ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံက ကိုဗစ်ရောဂါ ကူးစက်မှုဖြစ်ပွားနှုန်း အခြေအနေက ဘယ်လိုရှိလဲ
မြန်မာနိုင်ငံက ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုနူန်း အရေအတွက်ကျသွားပေမယ့် စိတ်ချရတဲ့ အနေအထားကို မရှိသေးဘူးလို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်လ ၂၆ ရက်နေ့ ကိုဗစ် ကာကွယ် ထိန်းချုပ် ကုသရေး ဆိုင်ရာအစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။
ဒါအပြင် ကာကွယ်ဆေးတွေ အမြန်ထိုးကြဖို့ကိုလည်း သူကပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုကြောင့် ဇူလိုင်လ ၂၆ ရက်နေ့ တစ်ရက်တည်း မြန်မာတစ်နိုင်ငံလုံး ကိုဗစ်ရောဂါ စစ်ဆေးသူ အရေအတွက်ဟာ ၁၂၀၃၅ ဦးရှိပြီး ကူးစက်ခံရသူ ၄၆၃၀ ဦးရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့ စစ်ကောင်စီထုတ်တဲ့ စစ်ဆေးသူနဲ့ ကူးစက်ပြီးပိုးတွေ့သူ အရေအတွက်ရာခိုင်နှုန်းကတော့ လူ ၁၀၀ စစ်ရင် ၃၈ ဦးပိုးတွေ့တယ်လို့ဆိုရမယ့် ၃၈ ရာခိုင်နှုန်းကျော်ရှိနေပြီး ဇူလိုင်လ ၂၅ ရက်နေ့ကတော့ စစ်ဆေးသူ ၁၂၄၇၄ ဦးနဲ့ ပိုးတွေ့သူ ၄၉၉၈ ဦးဖြစ်ပြီး လူ ၁၀၀ စစ်တိုင်း ၄၀ ဦးပိုးတွေ့တယ်လို့ ဆိုရမယ့် ၄၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။
ဒါကြောင့် စစ်ကောင်စီဥက္ကဋ္ဌ ပြောတာဟာ မနေ့က ဇူလိုင် ၂၅ ရက်နေ့ ကျန်းမာရေးက ထုတ်တဲ့ စာရင်းအတိုင်းဆိုရင်တော့ ဒီကနေ့ ဇူလိုင် ၂၆ ရက်နေ့မှာ ကျတဲ့စာရင်းကို တွေ့ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ ၃၉၆ ဦးသေဆုံးခဲ့ပြီးတော့ မြန်မာတစ်နိုင်ငံလုံး သေဆုံးသူအရေအတွက်ဟာ ဇူလိုင်လ ၂၆ ရက်နေ့အထိ ဆိုရင် စုစုပေါင်း ၇၅၀၇ ဦးရှိပြီ ဖြစ်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
သေဆုံးသူအရေအတွက်က စစ်ကောင်စီထုတ်ပြန်တဲ့စာရင်းမှာ ဇူလိုင်လ ၂၅ ရက်နေ့ ၃၅၅ ဦးလို့ပြောတာကြောင့် ကိုဗစ်ကြောင့် စစ်ကောင်စီထုတ်ပြန်တဲ့ သေဆုံးစာရင်းကတော့ ဇူလိုင်လ ၂၆ ရက်နေ့မှာ တက်လာနေဆဲပဲ ဖြစ်ပါတယ်။
ကိုဗစ် တတိယလှိုင်းစတင်ဖြစ်ပွားတဲ့ ကလေးမြို့မှာ ကူးစက်သူတွေရှိနေဆဲဖြစ်ပြီး သေဆုံးသူတွေကလည်း နေ့စဥ်ရှိနေဆဲဖြစ်တယ်လို့ ကလေးမြို့ ကိုဗစ်ရောဂါကုသရေးစင်တာမှာ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ကနေပြီး ဇူလိုင်လ ၂၅ ရက်နေ့အထိ ကလေးမြို့က ကိုဗစ်ကုသရေးစင်တာတွေကနေ ကိုဗစ်အတည်ပြုပြီးသေဆုံးသူ ၅၄၇ ဦးရှိပြီးဒီစာရင်းမှာ ကိုဗစ်သံသယနဲ့ နေအိမ်တွေက သေဆုံးသူတွေမပါဘူးလို့ ကလေးမြို့အိတ်စွပ်စင်တာက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုရက်ပိုင်း စာရင်းတွေအရ သေဆုံးမှု အများဆုံးမြို့ကတော့ ရန်ကုန်ဖြစ်ပြီး ဒုတိယအများဆုံးက မန္တလေးဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောသွားခဲ့ပါတယ်။
ရန်ကုန်မြို့က နာရေးကူညီမှုပေးနေသူတွေကတော့ ရေဝေးနဲ ကျီစုသုသာန်မှာ သင်္ဂြိုဟ်တဲ့သူတွေ အရေအတွက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ထက်စာရင် အနည်းငယ်လျော့လာခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါအပြင် ဆေးရုံတွေက လက်မခံလို့ နေအိမ်တွေမှာနေထိုင်ပြီး ရောဂါကူးစက်ခံနေရသူတွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင် အကူအညီတောင်းခံသူတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။
အောက်ဆီဂျင်စက်ရုံတွေကို လည်း ဇူလိုင် ၂၅ ရက်နေ့က စပြီးစစ်ကောင်စီက ထိန်းချုပ်ထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွှက်ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ရန်ကုန်နဲ့ မန္တလေးမှာ အောက်ဆီဂျင်မရလို့ သေဆုံးသူတွေကလည်း ဆက်ရှိနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
အစိုးရထုတ်ပြန်တဲ့ စာရင်းဟာ ဆေးရုံကနေ ကိုဗစ်ကြောင့်သေဆုံးတယ်လို့ အတည်ပြုထုတ်ပြန်တဲ့စာရင်း ဖြစ်တယ်လို့ ကျန်းမာရေးဘက်က တာဝန်ရှိသူတစ်ဦးကပြောပြီး လက်ရှိ အပြင်မှာသေဆုံးမှုတွေနဲ့ ကွာခြားကြောင်းလည်း ပရဟိတ အကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိမှာ ကိုဗစ်ရောဂါ ထိန်းချုပ် ကာကွယ်ရေးအပိုင်းတွေကို စစ်ဆင်ရေးတစ်ရပ်အနေနဲ့ လုပ်ကိုင်နေရပြီး နိုင်ငံရေးအရ ထိုးနှက်မှုတွေလည်းရှိနေသလို ဒီလုပ်ငန်းစဉ်တွေကို အစိုးရတစ်ခုတည်းအနေနဲ့ ဆောင်ရွက်နေလို့ရတဲ့အခြေအနေမှာ မရှိကြောင်းနဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေရှိနေပြီး ဝေဖန်ပေးကြဖို့ကိုလည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ရခိုင်ပြည်နယ် ကိုဗစ်အစည်းအဝေးမှာ ဇူလိုင်၂၅ရက်နေ့က ပြောသွားခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ ကိုဗစ်ရောဂါ ပြဿနာဟာ အင်မတန်ဆိုးရွားတဲ့ အခြေခံ အကြောင်းအရာတွေ ပေါင်းစုံပြီး ရိုက်ခတ်လာတဲ့ "မုန်တိုင်းကြမ်း" ဖြစ်တယ်လို့ ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ မြန်မာပြည် လူ့ အခွင့်အရေး ဆိုင်ရာ အထူး သံတမန် တွမ်အင်ဒရူးစ်က ဇူလိုင်လ ၁၄ ရက်နေ့က ပြောခဲ့ပါတယ်။
မြန်မာပြည်ရဲ့ ကိုဗစ် ပြဿနာ ပိုနက်ရှိုင်းနေစေတာဟာ ကူးစက်မြန် ဒယ်လ်တာ မျိုးကွဲ ပျံ့နှံ့ပြီး ကူးစက်ခံရသူ အရေအတွက် ပေါက်ကွဲထွက်လာတာ သက်သက်မျှ မဟုတ်ဘူးလို့ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ်က ထောက်ပြခဲ့ပါတယ်။
"မြန်မာပြည်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်က ပြိုကျနေတယ်။ လူတွေက စစ်အာဏာရှင်နဲ့ ပတ်သက်ရင် ဘာဆိုဘာမှ လက်မခံပဲ၊ အယုံအကြည် ကင်းမဲ့မှုကလည်း အတော်လေး နက်နက်ရှိုင်းရှိုင်း ရှိနေတယ်။ ဒီ အခြေအနေတွေဟာ ကိုဗစ် ပြဿနာကို ပိုမို ဆိုးရွားသွားစေတယ်" လို့ မစ္စတာ အင်ဒရူးစ်က ပြောခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီထံမှာ ကိုဗစ်ကို ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ရာ ဘယ်လို ရင်းမြစ်မျိုး၊ အစွမ်းအစမျိုးမှ ရှိမနေတဲ့ အပြင်၊ တိုင်းပြည်ရဲ့ အစိုးရအဖြစ် တရားဝင်မှုလည်း ရှိမနေဘူးလို့ ကုလ လူ့အခွင့်အရေး သံတမန်က ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း က တရုတ်နိုင်ငံထုတ် ဆီနိုဗက် နဲ့ ဆီနိုဖမ်းဆေးတွေရောက်နေပြီး တော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၃ သန်းကျော် ရောက်ရှိနေပြီဖြစ်တယ်လို့ လည်း စစ်ကောင်စီဘက်ကပြောပါတယ်။
နေပြည်တော်မှာတော့ ဝန်ထမ်း ၁၅၀၀ ကို ဇူလိုင် ၂၆ ရက်နေ့ ကာကွယ်ဆေးထိုးပေးခဲ့ပြီးတော့ မန္တလေးမှာတော့ ဇူလိုင် ၂၅ ရက်နေ့က တရုတ်ဆီနိုဖမ်း ကာကွယ်ဆေး ၁၅၀၀ ထိုးပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ကိုဗစ်ရောဂါ ကူးစက်မှုတွေကျဆင်းလာဖို့ ကာကွယ်ဆေးထိုးတဲ့ အစီအစဥ်ကို တွန်းအားပေးပြီးလုပ်မယ့်သဘောရှိတယ်လို့လည်း ခန့်မှန်းကြပါတယ်။
ဒါပေမဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ တရုတ်နဲ့ ရုရှားက မှာယူထားတာဖြစ်လို့ ကာကွယ်ဆေးထိုးဖို့ကလည်း လူအများစုကလည်း ယုံကြည်မှုကင်းမဲ့နေတယ်ဆိုတဲ့ ပြောဆိုမှုတွေရှိပါတယ်။
စစ်ကောင်စီဘက်က ကူးစက်မှုကျတယ်လို့ပြောပေမဲ့ ရန်ကုန်က မိမိပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ ကူးစက်မှုတွေအရ ကူးစက်မှုနှုန်းကျတယ်ဆိုတဲ့ အခြေအနေ မတွေ့ရကြောင်းလည်း ရန်ကုန်မြို့ခံတစ်ဦးကဘီဘီစီကို ပြောပါတယ်။