ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ကအသက် ၁၀၀ အရွယ်ကိုဗစ်ကူးစက်ခံရသူအမျိုးသားပြန်ကျန်းမာလို့ဆေးရုံဆင်းခွင့်ရ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီး ဆေးကုသမှုခံယူနေခဲ့ရတဲ့ အသက် ၁၀၀ နှစ် အမျိုးသားတစ်ဦးဟာ ဇူလိုင်လ ၂၅ ရက် ဒီကနေ့မနက်ပိုင်းက ပြန်လည်ကျန်းမာလာတဲ့အတွက် ဆေးရုံဆင်းခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီအမျိုးသားဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယအပတ်အတွင်း ကိုဗစ် ၁၉ ပိုးကူးစက်ခံရပြီး ကျောက်ဖြူ ဆေးရုံကို ရောက်ရှိလာခဲ့ကာ ၁၁ ရက်အကြာဆေးကုသမှုခံယူခဲ့ရပြီး အသက်အရွယ်ကြီးရင့်နေသူ ဖြစ်ပေမယ့် နဂိုရောဂါအခံမရှိတဲ့အတွက် ပြန်လည်နေကောင်းလာတဲ့အတွက် ဒီကနေ့မှာတော့ နေအိမ်ကို ပြန်လည်ရောက်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးက ဂွမြို့နယ်မှာလည်း အသက် ၈၀ ကျော်အရွယ် အမျိုးသား တစ်ဦးနဲ့အမျိုးသမီးတစ်ဦးတို့ဟာ ကိုဗစ်ရောဂါနဲ့ဆေးဝါးကုသမှုခံယူခဲ့ရပြီး ပြန်လည်ကျန်းမာလာတဲ့အတွက် ဇူလိုင်လ ၂၄ ရက် မနေ့ကနေ့လယ်ပိုင်းမှာပဲ ဆေးရုံဆင်းခွင့်ရရှိခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနှစ်ဦးအနက် အမျိုးသားမှာ အသက် ၈၂ နှစ်ဖြစ်ပြီး အမျိုးသမီးမှာ ၈၆ နှစ်ဖြစ်ကာ ဂွမြို့ဆေးရုံမှာ ၁၀ ရက်အကြာ ဆေးကုသမှုခံယူခဲ့ရပြီး နဂိုရောဂါအခံမရှိတာကြောင့် နေပြန်ကောင်းလာခဲ့ကြသူတွေဖြစ် ကြပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ခံခဲ့ရပြီး ဆေးဝါးကုသမှုခံယူပြီးတော့ နေပြန်ကောင်းလာတဲ့အတွက် ဆေးရုံဆင်းခွင့်ရရှိသူတွေထဲ ဒီကနေ့ကျောက်ဖြူဆေးရုံက ဆင်းခွင့်ရရှိခဲ့တဲ့ အမျိုးသားဟာ အသက်အကြီးဆုံး နေပြန်ကောင်းလာသူလည်းဖြစ်ပါတယ်။
ကျောက်ဖြူမြို့နဲ့ဂွမြို့နယ်တို့ဟာ ကိုဗစ်ကူးစက်ပျံ့နှံ့မှုအများဆုံးမြို့နယ်တွေထဲပါဝင်ပြီး ကျောက်ဖြူမြို့နယ် အတွင်းမှာတော့ ပိုးတွေ့ရှိထားသူပေါင်း ၂၂၆ ဦးဖြစ်ကာ သေဆုံးသူ ၈ ဦးရှိပြီး ၁၁၈ ဦးကတော့ ဆေးကုသမှုခံယူနေရဆဲဖြစ်ပါတယ်။
ဂွမြို့နယ်မှာတော့ ပိုးတွေ့ရှိထားသူပေါင်း ၂၅၄ ဦးရှိပြီး သေဆုံးသူ ၁ ဦးဖြစ်ကာ ကျန် ၁၁၅ ဦးကတော့ ဆေးကုသမှုခံယူနေရသူတွေဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက ဇူလိုင်၂၄ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် တတိယလှိုင်းအတွင်း ပိုးတွေ့ရှိခဲ့သူပေါင်းက ဇူလိုင်လ ၂၄ ရက်နေ့အထိ ၂၁၀၁ ဦးရှိပြီး နေပြန်ကောင်းပြီး ဆေးရုံဆင်းခွင့်ရရှိသူပေါင်းက ၁၁၇၉ ဦးရှိကာ လက်ရှိ ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေရသူပေါင်းက ၈၂၀ ဦးရှိပြီး သေဆုံးသူ ၁၀၂ ဦးထိရှိနေပြီလို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။