စစ်အာဏာသိမ်းမှုနဲ့ တကျော့ပြန် ဘားကောင်စီ

ရေးသားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်မှာ ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး အဖွဲ့၀င်အများစုကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်နိုင်တဲ့ မြန်မာနိုင်ငံ တရားလွှတ်တော်ရှေ့နေများကောင်စီ (Bar Council ဘားကောင်စီ) ဥပဒေကို စစ်ကောင်စီက အောက်တိုဘာလ ၂၈ ရက်နေ့မှာ ထပ်မံပြင်ဆင်လိုက်ပါတယ်။

ရှေ့နေတွေကို အကာအကွယ်ပေးဖို့၊ ရှေ့နေ မှတ်ပုံတင်ခွင့်နဲ့ စည်းကမ်းထိန်းသိမ်းရေးကို ကြီးကြပ်တဲ့ အဓိက ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ ဘားကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့၀င် အများစုကို နိုင်ငံတ၀န်းတရားလွှတ်တော်ရှေ့နေတွေက မဲပေးရွေးချယ်နိုင်တဲ့ ဥပဒေ ပုဒ်မ ၅ ကို စစ်ကောင်စီက အဓိက ဖျက်သိမ်းလိုက်ပြီး အရင်စစ်အစိုးရလက်ထက်တုန်းကလို တရားလွှတ်တော်ချုပ်နဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက အမည်စာရင်းတင်သွင်းသူတွေနဲ့သာ ဖွဲ့စည်းသွားဖို့ ကြေညာလိုက်တာပါ။

စစ်ကောင်စီက ပြင်ဆင်လိုက်တဲ့ ဥပဒေအရ ပြည်ထောင်စု ရှေ့နေချုပ် ဒါမှမဟုတ် ဥပဒေရေးရာ ပြည်ထောင်စု ၀န်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး စုစုပေါင်း ၂၂ ဦး ပါ၀င်ပါတယ်။

ဒါပေမဲ့ အဖွဲ့၀င် အများစုကို ရှေ့နေချုပ်နဲ့ တရားသူကြီးချုပ်တို့ကသာ ခန့်အပ်တာကြောင့်

အမှုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေအတွက် အခွင့်အရေးဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်လို့ ဥပဒေပညာရှင် တဦးက အခုလို သုံးသပ်ပါတယ်။

" ပြင်ဆင်ထားတဲ့ ဥပဒေ ၂၀၁၉ ခုနှစ် ဥပဒေမှာ ပါတဲ့ ဖွဲ့စည်းပုံ ပုဒ်မ ၅ ကို ဖျက်ပစ်လိုက်တယ်၊ အခု လက်ရှိ ဘားကောင်စီထဲမှာ ပြင်ပက လွတ်လပ်သော ရှေ့နေကြီးတွေ ပါ၀င်ခွင့် နည်းသွားတယ်။ တနည်းအားဖြင့် တရားလွှတ်တော်ရှေ့နေအဖြစ် အသက်မွေး၀မ်းကျောင်းပြုနေကြတဲ့ တနိုင်ငံလုံးက ရှေ့နေတွေက မိမိတို့ကိုယ်စားဆောင်ရွက်မယ့် အဖွဲ့၀င်ကို ရွေးချယ်ခွင့် အခွင့်အရေး ဆုံးရှုံးသွားသလို ပြည်ထောင်စု တရားဥပဒေချုပ်ကလည်း သူ့သဘောဆန္ဒ၊ သူရွေးချယ်ပေးတဲ့သူတွေသာလျှင် ဘားကောင်စီထဲမှာ ပါခွင့်ရသွားမယ်" လို့ ဆိုပါတယ်။

ဘားကောင်စီ သမိုင်းကြောင်း

ဘားကောင်စီလို့ အများက သိကြတဲ့ တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို အင်္ဂလိပ်အစိုးရလက်ထက် ၁၉၂၆ ခုနှစ်မှာ ပြဌာန်းခဲ့ပြီး ၁၉၂၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ စတင်ကျင့်သုံးခဲ့ပါတယ်။

အဲဒီတုန်းက ဖွဲ့စည်းခဲ့တဲ့ ဘားကောင်စီမှာ အဖွဲ့၀င် ၁၅ ဦး ပါ၀င်ပြီး တရားရုံးချုပ်ရှေ့နေတွေက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ် ၁၀ ဦးအထိ ပါ၀င်ခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၈၈ လူထုအရေးတော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်က မြို့တော်ခန်းမရှေ့မှာ လူတွေကို သေနတ်နဲ့ ပစ်သတ်တာဟာ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁ (ခ) အရ ကြိုတင်ကြံစည်ပြီး လူသတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့ ဘားကောင်စီက ကြေညာချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အဲဒီတုန်းက စစ်အစိုးရက သူတို့စိတ်ကြိုက် လူတွေနဲ့သာ ဖွဲ့စည်းနိုင်ဖို့အတွက် ဘားကောင်စီ ဥပဒေကို ၁၉၈၉ ခုနှစ်မှာ ပြင်ဆင်ခဲ့ပါတယ်။

နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောင်ရေးအဖွဲ့လို့ သူတို့ကိုယ်သူတို့ အမည်ပေးထားတဲ့ န၀တအဖွဲ့ လက်ထက်မှာလည်း ဘားကောင်စီအဖွဲ့၀င်တွေကို မဲပေးရွေးချယ်နိုင်တဲ့ ဥပဒေ ပုဒ်မကို ဖျက်သိမ်းလိုက်ပြီး ရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ အဖွဲ့၀င်အများစုကိုလည်း တရားလွှတ်တော်ချုပ်က ခန့်အပ်တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ အာဏာရလာပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာ ဘားကောင်စီ ဥပဒေပါ ပုဒ်မ တချို့ကိုသာမက ဖွဲ့စည်းပုံကိုပါ ပြင်ဆင်လိုက်ပြီး ပြည်ထောင်စုရှေ့နေ့ချုပ်က ဘားကောင်စီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ စုစုပေါင်း ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အနေနဲ့ ၂၀၂၀ ခုနှစ် သြဂုတ်လအတွင်းမှာ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ဘားကောင်စီမှာ တာ၀န်ထမ်းဆောင်မယ့် ၀ါရင့်တရားလွှတ်တော်ရှေ့နေကြီး ၁၁ ဦးကို နိုင်ငံတ၀န်းမှာရှိတဲ့ ရှေ့နေတွေက ဒီမိုကရေစီနည်းကျ မဲပေးရွေးချယ်ခဲ့ကြပါတယ်။

အဲဒီ ရွေးကောက်ပွဲရလဒ်တွေအရ NLD ဥပဒေပြု အထောက်အကူပြုအဖွဲ့က ၀ါရင့်ရှေ့နေကြီးတွေ ဖြစ်တဲ့ ဦးဥာဏ်၀င်း၊ ဦးကျော်ဟိုးတို့သာမက လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖြစ် ဆောင်ရွက်နေတဲ့ ဦးခင်မောင်ဇော်နဲ့ မန္တလေးက ရှေ့နေကြီး ဦးသိန်းသန်းဦးတို့လို လုပ်သက် ၁၅ နှစ်အထက် ရှေ့နေကြီးတွေလည်း ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌက ဒီဥပဒေကို ထပ်မံ ပြင်ဆင်လိုက်ပြီး ဘားကောင်စီမှာ တာ၀န်ထမ်းဆောင်မယ့်သူတွေကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်နိုင်မယ့် ဥပဒေကိုပါ ဖျက်သိမ်းလိုက်ပါတယ်။

ရှေ့နေတွေကို ဖိနှိပ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်လား

မြန်မာနိုင်ငံရှေ့နေများကောင်စီဟာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ချိုးဖောက်ရင် နိုင်ငံတ၀န်းမှာရှိတဲ့ ရှေ့နေတွေကို ပြင်းထန်စွာ သတိပေးတာ၊ အမှုလိုက်ပါဆောင်ရွက်ခွင့် ဆိုင်းငံ့တာ ဒါမှမဟုတ် ရှေ့နေအဖြစ်ကနေ ပယ်ဖျက်တာတွေလည်း လုပ်နိုင်ပါတယ်။

ဒါကြောင့် စစ်ကောင်စီကို ဆန့်ကျင်တဲ့ ရှေ့နေတွေကို ပစ်မှတ်ထား အရေးယူတာတွေ ရှိလာနိုင်ပြီး အမှုကိစ္စတွေနဲ့ ပတ်သက်လို့ ရှေ့နေတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုပါ ထိခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

လက်ရှိမှာလည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေကာ တရားဥပဒေနဲ့အညီဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်တဦးဦးကို ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦး၀င်းမြင့်တို့ရဲ့ အမှုတွေမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ၀ါရင့်ရှေ့နေကြီးတွေအားလုံးကို ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ အမှုတွေအကြောင်း သတင်းမီဒီယာတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ထုတ်ဖော်ပြောဆိုတာတွေကို ပိတ်ပင်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တရားလွှတ်တော် ရှေ့နေတဦးက "အရင်လိုမျိုး ဥပဒေရေးရာတွေ၊ အများပြည်သူအခွင့်အရေးကို လွတ်လွတ်လပ်လပ် ပြောရဲဆိုရဲတဲ့ ရှေ့နေတွေကို လိုင်စင်ရုပ်သိမ်းတာတွေ ဘာတွေ နောက်ဆက်တွဲတွေ လာနိုင်တဲ့အတွက် အရင်လိုတော့ လွတ်လွတ်လပ်လပ် ရပ်တည်ဖို့ နည်းနည်းတော့ နောက်ဆုတ်သွားနိုင်တယ်"လို့ ပြောပါတယ်။