စစ်တွေနဲ့ ပေါက်တောက မွတ်ဆလင်ဒုက္ခသည်စခန်းတွေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကျန်နေ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်တွင်း ကိုဗစ် ၁၉ ကာကွယ်ဆေးတွေကို အသက် ၆၅ နှစ်အထက် အသက်ကြီးသူတွေကို ဦးစားပေးထိုးပေးအနေနဲ့ ဇူလိုင်လ ၂၉ ရက်နေ့ကစလို့ ဒေသအာဏာပိုင်တွေက ထိုးနှံပေးနေပါတယ်။

ကိုဗစ် ကာကွယ်ဆေးတွေကို ထိုးနှံပေးတဲ့အခါမှာ လူမျိုးဘာသာမခွဲခြားဘဲ မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်သူတွေအားလုံးကို ထိုးနှံပေးနေတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

ဒါပေမဲ့တချို့မြို့နယ်တွေမှာတော့ မြို့ပေါ်ရက်ကွက်တွေမှာနေထိုင်သူတွေအပြင် မွတ်ဆလင် IDP စခန်းတွေနဲ့ ရခိုင်စစ်ဘေးရှောင် စခန်းတချို့တို့မှာ နေထိုင်သူတွေထဲ အသက် ၆၅ နှစ်အထက်ရှိသူတွေကို ထိုးပေးနေပြီဖြစ်ပေမယ့် စခန်းအားလုံးကိုတော့ ထိုးပေးနိုင်ခြေမရှိသေးဘူးလို့သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်ဒုက္ခသည်စခန်းတွေဟာ စစ်တွေ၊ ပေါက်တောနဲ့ ကျောက်ဖြူမြို့တွေမှာရှိပြီး ကျောက်ဖြူမြို့မှာတော့ လွန်ခဲ့တဲ့ လေးရက်လောက်က ထိုးနှံပြီးစီးခဲ့ပြီဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးဌာနမှူးရဲ့အစီရင်ခံချက်အရ သိရကြောင်း ဦးလှသိန်းက ပြောပါတယ်။

"ကျောက်ဖြူ IDP စခန်းကတော့ လုံးဝထိုးပြီးသွားပါပြီ။ လေးရက်လောက်ရှိပါပြီ။ တချို့နေရာတွေမှာတော့ကျန်နေပါတယ်။ ကျန်တဲ့နေရာက စစ်တွေနဲ့ ပေါက်တောမှာပါ။ မြေပုံမှာက IDP စခန်းဆိုတာ သီးသန့်မရှိတော့ဘူး။ ရပ်ကွက်ထဲမှာထည့်ထားတဲ့အတွက် ရပ်ကွက်တွေကိုထားတဲ့အထဲမှာ ပါသွားပါပြီ" လို့ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

ပြည်တွင်းနေရပ်ရွှေ့ပြောင်းဒုက္ခသည် (IDP) တွေ အများအပြားနေထိုင်လျက်ရှိတဲ့ စစ်တွေမြို့နယ်နဲ့ ပေါက်တောမြို့နယ်တွေမှာတော့ ဆေးထိုးပေးဖို့ကျန် နေပါသေးတယ်။

ဆေးရရှိတဲ့အပေါ်မူတည်ပြီးတော့ ထိုးခွင့်ရရှိကြမှာဖြစ်တာကြောင့် ဘယ်နေ့ထိုးပေးနိုင်မယ်ဆိုတာတော့ မပြောနိုင်သေးဘူးလို့ သူကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပေးတာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး ဒီတစ်ကြိမ်မှာ ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၉ သောင်းခွဲခန့် ထိုးနှံမှာဖြစ်ပါတယ်။

ရရှိတဲ့ဆေးအ‌ရေအတွက်ကိုလိုက်ပြီး ဦးစားပေးအဆင့်တွေသတ်မှတ် ထိုးပေးနေရတာဖြစ်တဲ့အတွက် ဆေးထိုးခွင့်မရရှိသေးတဲ့လူတွေလည်း အများအပြား ကျန်နေသေးတယ်လို့ ဦးလှသိန်းက ပြောပါတယ်။

လက်ရှိမှာ ဆေးထိုးခွင့်ရရှိမယ့် လူဦးရေ ၉ သောင်းခွဲကို အဆင့်အလိုက် ၁၁ ခုသတ်မှတ်ပြီးတော့ ထိုးပေးနေတာဖြစ်တဲ့အတွက် အသက် ၆၅ နှစ်အထက်ရှိသူတွေဟာ ရခိုင်လူ့အဖွဲ့အစည်းမှာရော မွတ်ဆလင်လူ့အဖွဲ့အစည်းမှာပါ အများအပြားကျန်နေသေးပြီး ရခိုင်တစ်ပြည်နယ်လုံးမှာ အသက် ၆၅ နှစ်အထက်ရှိသူဦးရေ ၁ သိန်းခွဲကျော်ထိရှိနေတယ်လို့လည်း သိရပါတယ်။

"ကျွန်တော်တို့ စခန်းမှာတော့ ကာကွယ်ဆေးထိုးရမယ့်သူတွေကို အစိုးရက စာရင်းကောက်တာတွေတော့ရှိခဲ့တယ်။ လောလောဆယ်မှာတော့ မထိုးရသေးဘူး။ ဘယ်နေ့လာထိုးမယ်ဆိုတာလည်းမသိဘူး။ ကိုဗစ်ဖြစ်တဲ့သူတွေကိုတော့ သက္ကေပြင်ဆေးရုံမှာ ဆေးကုပေးတာတွေလုပ်နေပါတယ်"လို့ အုန်းတောကြီး IDP စခန်းမှာနေထိုင်တဲ့ ကိုဇော်မင်းထွန်းက ပြောပါတယ်။

စစ်တွေမြို့က မွတ်ဆလင် IDP စခန်းတွေမှာတော့ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသူတွေလည်း အနည်းငယ်သာတွေ့ရတယ်လို့ ကိုဇော်မင်းထွန်းက ပြောပါတယ်။

မွတ်ဆလင်တွေ အများအပြားနေထိုင်လျက်ရှိတဲ့ ဘူးသီးတောင်နဲ့ မောင်တာမြို့နယ်တွေမှာတော့ ရရှိတဲ့ကာကွယ်ဆေးတွေကို မွတ်ဆလင်တွေရော ရခိုင်တွေကိုပါ ထိုးပေးထားပြီးဖြစ်တယ်လို့သိရပါတယ်။

ဘူးသီးတောင်မှာတော့ မွတ်ဆလင်တွေအပြင် စစ်ဘေးရှောင်ရခိုင်ဒုက္ခသည်စခန်းတွေမှာ အသက် ၁၈ နှစ်ကနေ ၆၅ နှစ်အတွင်း စစ်ဘေးရှောင်ဦးရေ ၁,၀၈၂ ဦးကာကွယ်ဆေးထိုးနှံမှုပြီးစီးခဲ့ပြီဖြစ်ကာ စိုင်းဒင်ချောင်းထဲက သွားရေးလာရေးခက်ခဲတဲ့ ကျေးရွာတွေကိုသွားရောက်ပြီး အသက် ၁၈ နှစ်အထက် ရွာသူရွာသားတွေကိုလည်း ပထမအကြိမ်ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

ရခိုင်ပြည်နယ်အတွက် နောက်ထပ် ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၆ ထောင်ခန့်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရောက်ရှိထားပါတယ်။

ဒါ့အပြင် သြဂုတ်၂၆ ရက်နေ့မှာ ကိုဗစ်ကာကွယ်ဆေးတွေကို နောက်တစ်ကြိမ်အဖြစ် တစ်ပြည်နယ်လုံးမှာ ထပ်မံထိုးပေးသွားဖို့ရှိနေတယ်လို့ ဦးလှသိန်းက ပြောပါတယ်။