စစ်ကောင်စီ ကာကွယ်ဆေး အစီအစဥ် အလျင်မီပါ့မလား

ရေးသားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံက နိုင်ငံ့လူဦးရေ ထက်ဝက်ကို ၂၀၂၁ ခုနှစ်အကုန်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသား ဖြစ်နေဖို့ မျှော်မှန်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလို လုပ်ဖို့အတွက် ကိုဗစ်ကာကွယ်ဆေး အရေအတွက် အလျင်မီအောင် ရပါ့မလားဆိုတာကို သံသယ ဖြစ်စရာ အခြေအနေတွေလည်း ရှိလာခဲ့ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကစပြီး မန္တလေးနဲ့ နေပြည်တော် သူတို့အစီအစဥ်နဲ့ ဝယ်ယူရရှိလာတဲ့ ဆေးတွေကို စပြီး ထိုးပေးနေတာ ဖြစ်ပါတယ်။

လာမယ် ၅ လတာအတွင်း စစ်ကောင်စီကပြောထားခဲ့တဲ့ ကာကွယ်ဆေးထိုးမဲ့ အစီအစဥ်နဲ့ ဆေးရရှိနိုင်မှုတွေက ဒီအစီအစဥ် ပြီးမြောက်နိုင်ဖို့ကို စဥ်းစားဖို့လိုလာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ၊ ဇွန်နဲ့ ဇူလိုင်လ အတွင်းက မြန်မာနိုင်ငံကို ကိုဗစ် တတိယလှိုင်းဝင်ရောက်လာခဲ့ပြီး ရောဂါကူးစက်မှုနှုန်းတွေ တက်လာခဲ့ပါတယ်။

စစ်ကောင်စီ ထုတ်ပြန်တဲ့ လူသေဆုံးတဲ့ စာရင်းက သြဂုတ်လ ၆ ရက်နေ့အထိ တစ်နိုင်ငံလုံးသေဆုံးသူ စုစုပေါင်း ၁၀၉၈၈ ဦးရှိလာပြီ ဖြစ်ပါတယ်။

အစိုးရက သေဆုံးတဲ့စာရင်းဟာ ဆေးရုံတွေက သေဆုံးတဲ့လူဖြစ်လို့ ကိုဗစ်လက္ခဏာတွေနဲ့ နေအိမ်တွေမှာသေဆုံးတဲ့ လူတွေစာရင်း မပါပါဘူး။

အပြင်မှာ သေဆုံးတဲ့ လူစာရင်းက ဒီထက် ၁၀ ဆလောက်များနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

မြန်မာ့ နိုင်ငံမှာ လူဦးရေဘယ်လောက်ကာကွယ်ဆေးထိုးပြီးပြီလဲ

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ အစီအစဥ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က အရပ်သားအစိုးရဖြစ် တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ခံ အစိုးရက စတင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စပြီးထိုးပေးတဲ့ ဆေးက အောက်စဖို့ဒ်ဆေးလို့ လူသိများတဲ့ အက်ထရာဇန်နက်ကာ ရဲ့ လိုင်စင်နဲ့ အိန္ဒိယကထုတ်တဲ့ ကိုဗစ်ရှီးဖြစ်ပါတယ်။

ကိုဗစ်ရှီး ဆိုရင် အမှန်တကယ်က နိုင်ငံတကာမှာ လူသိများပြီးသား ဖြစ်ပြီး ယူကေနိုင်ငံ အောက်စဖို့တက္ကသိုလ်ရဲ့ သုတေသနပိုင်းမှာ ပါဝင်မှုကြောင့် အောက်စဖို့ ကိုဗစ်ကာကွယ်ဆေးလို့လည်း သိကြတဲ့ အက်ထရာဇန်နက်ကာ ရဲ့ ဆေးဖော်နည်း သုံးခွင့်နဲ့ အိန္ဒိယ ဆေးကုမ္ပဏီ Serum Institute of India (SII) က ထုတ်လုပ်တာ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ကျန်းမာရေး ဝန်ထမ်းအချို့စထိုးနေတဲ့ အချိန်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းခဲ့လို့ ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းဟာ နှောင့်နှေးသွားခဲ့ပါတယ်။

စစ်ကောင်စီက ဇူလိုင် ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယအကြိမ် ကာကွယ်ဆေး လာမထိုးတဲ့သူ ၄ သိန်းကျော် ရှိတယ်လို့ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံထုတ်ဆေးတွေ ဇူလိုင် ၂၂ ရက်နေ့မှာ စပြီး ရောက်လာပြီး နောက်မှာတော့ စစ်ကောင်စီရဲ့ ကာကွယ်ဆေးထိုးတဲ့ အစီအစဥ်စခဲ့ပါတယ်။

ကိုဗစ်ကြောင့် အသေအပျောက်များတဲ့ ကာလဖြစ်နေလို့ တရုတ်နိုင်ငံထုတ်ဆေးကို သဘောမကျကြပေမဲ့ ကာကွယ်ဆေးထိုးချင်သူတွေဟာ အများအပြား ရှိလာခဲ့ပါတယ်။

သြဂုတ်လ ၆ ရက်နေ့ထုတ် စစ်ကောင်စီ သတင်းစာက လူဦးရေ ၁.၈ သန်းကျော် ၊ ဦးတည်လူဦးရေရဲ့ ၆.၀၈ ရာခိုင်နူန်း ကာကွယ်ဆေး ထိုးပြီးပြီလို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာပြည်မှာထိုးနေတဲ့ ကာကွယ်ဆေးတွေက ဘာတွေလဲ

မြန်မာပြည်မှာ စပြီးထိုးခဲ့တဲ့ ကာကွယ်ဆေးကတော့ ရွေးကောက်ခံ အစိုးရတင်သွင်းခဲ့ အိန္ဒိယနိုင်ငံကထုတ်တဲ့ ကိုဗစ်ရှီးဖြစ်ပါတယ်။ ကိုဗစ်ရှီး ကာကွယ်ဆေး တစ်သန်းကျော်ရောက်လာခဲ့ပြီးတော့ စထိုးခဲ့တာပါ။

ဇူလိုင်လမှာ ပြန်စတဲ့ အာဏာသိမ်းစစ်ကောင်စီက ဆေးကတော့ တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက် နဲ့ ဆိုင်နိုဖမ်းဆေးတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ရုရှနိုင်ငံထုတ် စပွတ်နစ်ဗီ ဆေးကိုလည်း ဝယ်ယူထားပြီး ဒီဆေးကိုလည်းထိုးဖို့ရှိနေပါတယ်။

NLD အစိုးရ ဝယ်ယူထားခဲ့တဲ့ ကာကွယ်ဆေးတွေကိုလည်း ထပ်ပြီးရနိုင်ဖို့ကြိုးစားနေပြီး အဲ့ဒီဆေးတွေက အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ နိုင်ငံတကာ ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ရေး ကိုဗက် စီမံကိန်း အရ ကမ္ဘာပေါ်က ချို့တဲ့ နိုင်ငံတွေအတွက် ကိုဗစ်ကာကွယ်ဆေးတွေ ထုတ်လုပ်ပေးပို့ ပေးနေခဲ့ရာက ပြည်တွင်း လိုအပ်ချက်ကြောင့် ပြီးခဲ့တဲ့ ဧပြီလမှာ ရပ်ဆိုင်းထားခဲ့ပါတယ်။

လတ်တလော ဆေးရရှိမှု အနေအထားအရ တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက်နဲ့ ဆိုင်နိုဖမ်း တို့ကတော့ မြန်မာနိုင်ငံ စစ်ကောင်စီ ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ့် စီမံကိန်းမှာ အဓိကပါဝင်မယ့် ကိုဗစ်ကာကွယ်ဆေးတွေ ဖြစ်ဖို့များပါတယ်။

မြန်မာနိုင်ငံမှာ ရုရှနိုင်ငံနဲ့ ပူးတွဲပြီးကိုဗစ် ကာကွယ်ဆေးထုတ်ဖို့လည်းရှိပြီး တစ်နှစ်ကို ကာကွယ်ဆေး ၅ သန်း ထုတ်နိုင်ဖို့အတွက်လည်း စီစဥ်နေတယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။

စစ်ကောင်စီ ကာကွယ်ဆေးထိုးအစီစဥ်

ကာကွယ်ဆေး ထိုးမဲ့အစီအစဥ်ကို တစ်လချင်း ကာကွယ်ဆေး ၅ သန်းခန့်ထိုးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြီးခဲ့တဲ့ ၆ ကြိမ်မြောက် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အဲဒီ ပြောဆိုချက်အရ ၂၀၂၁ သြဂုတ်လနဲ့ ဒီဇင်ဘာလ အကြား ကာလအတွင်းမှာ ကာကွယ်ဆေး အလုံး သန်း ၂၅ သန်းရရှိဖို့ လိုမှာဖြစ်ပါတယ်။

ဒီလို ဆေးတွေရနိုင်ဖို့ ရင်းမြစ် ၃ ခုရှိတယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

အိန္ဒိယ၊ တရုတ်၊ ရုရှ က ဆေးကို ဘယ်လိုနည်းနဲ့ပဲ ရရ ရအောင်ယူဖို့ပဲ လို့သူက ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂနဲ့ ဂလိုဘယ်ဖန်းအဖွဲ့က ပေးတာတွေလည်း ရှိပြီ အမြန်ဆုံးရအောင်လုပ်ဖို့နဲ့ အာဆီယံကလည်း ဒီနှစ်ကုန်လောက်မှာ စပြီးပေးဖို့ရှိနေကြောင်းလည်း သူကပြောခဲ့ပါတယ်။

၂၀၂၁ အကုန်မှာ မြန်မာနိုင်ငံ လူဦးရေ ၅၀ ရာခိုင်နှုန်းထိုးဖို့ ရည်မှန်းထားတာကြောင့် တစ်လ ၅ သန်းထိုးနိုင်ဖို့လိုတယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌက သြဂုတ်လ ၂ ရက်နေ့က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံကိုရောက်နေတဲ့ ဆေး ၃ သန်းကို ပထမအကြိမ်ထိုးမယ့်သူတွေကို ထိုးမယ့်သူတွေကို ထိုးပေးမှာဖြစ်ပြီး ကျန်ဆေးတွေ ဆက်တိုက်ရောက်လာမှ ဒုတိယအကြိမ်ဆေးတွေ ထပ်ထိုးမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

အခု ကာကွယ်ဆေးဦးစားပေးအစီအစဥ်က အသက် ၆၅ နှစ်အထက်တွေကို ဦးစားပေးထိုးမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ၆၅ နှစ်အထက် လူဦးရေ ၂.၈ သန်း ခန့်ရှိပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌက အပြောအရ သူတို့အနေနဲ့ သြဂုတ်လ အတွက် ဆေး ၅ သန်းကတော့ ရရှိထားပြီးနောက်လတွေမှာ ကာကွယ်ဆေး စဥ်ဆက်မပြတ်ရဖို့က မသေမချာပဲ ရှိနေပါသေးတယ်။

ပုဂ္ဂလိကကို ကာကွယ်ဆေးတင်သွင်းခွင့်ပြုထားပေမယ့် ပုဂ္ဂလိကတွေဆီမှာ အခပေးပြီးဆေးထိုးရတဲ့ အစီအစဥ်ကလည်း စာရင်းပေးသလောက်ကို ထိုးပေးနိုင်မယ့် အခြေနေ မရှိသေးပါဘူး။

ပြည်တွင်းမှာ‌‌ ပုဂ္ဂလိက ဆေးရုံတွေမှာ တောင် ကြိုတင်အမှာစာကိုတောင် အကန့်အသတ်နဲ့လက်ခံနေတာ တွေ့ရပါတယ်။

ဒါ့အပြင်စစ်ကောင်စီ ကာကွယ်ဆေး အစီအစဥ်က နိုင်ငံအနှံ့ အသက် ၆၅ နှစ်အထက်လူဦးရေအားလုံးကို မထိုးနိုင်သေးဘဲ ဆေးအရေအတွက်က အကန့်အသတ်နဲ့ပဲ ထိုးနေပါသေးတယ်။

အစိုးရကတော့‌ ဆေးထိုးရမယ့်သူတွေကို အကြောင်းကြားပေးမယ်လို့ ပြောပါတယ်။

နှစ်ကုန်ဆေး ၂၅ သန်းလောက် လိုနိုင်ပေမယ့် လတ်တလော ရနိုင်စရာက တရုတ်နိုင်ငံက ဝယ်တာ ၄ သန်း၊ လှူတာ ၂ သန်း၊ ပေါင်း ၆ သန်းနဲ့ ရုရှက ဝယ်လာတဲ့ဆေး ၂ သန်း ပေါင်း ၈ သန်းပဲ ရေရေရာရာ ရှိပါတယ်။

ကျန်လိုတဲ့ဆေးတွေကို စစ်ကောင်စီက စာချုပ်ချုပ်ဝယ်ထားနိုင်တာမျိုး မတွေ့ရသေးပါဘူး။

အိန္ဒိယက ဝယ်ထားတဲ့ ကိုဗစ်ရှီး ကလည်း သူ့နိုင်ငံမှာ ကာကွယ်ဆေး နှစ်ကုန်ရင် သန်း ၉၀၀ လောက်ထိုးဖို့ရှိတော့ ပြည်တွင်းလုံလောင်အောင်ဦးစား‌ပေးရမယ့် အခြေအနေ ရှိနေပါတယ်။

ကိုဗစ်ရှီး ထုတ်လုပ်သူ SII ကတော့ လောလောဆယ်မှာ ပြည်တွင်း လိုအပ်ချက်အတွက်ကိုသာ ဦးစားပေး ထုတ်လုပ်နေပြီး ဒီနှစ်မကုန်ခင်အထိ ပြည်ပကို မပို့ဖြစ်ဖို့ များတယ်လို့ ပြောဆိုထားပါတယ်။

နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်း ထိုးပေးနိုင်ခြေ ရှိတဲ့အထိ လောက်ပါ့မလား

မြန်မာနိုင်ငံရဲ့ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ခံမှုအရဆိုရင် လက်ရှိ အသက် ၁၈ နှစ် ပြည့်ပြီးသူ ၃၇ သန်းနဲ့ ၄၀ ကြားရှိနိုင်ပါတယ်။

နိုင်ငံလူဦးရေ ၅၂ သန်းရှိပြီး လူဦးရေထက်ဝက်ဆိုရင် ၂၆ သန်းကျော် ရှိပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံမှာ ကိုဗစ်ကြောင့် တတိယ အသေအပျောက်အများဆုံးဖြစ်ပါတယ်။

လူဦးရေထက်ဝက် လူ ၂၆ သန်းအတွက်ဆိုရင် ကာကွယ်ဆေးထိုးဖို့ နှစ်ကြိမ်စာ ဆေးအလုံးရေ ၅၂ သန်းလိုမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရောက်ရှိလာမဲ့ စုစုပေါင်းဆေး ၈ သန်းဟာ နှစ်ကြိမ် အတွက်ဆေး အရေအတွက်မဟုတ်ရင် လူ ၄ သန်းစာပဲ ရှိပါတယ်။

ဒါ့ကြောင့် ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးပြီးဖို့ ဆိုရင် နောက် ငါးလ အတွင်း တစ်လကို ကိုဗစ်ကာကွယ်ဆေး ၅ သန်း ပတ်ဝန်းကျင်လောက် လိုအပ်တယ်လို့ ပြောပေမယ့် နှစ်ကြိမ်အတွက်ဆေးဆိုရင် တစ်လ အလုံးရေ ၁၀ သန်းနဲ့ အလုံးရေ သန်း ၅၀ ခန့်လိုနိုင်ပါတယ်။

တရုတ်နိုင်ငံထုတ်ဆေးတွေနဲ့ အိန္ဒိယနိုင်ငံထုတ် ကိုဗက်ဆင်းဆေးတွေကို ပုဂ္ဂလိက တင်သွင်းပြီး ထိုးဖို့ရှိပေမယ့်လည်း သြဂုတ်လ ဆန်းအထိစောင့်ဆိုင်းနေရတုန်း ဖြစ်ပါတယ်။

ပြည်တွင်းမှာရုရှနဲ့ ကာကွယ်ဆေးထုတ်မယ့် အစီအစဥ်ကတော့ ဘာမှတိတိပပ ထွက်မလာသေးပါဘူး။

သူကလည်း ထုတ်ဖြစ်ရင်တောင် တစ်နှစ်ကို ၅သန်းပဲ ထုတ်နိုင်ဖို့မျှော်မှန်းထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာတော့ လာမယ့် လတွေအတွင်း ကာကွယ်ဆေး ထုတ်လုပ်မှုနှုန်း တက်လာနိုင်သလို ပြည်ပကနေပြီး ပုဂ္ဂလိကတင် သွင်းမယ့် ကိုဗစ်ကာကွယ်ဆေးတွေလည်း ရှိလာနိုင်တဲ့ အလားအလာတွေကတော့ မျှော်လင့်စရာဖြစ်ပါတယ်။