ရခိုင် နေရာတချို့ ရေပြန်ကျ၊ မြောက်ပိုင်း နှစ်မြိုနယ် ရေနစ်မြုပ်နေဆဲ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်မှာ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း မိုးသည်းထန်တဲ့အတွက် မြို့နယ်တချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး ဒေသခံတစ်ချို့ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပါတယ်။

ရေကြီးရေလျှံမှုအများဆုံးဖြစ်ပွားခဲ့တဲ့ မြို့နယ်ကတော့ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသက သံတွဲမြို့နယ်ဖြစ်ပြီး တစ်မြို့လုံးရေနစ်မြုပ်ခဲ့သလို ရေဘေးအန္တရာယ်စိုးရိမ်ရတဲ့အတွက် ဘေးလွတ်ရာကိုပြောင်းရွှေ့ထားရတဲ့ မိသားစုတွေအများအပြားရှိခဲ့တာ ဖြစ်ပါတယ်။

မနေ့ကတစ်ရက်တည်းမှာ ရခိုင်တောင်ပိုင်းက သံတွဲ၊ ရမ်းဗြဲ၊ တောင်ကုတ်နဲ့ ရခိုင်မြောက်ပိုင်းက မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေမှာ ရေကြီးပြီး နေအိမ်တွေရေနစ်မြုပ်ခဲ့တယ်လို့ သက်ဆိုင်ရာမြို့နယ်တွေက ဒေသခံတွေက ပြောဆိုကြပါတယ်။

အခုမနက်ပိုင်းမှာတော့ တောင်ပိုင်းမြို့နယ်သုံးခုမှာ ရေကျဆင်းသွားပြီဖြစ်ပေမယ့် မြောက်ပိုင်းမြို့နယ်နှစ်ခုက ရေနစ်မြုပ်တဲ့နေရာတွေမှာတော့ လုံးဝခမ်းသွားတဲ့အနေအထားမရောက်နိုင်သေးဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာရှိတဲ့ မောင်တောမြို့နယ်အတွင်း မနေ့ကမနက်ပိုင်းကစတင်ပြီး နတ်မြစ်ရေ ပြည့်လျှံလာတဲ့အတွက် မောင်တောမြို့နယ်မြောက်ပိုင်းက ကျေးရွာခုနစ်ရွာမှာရေနစ်မြုပ်ခဲ့ပြီး တံတားတွေလည်းကျိုးပျက်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ လေးပေလောက်ပြန်ကျသွားပြီဖြစ်ကာ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရတဲ့ မိသားစုတွေလည်းနေအိမ်တွေကို ပြန်လည်ရောက်ရှိလာခဲ့ကြပြီဖြစ်တယ်လို့ တမန်းသားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်က ပြောပါတယ်။

"ရေက ဒီနေ့မှာတော့ နည်းနည်းပြန်ကျတယ်။ လုံးဝကျသွားတာတော့မဟုတ်ဘူး။ ရှစ်ပေလောက်တက်ခဲ့တယ်။ အခုလေးပေလောက်တော့ကျသွားပြီ။ စားရေးသောက်ရေးကတော့ အခက်အခဲရှိတယ်။ ရှိတာတွေကိုပဲစားနေကြရ တာပေါ့။"လို့ ဦးမောင်သိန်းညွန့်က ပြောပါတယ်။

ရေကြီးမှုကြောင့် သိုလှောင်ထားတဲ့ဆန်တွေ၊ စပါးတွေ၊ စိုက်ပျိုးထားတဲ့စပါးခင်းတွေနဲ့ ဆေးဆိုင်ရောင်းချသူတွေမှာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

မောင်တောမြောက်ပိုင်းရေကြီးတာဟာ နတ်မြစ်အတွင်း ရေပြည့်လျှံလာပြီး စုန်းမချောင်းကနေ ရေတွေဝင်ရောက်လာခဲ့သလို မေယုတောင်တန်းကတောင်ကျရေတွေနဲ့ ကွင်းပြင်တွေမှာ မိုးရေတွေ ပြည့်လျှံလာတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဦးမောင်သိန်းညွန့်က ပြောပါတယ်။

ရေစီးနှုန်းပြင်းထန်တဲ့အတွက် တမန်းသားတံတား၊ သစ်တုံးနားခွဆုံတံတား၊ အစံဘော်တံတား၊ လက်ျာချောင်းတံတားတို့ပျက်စီးခဲ့ပြီး နောက်ထပ်တံတားငယ်တွေနဲ့ လမ်းတချို့လည်း ကျိုးပျက်တာတွေရှိနေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေသွားလာလို့မရဘဲ အခက်အခဲဖြစ်နေကြတယ်လို့ မောင်တောဒေသခံတွေဆီကနေ သိရပါတယ်။

ဘူးသီးတောင်မှာလည်း မြို့ပေါ် အမှတ်လေး ၄ ရပ်ကွက်၊ ၅ ရပ်ကွက်နဲ့ တောင်ဘဇာတို့မှာ ဇူလိုင် ၂၇ ရက်နေ့ညကမိုးသည်းထန်ပြီး မေယုမြစ်နဲ့ စိုင်းဒင်ချောင်းတွေက ရေတွေပြည့်လျှံလာတဲ့အတွက် လမ်းတွေနဲ့ နေအိမ်တွေထိ ရေနစ်မြုပ်တာတွေရှိခဲ့ပေမယ့် ဒီကနေ့မနက်ပိုင်းမှာတော့ မြို့ပေါ်ရပ်ကွက်တွေမှာ ပြန်ကျစပြုနေပြီလို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းက တောင်ဘဇာဘက်မှာတော့ ရေပြန်ကျတာမရှိသေးသလို နတလ ကျေးရွာဘက်မှာ လူတွေနေလို့မရတော့တဲ့အထိဖြစ်နေပြီး စာသင်ကျောင်းတွေနဲ့ နေလို့ရတဲ့နေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ တောင်ဘဇာမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"တောင်ဘဇာမှာက ရေမကျသေးဘူး။ တက်နေတုန်းပါပဲ။ ကျွန်မတို့အိမ်မှာဆိုရင် အဖေ့အရပ်မြုပ်တယ်။ ၈ ပေလောက်တော့ရှိမယ်ထင်တယ်။ ရခိုင်အပြင် မြို့၊ သက်၊ ခမီ၊ ဒိုင်းနက်တွေကို နတလက ဆောက်ပေးထားတဲ့ တစ်ထပ်အိမ်တွေမှာ နေလို့မရတော့ အသိအိမ်တွေမှာနေကြတယ်။ ကျွန်မတို့အိမ်နားက အိမ်မှာလည်း စုပြီးတော့ နေကြပါတယ်"လို့ တောင်ဘဇာက အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတဲ့အတွက် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနဲ့ကပ္ပလီပင်လယ်ပြင်တို့မှာ မုတ်သုန်အားအလွန်ကောင်းနေပြီး ဒေသအလိုက်မိုးကြီးနိုင်ခြေရှိတယ်လို့ မိုးလေဝသနဲ့ဇလဗေဒဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

လတ်တလောမှာရေကျဆင်းနေပြီဖြစ်ပေမယ့် မုန်တိုင်းရှိနေသလို မြစ်ရေတွေလည်းမြင့်တက်နေပြီး မိုးကြီးမယ့်အခြေအနေလည်းထပ်ရှိနေသေးတာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာရှိနေသေးတာဖြစ်ပါတယ်။

တကယ်လို့ မိုးဆက်လက်ရွာသွန်းပြီး ရေတွေပြန်တက်လာလို့ရှိရင် လက်ရှိမှာဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ရောဂါကလည်းရှိနေတဲ့အတွက် လူစုလူဝေးတွေကနေတစ်ဆင့် ရောဂါကူးစက်မှုတွေမြင့်မားလာနိုင်တဲ့ အခြေအနေကိုစိုးရိမ်ရတယ်လို့ ဦးအောင်သောင်းရွှေက ပြောပါတယ်။

"တစ်ပူမှာနှစ်ပူဆင့်ပေါ့လေ။ ကိုဗစ်ဖြစ်နေလို့ အပြင်မထွက်ရအိမ်မှာနေနေရတဲ့ကာလမှာ မိုးကြီးလာလို့ရှိရင် ကိုယ့်အိမ်မှာလည်းနေလို့မရတဲ့အခြေအနေဖြစ်မှာပေါ့။ လုံခြုံတဲ့နေရာတွေကိုရွှေ့ပြောင်းရမယ်။ နေရေးထိုင်ရေးအခက်အခဲရှိသလို စားရေးသောက်ရေးအခက်အခဲဖြစ်မယ်။ ရောဂါကူးစက်မှုတွေလည်းရှိမယ်။ ပြောင်းရွှေ့မယ်ဆိုရင်တောင် တခြားနေရာတွေက လက်ခံကြမှာမဟုတ်ဘူးလေ။ အဲ့လိုမျိုး အခက်အခဲတွေရှိနေတယ်။"လို့ ဦးအောင်သောင်းရွှေ့က ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒက လူမှုကွန်ရက်စာမျက်နှာမှာ သတင်းတွေ ပုံမှန်ထုတ်ပြန်ပေးထားပေမယ့် အဲ့ဒီသတင်းတွေကို ရခိုင်ပြည်သူတွေရဲ့ ရာခိုင်နှုန်းအများစုက မသိရှိကြတာကြောင့် သက်ဆိုင်ရာဒေသအာဏာပိုင်တွေအနေနဲ့ အသိပေးအကြောင်းကြားတာမျိုးတွေလည်း လုပ်ပေးတာမတွေ့ရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက မြစ်ကြီးတွေဖြစ်တဲ့ နတ်မြစ်၊ မေယုမြစ်၊ ကုလားတန်မြစ်နဲ့ လေးမြို့မြစ်တွေမှာ ရေမြင့်တက်နေပြီဖြစ်ကာ မိုးဆက်လက်ရွာသွန်းမှုတွေရှိလာပါက အဲ့ဒီမြစ်ဝှမ်းတွေမှာရှိနေတဲ့မြို့တွေရေကြီးရေလျှံမှုတွေနဲ့ ကြုံရနိုင်တဲ့အခြေအနေဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဟာ ကမ်းရိုးတန်းဒေသဖြစ်ပေမယ့် မြို့နယ်အများစုတို့က ကုန်းတွင်းမြို့တွေ ဖြစ်ပါတယ်။ အခုလိုမိုးတွင်းကာလရောက်တိုင်း နှစ်စဉ်ရေကြီးရေလျှံမှုတွေနဲ့ ကြုံတွေ့နေကြရပြီး ၁၉၉၇ ခု၊ ၂၀၁၅ခု၊ ၂၀၁၆ ခုတွေမှာ ရခိုင်တစ်ပြည်နယ်လုံး နေရာအနှံ့အပြား ရေကြီးနစ်မြုပ်ခဲ့ဖူးပါတယ်။