စစ်အာဏာသိမ်းမှုကြောင့် မိဘနဲ့ ခွဲနေရတဲ့ ကလေးတွေ

အဖေကို အားတင်းထားဖို့ ပြောတဲ့ မယဉ်ငြိမ်းသော်

ဓာတ်ပုံ ရင်းမြစ်, Yin Nyein Thaw Family

ဓာတ်ပုံ ပုံစာ, အဖေကို အားတင်းထားဖို့ ပြောတဲ့ မယဉ်ငြိမ်းသော်
ရေးသားခဲ့သည်။

"ဖေဖေ့ကို လွမ်းတယ် ဖေဖေ့ကို တွေ့ပြီဆိုတာနဲ့ အရင်ဆုံး ပြေးဖက်မိမှာပဲ။"

"ဖေဖေက နိုင်ငံရေး လုပ်တာမို့လို့ ရှောင်တိမ်းနေရတာ၊ သူများမိဘတွေလိုမျိုး တွေ့ရတာ မဟုတ်ဘဲ ခွဲနေရတော့ သတိကတော့ ရတာပေါ့၊ ဖေဖေက လူကောင်းပါ။ အခြေအနေအရ ရှောင်တိမ်းနေရတယ်လို့ပဲ ထင်တယ်။"

ဒီလိုစကားတွေ ပြောနေသူက စစ်ကောင်စီက ဖမ်းဆီးဖို့ ဝရမ်း ထုတ်ထားတဲ့အတွက် ရှောင်တိမ်းနေရသူရဲ့ သမီး တစ်ယောက်ဆိုတာ မပြောဘဲ သိနိုင်ပါတယ်။ ဒါပေမဲ့ သူဟာ အသက် ၁၁ နှစ်ပဲ ရှိသေးတဲ့ ငါးတန်းကျောင်းသူလေးလို့တော့ တွေးမိကြမှာ မဟုတ်ပါဘူး။

ချစ်ခွန်းချို လို့ မိဘတွေ ချစ်စနိုးခေါ်သူက ပြောပြနေတာတွေက လက်ရှိ မြန်မာ နိုင်ငံမှာ စစ်အာဏာရှင် ဖြုတ်ချရေး ပါဝင်လှုပ်ရှားကြသူတွေရဲ့ မိသားစုဝင် ကလေးငယ်တွေ ကြုံတွေ့ ခံစားနေရတဲ့ အခြေအနေကို ထင်ဟပ်စေတာ ဖြစ်ပါတယ်။

အရွယ်နဲ့ မမျှအောင် ရင့်ကျက်နေတဲ့ ဒီလို ကလေးမျိုးတွေ လောလောဆယ် မြန်မာနိုင်ငံမှာ အများကြီး ရှိနေပါတယ်။

မိခင်၊ ဖခင် တစ်ယောက်ဖြစ်ဖြစ် ဒါမှမဟုတ် မိခင်ရော ဖခင်ပါ နှစ်ယောက်စလုံး ဖမ်းဆီးခံထားရတာ၊ တိမ်းရှောင်နေကြရတာ ကြုံနေရသူ လူတွေ အများကြီးထဲမှာ ချစ်ခွန်းချိုလည်း တစ်ယောက် အပါအဝင်ပါ။

ဒီလို အရွယ်မှာ ကလေးတို့ သဘာဝ အပူအပင် ကင်းကင်းနဲ့ မိသားစု ပျော်ပျော်ရွှင်ရွှင် နေရမယ့် အချိန်တွေ ဆုံးရှုံးနေရပြီး ဖခင်နဲ့ ခွဲနေရသူ ဖြစ်ပါတယ်။ သူ့ ညီမလေးကလည်း အသက် ၅ နှစ်အရွယ်ပဲ ရှိပါသေးတယ်။

ညီမလေးကတော့ ဖေဖေအိမ်မှာ မရှိလို့ သတိရတာကလွဲပြီး ဘာမှ သိပ်နားမလည်ဘူးလို့ ချစ်ခွန်းချိုက ပြောပါတယ်။

ချစ်ခွန်းချိုရဲ့စာ

ဓာတ်ပုံ ရင်းမြစ်, Chit Khoon Cho's Family

ဓာတ်ပုံ ပုံစာ, ချစ်ခွန်းချိုရဲ့စာ

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး "သမီးလည်း တအားကြီးတော့ မသိဘူးပေါ့နော်၊ ဒါပေမဲ့ ဘယ်လို သိထားလည်း ဆိုတော့ နိုင်ငံက လူတွေက မလိုချင်တဲ့ ခေါင်းဆောင်က အာဏာသိမ်းထားတယ်ပေါ့နော်၊ အဲလိုမျိုးပဲ သိထားတယ်" လို့ သူက ပြောပါတယ်။

သူ့ရဲ့ ဖခင်က ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အန်အယ်လ်ဒီ အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက် ဖြစ်ပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ကိစ္စကို တက်တက်ကြွကြွ ဆန့်ကျင်ရာမှာ ပါဝင်ခဲ့တဲ့ သူ့ဖခင်ဟာ ပုဒ်မ ၁၂၂ နိုင်ငံတော် ပုန်ကန်မှု၊ ပုဒ်မ ၅၀၅-ခ တို့နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရပြီးနောက် အိမ်ကို စွန့်ခွာ တိမ်းရှောင်သွားခဲ့ပါတယ်။

သူ့ဖခင်ကို ဖမ်းဖို့ အိမ်မှာ လာရှာတာ လေးကြိမ်ရှိပါပြီ။ အဲဒီလို လာရှာတဲ့ အချိန်က သိပ်ကို ကြောက်ရွံ့နေခဲ့မိတယ်လို့ ချစ်ခွန်းချိုက ပြောပါတယ်။ အခုလည်း အန္တရာယ် ကင်းပြီလား ဆိုတော့ မကင်းသေးဘူး ဒါပေမဲ့ ဒီလိုပဲ နေရတာပေါ့လို့ ဆိုပါတယ်။

လက်နက်အင်အား လူအင်အားနဲ့ အဖေဖြစ်သူကို ဖမ်းဖို့ အိမ်မှာ လာရှာတာကို ကလေးတစ်ယောက်အနေနဲ့ ကြုံရတာပါ။

အခု သူ့ဖခင် အိမ်မှာ မရှိတော့ သမီးကြီးဖြစ်တဲ့ သူက ညီမလေးကိုလည်း ဂရုစိုက်ရ၊ အမေဖြစ်သူကိုလည်း အရင်ကထက် ပိုဂရုစိုက်ပြီး ကူညီပေးနေတယ်လို့ ပြောပါတယ်။

ဖခင်ကို လွမ်းရင်တောင် အမေ စိတ်မကောင်းဖြစ်မှာစိုးလို့ ဘယ်သူမှ မသိအောင် တစ်ယောက်တည်း ကြိတ်ငိုရတယ်လို့လည်း သူက ပြောပါတယ်။

စာတွေရေးလေ့ ရှိသူဖြစ်လို့ သူ့အဖေကို သတိရတဲ့ အကြောင်းတွေ၊ ချစ်တဲ့ အကြောင်းတွေ၊ မြန်မြန် ပြန်တွေ့ချင်တဲ့ အကြောင်းတွေကို စာရေးထားတယ်လို့ ပြောပါတယ်။

သူ့စာတွေကို ဘယ်သူ့မှ ပြလေ့မရှိတဲ့ ချစ်ခွန်းချိုက ဘီဘီစီကိုတော့ သူ့လက်ရေး စာသားတွေကို ဝေမျှထားပါတယ်။

အဖေကို သတိရနေတဲ့ သူ့အတွက် အဖေနဲ့ လူချင်း မတွေ့ရပေမဲ့ ဖုန်းနဲ့ စကားပြောခွင့်တော့ ရပါတယ်။

"အခုလောလောဆယ်မှာတော့ ဖေဖေ့ကို တွေ့ချင်တယ်။ အရမ်းတွေ့ချင်တယ်။ ပြီးသွားတော့ ဒါတွေလည်း အားလုံးပြီးစေချင်တယ်" ဆိုတဲ့ ချစ်ခွန်းချိုက အခု လောလောဆယ် သူ အဖြစ်ချင်ဆုံး ဆန္ဒက သူ့အဖေကို ပြန်တွေ့ရဖို့ပဲ လို့ ပြောပါတယ်။

သူ့လိုပဲ နောက်ထပ် ကြုံတွေ့နေရသူက အသက် ၈ နှစ်အရွယ် မယဉ်ငြိမ်းသော်ပါ။

သူ့ကတော့ အဖေက ထောင်ထဲမှာ ဖမ်းဆီးခံထားရပြီး မိခင် ဖြစ်သူကလည်း ပုဒ်မ ၅၀၅-ခ အထုတ်ခံထားရလို့ မိခင်နဲ့အတူ တိမ်းရှောင်နေရသူ ဖြစ်ပါတယ်။

သမီးလေးကို ဆွေမျိုးတွေလက်ထဲ အပ်ထားခဲ့ရင် သူ့မျက်ကွယ်မှာ စစ်ကောင်စီဘက်က ကလေးကို အန္တရာယ်ပြုမှာစိုးလို့ဆိုပြီး သမီးကိုပါ အပါခေါ် ပြီး တိမ်းရှောင်နေတာကြောင့် ကလေးကလည်း မိခင်နဲ့ အတူ အခက်အခဲ မျိုးစုံကို ကြံ့ကြံ့ခံနေရပါတယ်။

ယဉ်ငြိမ်းသော်ရဲ့ ဖခင်က ၂၀၁၅ ရွေးကောက်ပွဲတုန်းက တိုင်းကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရခဲ့ပြီး တိုင်းအဆင့် ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

တာဝန်က နုတ်ထွက်ခဲ့ရပြီး နောက်ပိုင်းကနေ အဖမ်းခံရချိန်အထိ NLD ပါတီမှာ ဘယ်လို တာဝန်မျိုးမှ ယူထားတာ မရှိတော့ဘူးလို့ သူ့ဇနီးက ပြောပါတယ်။

ယဉ်ငြိမ်းသော်က သူ့အဖေကို တစ်ချိန်လုံး သတိရနေတာပါ။

သူပြောတဲ့ စကားတိုင်းမှာ သူ့အဖေအကြောင်းပြောတယ်၊ အချိန်တိုင်းလိုလို သတိရနေတယ် လို့ သူ့မိခင်က ဘီဘီစီကို ပြောပါတယ်။

အာဏာသိမ်းတာလည်း သူသိတယ်၊ အဖေနဲ့ ပတ်သက်လို့လည်း ဂုဏ်ယူတယ်။ သူ့အဖေက နိုင်ငံကောင်းကျိုး လုပ်လို့ ဖမ်းဆီးခံရတာလို့ ပြောလေ့ရှိတယ်ဆိုပြီး တိမ်းရှောင်နေတဲ့ သူ့မိခင်က ပြောပါတယ်။

အခုလထဲမှာ အသက် ၉ နှစ် ပြည့်မယ့် ယဉ်ငြိမ်းသော်က ထောင်ထဲမှာနေရတဲ့ သူ့အဖေကို ရေးပို့တဲ့ စာထဲမှာ ကလေးအရွယ်နဲ့ မမျှအောင် အားပေးစကားတွေ ပြောထားပါသေးတယ်။

"ဖေဖေ အားတင်းထားပါ၊ ဖေဖေက သမီးအတွက် ချစ်ကမ္ဘာကြီးပါ။ ဖေဖေပြန်လာမယ် ဆိုတဲ့ အတွေးနဲ့ မျှော်နေပါတယ်။ ဖေဖေ့ကို ချစ်တယ်၊ ဖေဖေ သမီး မွေးနေ့ ကျရင် ဖေဖေ မွေးနေ့ လက်ဆောင်ပေးစရာ မလိုပါဘူး၊ ဘာလို့လဲ ဆိုတော့ ဖေဖေ က သမီးအတွက် အချစ်တွေ အများကြီး ပေးလို့ပါ။ ဖေဖေ့ကို အများကြီး ချစ်တယ်။"

မယဥ်ငြိမ်းသော်ပေးစာ

ဓာတ်ပုံ ရင်းမြစ်, Yin Nyein Thaw's Family

ဓာတ်ပုံ ပုံစာ, မယဥ်ငြိမ်းသော်ပေးစာ

ကလေးငယ်တွေမှာ ခံစားချက်တွေ အမျိုးမျိုးရှိတာကြောင့် ကိုယ်တိုင် လူကြီးတွေလို တွေးတော နေထိုင်ပြီး အခြေအနေကို ရင်ဆိုင်နေကြတဲ့ ဒီကလေးတွေ ရှိသလို မိတကွဲ ဖတကွဲ နေရလို့ စိတ်အားငယ်ကြတဲ့အပြင် စိတ်ဖိစီးဒဏ် ခံနေရတဲ့ ကလေးတွေလည်း ရှိနေပါတယ်။

အဲဒီထဲက တစ်ယောက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မကွေးတိုင်း ပွင့်ဖြူမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံခဲ့ရတဲ့ ဦးထွန်းထွန်းရဲ့ သား ကြယ်လေး ပါ။

ဖခင်က ပုဒ်မ ၅၀၅-က အထုတ်ခံထားရလို့ တိမ်းရှောင်နေရသူ ဖြစ်ပြီး မိခင် ကလည်း ပုဒ်မ ၅၀၅-က နဲ့ မကွေးထောင်မှာ ဖမ်းဆီးခံထားရပါတယ်။

မိဘတွေ ဒီလို အခြေအနေရင်ဆိုင်နေရလို့ ဆွေမျိုးသားချင်းတွေနဲ့ ကျန်ရစ်တဲ့ ၁၆ နှစ် အရွယ် ကြယ်လေးက ဘယ်သူနဲ့မှ စကားပြောဆိုချင်စိတ် မရှိ၊ အမေအကြောင်းမေးရင်ကိုပဲ တုံ့ပြန် ပြောနိုင်စွမ်း မရှိအောင်ကို စိတ်ဒဏ်ရာရနေတယ်လို့ ဖခင်ဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

သူဟာ အဖေကို ဖမ်းဖို့ စစ်သားတွေ အများကြီး နဲ့ အိမ်ကို လာရှာတဲ့ အခြေအနေ၊ ဖခင်ကို ရှာမတွေ့လို့ မိခင်ဖြစ်သူနဲ့ သူ့ ဝမ်းကွဲ မောင်နှမတွေ ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်ရပ်ကို ကြုံတွေ့ပြီး စိတ်ထိခိုက်ခံစားနေရတာ ဖြစ်ပါတယ်။

သူတို့လို မိဘတွေ ဖမ်းဆီးခံရ၊ တိမ်းရှောင်နေရတာကြောင့် စိတ်ဒဏ်ရာရနေကြတဲ့ ကလေးတွေ ရှိနေသလို စီဒီအမ် အကြမ်းမဖက် အာဏာဖီဆန်မှုမှာ ပါဝင်လို့ ဝရမ်းပြေး အဖြစ် ထုတ်ပြန်ခံထားရတဲ့ မိခင်ကို အကြောင်းပြုပြီး တစ်မိသားစုလုံးမှာ ရှိတဲ့ မိသားစု ငါးယောက်စလုံး တစ်ယောက် တစ်နေရာစီ ရှောင်တိမ်းရင်း အချင်းချင်း စိုးရိမ်ပူပန်နေရတဲ့ သားသမီးတွေရဲ့ အဖြစ်မျိုးလည်း ရှိပါတယ်။

မန္တလေးမြို့ အခြေခံပညာမူလတန်းကျောင်းက ဆရာမ ဒေါ်နီလာ ဆိုရင် သူ့မိသားစု ငါးယောက်စလုံး တစ်ယောက် တစ်နေရာစီ တိမ်းရှောင်နေကြရတာပါ။

အသက် ၂၀ အရွယ် သားအငယ်ဆုံး အပါအဝင် ၂၀ ကျော်အရွယ် သားသမီး သုံးယောက် ရှိတဲ့ မိခင် တစ်ယောက်အနေနဲ့ သူ့သားငယ်ရဲ့ စိတ်ဒဏ်ရာတွေကို မြင်တွေ့ နေရတယ်လို့ ဆရာမက ပြောပါတယ်။

သူကိုယ်တိုင် ကြုံတွေခဲ့ရတဲ့ စိတ်ဒဏ်ရာ အခက်အခဲတွေအပြင် သူတို့မိသားစု တိမ်းရှောင်နေသူတွေအကြား သူ့မိခင်က အခြေအနေအဆိုးဆုံးဖြစ်လို့ သူ့အမေအတွက် သူက စိတ်ပူ စိုးရိမ်နေတာ ဖြစ်ပါတယ်။

အဝေးရောက် မိသားစုတွေ အခုလို အချင်းချင်း စိတ်ပူပန်နေကြပေမဲ့ မြန်မာနိုင်ငံထဲက လက်ရှိ နိုင်ငံရေးအခြေအနေတွေအရ သူတို ပြန်ဆုံတွေ့ကြရမယ့် အရေးက မကြာခင် ဖြစ်နိုင်မယ့် အရိပ်အယောင် မရှိလှပါဘူး။ တစ်ချိန်ချိန်မှာတော့ ကွဲကွာနေတဲ့ မိသားစုတွေ ပြန်ဆုံတွေ့ရမယ်လို့ သူတို့မျှော်လင့်နေကြပါတယ်။

အဖေကို သတိရနေတဲ့ အသက် ၁၁ အရွယ် ချစ်ခွန်းချိုကတော့ အခုလို ပြောပါတယ်။

"ဖေဖေ့ကို တွေ့ပြီဆိုတာနဲ့ အရင် သွားပြီးတော့ ပြေးဖက်မှာပေါ့နော်။"