ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗိုင်းရပ်စ်ပိုး ကူးစက်မှုအသစ်တွေ ပြန်ဖြစ်လာလို့ ဝူဟန်တစ်မြို့လုံးကို ရောဂါပိုးရှိမရှိ စစ်မယ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အနည်းငယ်ဖြစ်ပွားတာ တွေ့ရှိခဲ့ပြီးနောက် တရုတ်နိုင်ငံ ဝူဟန်မြို့မှာရှိတဲ့ လူအားလုံးကို ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးဖို့ မြို့က တာဝန်ရှိတဲ့သူတွေက စတင်လုပ် ဆောင်တော့မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဝူဟန်မြို့က လူ ၇ ယောက် ရောဂါပိုးကူးစက်ခံရတာကို တွေ့ရှိခဲ့တာဖြစ်ပြီး ဒီလို ကူးစက်ခံရတာက တစ်နှစ်ကျော်အတွင်းပြည်ပခရီးသွားလာမှု ရာဇဝင်မရှိဘဲ ပထမဆုံးအကြိမ် ကူးစက်ခံရတာလည်းဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၉ခုနှစ်က ဝူဟန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ကူးစက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဝူဟန်မြို့ကလူ ၁၁သန်းဟာ အာရုံစူးစိုက်ခံနေရတဲ့ အခြေအနေကိုရောက်ရှိခဲ့ ပါတယ်။
လက်ရှိ အခြေအနေအရ ၁၀ ရက်အတွင်းမှာ လူ ၃၀၀ ကူးစက်ခံရတာကြောင့် တရုတ်ပြည်မှာ အခုလပိုင်းတွေ အတွင်း အကြီးမားဆုံး ကူးစက်ပြန့်ပွားမှုကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအတွင်းက ပြည်နယ် ၁၅ မှာ ရောဂါပိုး ကူးစက်ဖြစ်ပွားမှုတွေ ရှိနေပြီး အဲ့ဒီကနေ လူတွေအများကြီးကို ရောဂါပိုးရှိမရှိ စစ်ဆေးတာနဲ့ လော့ဒေါင်းချတာတွေပါ ဆက်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။
တရုတ် တာဝန်ရှိတဲ့သူတွေက လတ်တလော ကူးစက်မှုပြင်းထန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် ဖြစ်ပွားမှု နဲ့ ပြည်တွင်းခရီးသွား ရာသီရောက်လာတဲ့ကိစ္စကို သေသေချာချာ ကိုင်တွယ် လုပ်ဆောင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
အင်္ဂါနေ့ တစ်ရက်တည်းမှာတင် ရောဂါပိုးတွေ့ရှိမှုက ဝူဟန်မြို့မှာ လူအနည်းငယ် ကူးစက်ခံရတာ ရှိသလို တရုတ်တစ်နိုင်ငံလုံး အနေနဲ့လည်း ရောဂါပိုးတွေ့ရှိမှုအသစ် ၉၀ ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။
အမျိုးသားကျန်းမာရေးကော်မရှင်က အရင်ရက်က ၅၅ ဦး ကူးစက်ခံရတာနဲ့ အခုရက် ၆၁ ဦး ကူးစက်ခံရတာဟာ ပြည်တွင်းက အချင်းချင်း ကူးစက်ခံရတာလို့ ပြောထားပါတယ်။
နယ်စပ်တွေမှာ ရောဂါပိုးထိန်းချုပ် လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက အများကြီး အောင်မြင်မှုရနေပါတယ်။
ဒါပေမဲ့ကူးစက်မှုအသစ်တွေဖြစ်လာတာ၊ လူအဝင် အထွက်များတဲ့ နန်ကျင်း လေဆိပ်က အလုပ်သမားတွေကို ပထမဆုံး ကူးစက်မှုတွေဖြစ်လာတာအတွက် စိုးရိမ်မှုအသစ် တွေ ဖြစ်လာစေပါတယ်။
အခုတော့ နန်ကျင်းမြို့က လူ ၉.၃သန်းကို ကိုဗစ်ပိုး စစ်ဆေးမှုတွေ ၃ကြိမ်လုပ်ခဲ့ပြီးပြီဖြစ်သလို လူသိန်းနဲ့ချီပြီး အသွားအလာကန့်သတ်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းက ဟူနန်ပြည်နယ်ထဲက ခရီးသွားဧည့်သည် တွေ အသွားများတဲ့ ဇန်ဂျာဂျီ မြို့မှာ ပိုးကူးစက်မှုအသစ်တွေ ဖြစ်ပွားခဲ့လို့ အဲ့ဒီနေရာက သတင်းတွေကို အာရုံစူးစိုက်နေကြပါတယ်။ အဲ့ဒီမြို့ကို သွားလည်ခဲ့ ကြတဲ့ သူတွေထဲမှာ နန်ကျင်းမြို့က လူတွေလည်းပါမယ်လို့ ယူဆနေကြပါတယ်။
ကျန်းမာရေးတာဝန်ရှိသူတွေကလည်း ဇန်ဂျာဂျီ မြို့မှာ လူငါး ထောင်လောက် တက်ရောက်ခဲ့တဲ့ ကဇာတ်ရုံနဲ့ပတ်သက်ပြီး အာရုံစိုက် စောင့်ကြည့်နေကြပါတယ်။ အဲ့ဒီ လူငါးထောင်ဟာ ကဇာတ်ရုံမှာဝင်ကြည့်ပြီး သူတို့နေထိုင်ရာ မြို့တွေကို ပြန်သွားခဲ့ ကြတာ ဖြစ်ပါတယ်။
"အခုဆို ဇန်ဂျာဂျီ ဟာ တရုတ်နိုင်ငံရဲ့ ရောဂါပိုးကူးစက် ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်ရမယ့် ဗဟိုချက်နေရာ သစ်ဖြစ်လာနေပါတယ်" လို့ တရုတ်နိုင်ငံ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပညာရှင် ဇောင်နန်ရှန်က သတင်းထောက်တွေ ကို ပြောထားပါတယ်။
မြို့တော်အတွင်းမှာ ကူးစက်မှုအသစ်တွေ ဖြစ်လာနေတာကြောင့် မြို့တော် ဘေဂျင်းကို လည်း ရောဂါပိုး ပျံ့နှံ့မှု အသစ်ရောက်သွားပြီလို့ ပြောနိုင်ပါတယ်။