ခံနိုင်ကြပါ့မလား။ လက်ခံလိုက်နာဖွယ်မရှိ၊ အဆင်ပြေချောမွေ့ဖွယ်မရှိဘူးလို့ ယူဆတဲ့အတွက် သေတ္တာကိုပဲ လူအများသုံးလိုက်လျောပြီး ပြဋ္ဌာန်းထားပေးတယ်လို့ ဆရာကြီးက ဆိုပါတယ်။

နောက်ထပ်မှားကြောင်းထင်ရှားတဲ့ စကားလုံးကတော့ ဂဃနဏ ဆိုတဲ့စကားလုံးဖြစ်ပါတယ်။ သတ်ပုံကျမ်းမှာ အခုထိ ဂဃနဏ လို့ပြဋ္ဌာန်းထားပါသေးတယ်။ ဂငယ်ဃကြီးနငယ်ဏကြီးကို ခွဲခြားနားမလည်တဲ့သဘောလို့ ရှေးက ယူဆပြီး အဓိပ္ပာယ်ဖွင့်ခဲ့ကြပါတယ်။ တကယ်တော့ ဂဃနဏဆိုတာဟာ ဂဂနနလို့သာ ပြဋ္ဌာန်းသင့်တဲ့ စကားလုံးဖြစ်ပါတယ်။ တကယ်လို့ ရင်းမြစ်ကို ဒီ့ထက်ပိုလိုက်မယ်ဆိုရင် ကကနနလို့တောင် ပြဋ္ဌာန်းရမှာပါ။ ဒီစကားလုံးဟာ ကျကျနန၊ ကကနန ဆိုတဲ့စကားတွေကနေ ဆင်းသက်ပါတယ်။ သေသေချာချာဆိုတဲ့ အဓိပ္ပာယ်ပါ။ ကနသေချာဆိုတဲ့ ဗမာစကားရှိပါတယ်။ အသံထွက်ရင် ဂနသေချာလို့ အသံထွက်လေ့ရှိပါတယ်။ အဲဒီဂနနဲ့ ဂဂနန အတူတူပါပဲ။ ဒါပေမဲ့ မှားနေတဲ့ ဂဃနဏကို လူအများတွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့အတွက် လိုက်လျောပြဋ္ဌာန်းပေးထားတာလို့ ဆိုပါတယ်။ အခုအခါ မြန်မာစာဆရာကြီးများအားလုံးကလည်း ဂဃနဏဟာမှားကြောင်း ပြောဆိုကြသလို လူအများလည်း သိရှိနေကြပြီဖြစ်တဲ့အတွက် နောင်မှာ ပြန်လည်ပြင်ဆင်ကောင်းပြင်ဆင်ဖွယ်ရှိတယ်လို့ ဆရာကြီးကဆိုပါတယ်။

ဒါ့အပြင် ကိုယ်ခန္ဓာကိုပြောတဲ့ ကိုယ် ဆိုတဲ့စကားလုံးကို အခုရေးသလို ယပက်လက်သတ်နဲ့ ပြဋ္ဌာန်းထားပါတယ်။ ပါဠိစကားကာယကနေ လာတယ်လို့ ရှေးကယူဆတဲ့ အတွက် ကိုယ်လို့ ယပက်လက်သတ်နဲ့ ရေးခဲ့ကြတာပါ။ အခုအခါ ပါဠိသက်စကားလုံးမဟုတ်ကြောင်း သေသေချာချာ သိနေပြီဖြစ်တဲ့ အတွက် ကိုခန္ဓာလို့သာ ပြဋ္ဌာန်းမှ အမှန်လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကိုယ်အရေးက တွင်ကျယ်နေပြီးဖြစ်လို့ ကိုလို့ ပြောင်းရေးပါဆိုရင် မနှစ်သက်သူ မလိုက်နာချင်သူတွေ အများကြီးဖြစ်လာလိမ့်မယ်လို့ ဆရာကြီးက ဆိုပါတယ်။

ဘာသာစကားဟာ စီးဆင်းတတ် ရွေ့လျားပြောင်းလဲတတ်တဲ့ သဘောရှိပါတယ်။ ပြောင်းလဲမှုကို လက်ခံရပါတယ်။ လူအများဆက်သွယ်ပြောဆိုဖို့ ကြားခံကိရိယာအဖြစ် အသုံးပြုတာဖြစ်တဲ့အတွက် လူအများညီတာကို အတည်ယူရပါတယ်။ အများညီရင်ဤကိုကျွဲဖတ်ရတယ်ဆိုတာဟာ သိပ္ပံပညာမှာ လက်ခံလို့မရပေမဲ့ ဘာသာစကားနယ်ပယ်မှာ လက်ခံရပါတယ်။ လက်မခံလို့ မရပါဘူး။

ဥပမာ အခုခေတ် တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ တယ် ဆိုတဲ့စကားဟာ သည် ကနေ ပြောင်းလဲလာတာ ဖြစ်ပါတယ်။ မည်ကိုမယ်၊ လည်းကိုလဲ၊ နည်းကိုနဲ၊ တည်းကိုတဲလို့ အသံထွက်ကြသလို သည်ကို သယ်လို့ အသံထွက်ရာကနေ သယ်ကမှတဆင့် တယ် အဖြစ်ပြောင်းလဲရွေ့လျားလာတာ ဖြစ်ပါတယ်။ ဒါကို အခုပြောင်းလဲသုံးတဲ့ တယ် ဆိုတာ ရွေ့လျားပျက်စီးလာတဲ့စကားမို့ သည်လို့ပဲ ပြန်သုံးရမယ်လို့ ပြဋ္ဌာန်းရင် မသင့်တော်ပါဘူး။ လူတွေကလည်း လိုက်နာမှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် သတ်ပုံကျမ်းမှာ အားလုံးကို အမှန်အတိုင်း၊ မူလအတိုင်း၊ ရင်းမြစ်အတိုင်းပြဋ္ဌာန်းဖို့ မဖြစ်နိုင်သလို၊ အားလုံးကို အသံထွက်သလို လိုက်ပြဋ္ဌာန်းဖို့ဆိုတာကလည်း မသင့်တော်တဲ့ အတွက် တချို့ကို ရင်းမြစ်အပေါ်အခြေခံပြဋ္ဌာန်းထားပြီး တချို့ကိုတော့ အသုံးတွင်ကျယ်မှုအပေါ်အခြေခံပြဋ္ဌာန်းထားတယ်လို့ ဆရာကြီးဦးထွန်းတင့်က ရှင်းပြထားပါတယ်။