ကိုဗစ် စဖြစ်လာရင် ဘယ်အချိန် အဓိက စောင့်ကြည့်ရမလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံက ကိုဗစ်လူနာတွေ အသက်ရှုကျပ်ပြီး အမောဖောက်လာတဲ့အခါ ဆေးရုံဆေးခန်းတွေဆီ သွားရောက် ကုသခံနိုင်ခွင့် မရကြတာများတဲ့ အတွက် ကိုယ့်အိမ်မှာကိုယ် အောက်ဆီဂျင်ပေးပြီး ပြုစုပေးနေကြရပါတယ်။
ဒီလို အိမ်မှာပဲ စောင့်ရှောက်ပေးရမယ်ဆိုရင် ထိရောက်မှန်ကန်ပြီး အသက်အန္တရာယ် ကင်းဝေးနိုင်စေဖို့ ဂရုတစိုက် လုပ်ဆောင်ရမှာတွေ ရှိပါတယ်။ အဲဒါတွေထဲက အဓိက အချက်တချို့က-
-စောင့်ကြည့်ရမယ့် အရေးအကြီးဆုံးအချိန်
-အောက်ဆီဂျင် ကျမကျ ဘယ်လို သိနိုင်လဲ၊ ဘယ်လိုတိုင်းမလဲ၊
-မောတိုင်း အောက်ဆီဂျင် ပေးဖို့လိုသလား
-အိမ်မှာ နည်းလမ်းမှန်မှန် အောက်ဆီဂျင်ရှူနည်း
-အောက်ဆီဂျင် မပေးနိုင်ရင် ဘာနည်းရှိသေးလဲ
-ကိုစ်လူနာအတွက် အောက်ဆီဂျင် အများဆုံးဝင်နိုင်ဖို့ ခန္ဓာကိုယ်အနေအထား
-အန္တရာယ်မဖြစ်အောင် အောက်ဆီဂျင်ဘူးကို အိမ်မှာ ဘယ်လို ထားမလဲ စတာတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency
ကိုဗစ်ဖြစ်သူ စောင့်ကြည့်ရမယ့် အရေးအကြီးဆုံးအချိန်
ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ပြီဆိုရင် အောက်ဆီဂျင် ကျတတ်ပြီး အသက်အန္တရာယ် အထိ ကျရောက်သွားနိုင်တဲ့အတွက် ကိုဗစ်လူနာတွေရဲ့ သွေးထဲက အောက်ဆီဂျင်ကို သတိထား စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
သာမန်အားဖြင့် ဗိုင်းရပ်စ် စတင်ကူးစက်ပြီး ၄ ရက်ကနေ ၇ ရက်အတွင်းမှာ အောက်ဆီဂျင် ကျတတ်ပါတယ်။
အောက်ဆီဂျင်ကျရင် အသက်ရှုကျပ်ပြီး မောလာတတ်တဲ့အတွက် အဲဒီရက်အတွင်းကို အထူးဂရုစိုက်စောင့်ကြည့်ဖို့ လိုတယ်လို့ အထူးကြပ်မတ်ကုသဌာနက အထူးကုဆရာဝန်ကြီးတွေ၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ သမားတော်ကြီးတွေက သတိပေးကြပါတယ်။
တချို့ကတော့ ကူးပြီး ၁၀ ရက်လောက်မှ အောက်ဆီဂျင် ကျတာလည်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် စတင် မောလာပြီဆိုရင် သတိထားဖို့ လိုပါပြီ။
ကျန်းမာရေးစောင့်ရှောက်မှု ကောင်းတဲ့ ယူကေလိုနိုင်ငံမှာ အောက်ဆီဂျင်ပေးဖို့ လိုတဲ့လူနာတွေကို ဆေးရုံတွေမှာသာ ပေးကြပါတယ်။ နာတာရှည်ရောဂါ ရှိသူတွေ၊ ပန်းနာရင်ကျပ်ရှိလို့ ပုံမှန် အသက်မရှူနိုင်သူတွေကိုတော့ သယ်ရလွယ်တဲ့ အောက်ဆီဂျင်ဘူးလေးတွေ သုံးဖို့ ညွှန်ကြားပြီး တခြားသူတွေကို ဆေးရုံမှာပဲ အောက်ဆီဂျင်ပေးလေ့ ရှိပါတယ်။
မြန်မာနိုင်ငံမှာကတော့ တိုးတက်တဲ့နိုင်ငံတွေလို မဟုတ်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းရတဲ့ကြားမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အကျပ်အတည်းကြောင့် လူနာအများစုဟာ စောင့်ရှောက်ကုသမှု ခံယူဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကာလထက် သေဆုံးသူပိုများလာနေပါတယ်။
အောက်ဆီဂျင် ကျမကျ ဘယ်လိုသိနိုင်လဲ၊ ဘယ်လိုတိုင်းမလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ်လူနာတွေ အောက်ဆီဂျင် ကျရင် မောလာတတ်ပြီး နှလုံးခုန်နှုန်း မြန်လာတတ်ပါတယ်။ နှလုံးခုန်တာ မြန်မယ်၊ နှုတ်ခမ်းတွေ ပြာလာမယ်၊ သွေးပေါင်ကျလာမယ်၊ ခြေဖျား လက်ဖျား အေးလာမယ်ဆိုရင် အောက်ဆီဂျင် ကျတာဖြစ်နိုင်ပါတယ်။ အောက်ဆီဂျင် နည်းလွန်းရင် သတိလစ်သွားတဲ့အထိ ဖြစ်နိုင်လို့ သတိထားသင့် ပါတယ်။
အောက်ဆီဂျင် တိုင်းတဲ့ Pulse Oxymeter စက် ကလေးတွေကို အလွယ်တကူ ဝယ်ယူ အသုံးပြုလို့ ရနေကြပါပြီ။ မရှိရင်လည်း တချို့ စမတ်ဖုန်းတွေထဲမှာ နှလုံးခုန်နှုန်းနဲ့ အောက်ဆီဂျင် တိုင်းတဲ့ Health App ကို သုံးပြီး တိုင်းနိုင်ပါတယ်။
အောက်ဆီဂျင် တိုင်းရာမှာလည်း သတိထားစရာလေးတွေ ရှိတဲ့အကြောင်း ယူကေနိုင်ငံ မန်ချက်စတာ ဆေးရုံက အဆုတ်နဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာ အထူးကုသမားတော်ကြီး ဒေါက်တာ မြတ်မာတင်က ပြောပါတယ်။
Pulse Oxymeter စက်တွေက တစ်ခုနဲ့ တစ်ခု မတူတဲ့အတွက် အပြောင်းအလဲ အနည်းငယ်ရှိတတ်ပါတယ်။
အမျိုးသမီးတွေ လက်သည်း ခြေသည်း ဆိုးထားရင် တိုင်းတဲ့ စက်က မှန်မှန်ကန်ကန် အဖြေမထွက်နိုင်တဲ့အတွက် လက်သည်းနီ ဖျက်ပြီးမှ တိုင်းရပါမယ်။
လက်ချောင်းလေးတွေထဲမှာ လက်ညှိုးနဲ့ လက်ခလယ်မှာ တိုင်းတာက ပိုမိုမှန်ကန် ထိရောက်ပါတယ်။ ဘယ်ဘက်နဲ့ ညာ ဘယ်ဘက် ရွေးမယ်ဆိုရင်တော့ ဆိုရင် ညာဘက်ကို ရွေးပါလို့ အကြံပေးပါတယ်။
အသက်ရှူကျပ်တိုင်း မောတိုင်း အောက်ဆီဂျင်လိုသလား
မောတိုင်းတော့ အောက်ဆီဂျင် ပေးဖို့ မလိုသေးဘူးလို့ ဆေးပညာရှင်တွေက ပြောပါတယ်။
ဒါပေမဲ့ ကိုဗစ်ဖြစ်သူမှာ ဆေးလိပ်သောက်သလား၊ နာတာရှည် အဆုတ်ပွရောဂါရှိလားဆိုတာက အဓိက ကျတယ်လို့ ဒေါက်တာ မြတ်မာတင်က ပြောပါတယ်။
နှစ်ရှည်လများ ဆေးလိပ်သောက်ခဲ့သူတွေ၊ အဆုတ်ပွ ရောဂါရှိသူဆိုရင် အောက်ဆီဂျင် နည်းနည်းနဲ့ နေနိုင်တာ အသားကျနေပြီးဖြစ်တဲ့အတွက် သူတို့မှာ ကိုဗစ်ဖြစ်ရင် ကျန်းမာသူတွေ လိုအပ်တဲ့ အောက်ဆီဂျင် ရာခိုင်နှုန်းလောက်အထိ မလိုအပ်ဘူးလို့ ဆရာဝန်ကြီးက ပြောပါတယ်။
အဲဒီလူတွေက အောက်ဆီဂျင် ၈၈ ကနေ ၉၂ ရာခိုင်နှုန်း အထိ ရှိရင် နေလို့ရကြတယ်လို့ဆိုပါတယ်။ အဲဒီထက် ပိုတက်အောင်ပေးရင် အန္တရာယ်ဖြစ်စေတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် အဆိပ်ဓာတ်တွေ ကိုယ်ထဲမှာ တက်ပြီး အန္တရာယ်ရှိပါတယ်။ အောက်ဆီဂျင်လိုအပ်တယ် ဆိုပြီး ပေးတိုင်းလည်း အကျိုးမရှိတတ်ပါဘူး။
အရင်က ရောဂါမရှိဘဲ ကျန်းမာသန်စွမ်းသူတစ်ယောက်က အခု ကိုဗစ်ဖြစ်မှ အသက်ရှုကျပ်ပြီး မောတယ်၊ အောက်ဆီဂျင်တိုင်းကြည့်လို့ ၉၂ ရာခိုင်နှုန်းအောက် ရောက်ပြီဆိုရင်တော့ ဆေးရုံသွားသင့်တဲ့ အချိန်ရောက်ပါပြီ။ ကိုဗစ်ဖြစ်သူဟာ နာရီပိုင်းအတွင်းမှာကို အောက်ဆီဂျင် ချက်ချင်း ကျသွားနိုင်လို့ ဖြစ်ပါတယ်။
အခု မြန်မာနိုင်ငံက လတ်တလောအခြေအနေအရ လူနာတွေ ဆေးရုံသွား မကုနိုင်ကြတော့ အိမ်မှာပဲ အောက်ဆီဂျင်ဘူးတွေ စက်တွေ မရရအောင်ရှာပြီး သုံးနေကြရပါတယ်။
အိမ်မှာ မှန်ကန်တဲ့ အောက်စီဂျင်ရှူနည်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
နှာခေါင်းမှာ ပိုက်ထည့်ပြီး ရှူတာနဲ့ မျက်နှာဖုံး Mask အုပ်ပြီး ရှူနိုင်တဲ့ နှစ်နည်းရှိပါတယ်။
အရေးအကြီးဆုံးက ကိုယ်သုံးမယ့် အောက်ဆီဂျင်ဘူးနဲ့ Oxygen Concentrator ဆိုတဲ့ အောက်ဆီဂျင်စက်ကနေ တစ်မိနစ်ကို အောက်ဆီဂျင် ဘယ်လောက်နဲ့ နှုန်းနဲ့ ထွက်သလဲ ဆိုတာ သိဖို့ လိုပါတယ်လို့ ဒေါက်တာ မြတ်မာတင်က ပြောပါတယ်။
မှန်ကန်တဲ့ အောက်ဆီဂျင်ပမာဏာ ရနိုင်အောင် ကိုယ်သုံးတဲ့ အောက်ဆီဂျင်ဘူး၊ အောက်ဆီဂျင်စက်နဲ့ ကိုယ်သုံးမယ့် ပိုက်၊ မျက်နှာဖုံးတို့ကို သင့်လျော်မှန်ကန်အောင် တွဲသုံးရပါမယ်။
နှာခေါင်းမှာ တပ်တဲ့ ပိုက်က အောက်ဆီဂျင် ပမာဏ ၂၄ ကနေ ၄၅ ရာခိုင်နှုန်း အထိ အများဆုံး ရနိုင်ပါတယ်။ တစ်မိနစ်ကို အောက်ဆီဂျင် ၁ လီတာကနေ ၆ လီတာ အထိ ထွက်တဲ့ စီးဆင်းမှု ရရင် နှာခေါင်းပိုက် သုံးဖို့ လုံလောက်ပါပြီ။
မျက်နှာဖုံး သုံးပြီး အောက်ဆီဂျင် ရှူမယ် ဆိုရင် တစ်မိနစ်ကို အနည်းဆုံး ၅ လီတာထွက်မှ အကျိုးသက်ရောက်နိုင်ပါမယ်။ အောက်ဆီဂျင်ပမာဏ ၆၅ ရာနှုန်း အထိ ရလို့ ပိုများပါတယ်။
ဒီတော့ အောက်ဆီဂျင် များများ ပေးချင်ရင် မျက်နှာဖုံးနဲ့ ပေးမှရမှာဖြစ်ပြီး နည်းနည်းပဲ လိုရင်တော့ ပိုက်နဲ့ တပ်ရှူရပါမယ်။
ဆေးရုံတွေမှာ သုံးတာက တစ်မိနစ်ကို ၁၅ လီတာ အထိ ပေးနိုင်ပါတယ်။ မျက်နှာဖုံး အုပ်ပြီး တစ်မိနစ်ကို ၈၀ ကနေ ၈၅ ရာနှုန်း အထိ မြန်မြန် ပေးနိုင်ပါတယ်။
အောက်ဆီဂျင် မရနိုင်ရင် တခြား ဘာနည်းလမ်းရှိသေးလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကေမှာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ထားတဲ့ လေ့လာမှုကြီး အရ ငွေကုန်ကြေးကျ သက်သာပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခု တွေ့ရှိထားပြီး လက်တွေ့ အသုံးပြုနေပါတယ်။
အဲဒါက အောက်ဆီဂျင် လိုအပ်သူတွေကို ဒက်ဆာ မက်သာဇုန်း Dexamethasone ဆိုတဲ့ စတီးရွိုက်ဆေးကို တနေ့ ၆ မီလီဂရမ် နဲ့ ၁၀ ရက် ကြာတိုက်ပြီး ကုသပေးနေတဲ့နည်းလမ်းပါ။
အထူးသတိပြုရမှာကတော့ ဒီစတီးရွိုက်ဆေးတွေက အစာအိမ်၊ သွေးတိုး၊ ဆီးချိုရောဂါ ရှိသူတွေအတွက် ဆိုးကျိုး Side Effects တွေရှိနိုင်တာကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်တယ်လို့ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ရောဂါ သမားတော်ကြီး ဒေါက်တာ မြတ်မာတင်က အကြံပေးပါတယ်။
ဒီဆေးကို အောက်ဆီဂျင် ကျနေပြီး လိုအပ်နေချိန်မှာ သောက်ရမှာဖြစ်ပြီး ၁၀ ရက်အတွင်း ပြန်တက်လာရင် သောက်စရာမလိုတော့ဘူးလို့ သူက ပြောပါတယ်။
၁၀ ရက် အထိသောက်ပြီးပေမဲ့ အောက်ဆီဂျင် ပြန်တက်မလာတော့ဘူးဆိုရင်လည်း ဒီဆေးကို ဆက်မသောက်သင့်ဘဲ ရပ်လိုက်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒက်ဆာ မက်သာဇုန်း ဆေး မရနိုင်ဘူးဆိုရင် Steroid တစ်မျိုးဖြစ်တဲ့ Prednisolone ပရက်ဒ်နီဆိုလုန်း သုံးနိုင်ပါတယ်။
အဲဒီဆေးကိုတော့ တစ်နေ့ကို ၄၀ မီလီဂရမ် ဆေး တစ်လုံးစီ နေ့စဉ် ၁၀ ရက်သောက်ရမှာပါ။ စတီးရွိုက်ဆေးတွေက အစာအိမ်ကို ဒုက္ခပေးတတ်လို့ အစာနဲ့ တွဲသောက်ဖို့ လိုပြီး မနက်ပိုင်းမှာ သောက်သင့်ပါတယ်။
အစာအိမ်ရောဂါရှိသူတွေက Omeprazole အိုမီပရာဇိုးလ် ဆိုတဲ့ အစာအိမ်ဆေးနဲ့ တွဲသောက်သင့်ပါတယ်။
တစ်ခါ ဒီဆေးတွေက ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်ကို တက်စေတဲ့အတွက် ဆီးချိုအခံ ရှိသူတွေရော၊ ဆီးချို ဖြစ်ပြီးသားသူတွေရောမှာ သကြားဓာတ်ပိုတက်နိုင်တဲ့အတွက် ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သင့်ပါတယ်။
ဆီးချိုဆေးသောက်နေတဲ့ သူတွေမှာ ကိုဗစ်ဖြစ်လာရင် တချို့ဆီးချိုဆေးတွေက ရပ်ရပြီး တချို့ ဆီးချိုဆေးကပဲ ဆက်သောက်သင့်ပါတယ်။ ဆီးချိုအထူးကုတွေ ကတော့ ဆီးချိုဆေးအားလုံးထဲမှာ Gliclazide ဂလစ်ကလက်ဇိုက် ဆိုတဲ့ ဆေးမျိုးကိုပဲ သောက်သင့်တယ်လို့ အကြံပြုထားပါတယ်။
အောက်ဆီဂျင်ရဖို့ အသင့်တော်ဆုံး အနေအထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ်ဖြစ်သူတွေ ပက်လက်လှန်အိပ်ရင် အောက်ဆီဂျင် ပိုကျတယ်ဆိုတာကို လေ့လာ တွေ့ရှိလာကြတဲ့အတွက် ဆေးရုံတွေမှာဆိုရင် ဆရာဝန်တွေက လူနာတွေကို မှောက်အိပ်ခိုင်းပါတယ်။
အိမ်မှာပဲနေကြရတဲ့ ကိုဗစ်လူနာတွေကိုလည်း အောက်ဆီဂျင်စကျပြီ၊ မောလာပြီဆိုရင် မှောက်အိပ်ဖို့ သမားတော်ကြီး ဒေါက်တာ မြတ်မာတင်က အကြံပြုပါတယ်။
မှောက်အိပ်တဲ့အခါမှာ ဘယ်လောက်ကြာကြာ အိပ်ရမလဲ၊ ဘယ်လိုပုံစံ အိပ်ရမလဲ ဆိုတာလည်း အရေးကြီးပါတယ်။
မှောက်အိပ်တဲ့အခါ အောက်မှာ ခေါင်းအုံးလေး ခုပြီးအိပ်ရင် နေသာပါတယ်။ လူတိုင်းကတော့ မှောက်အိပ်လို့ အဆင်မပြေကြတာတွေ ရှိနိုင်ပါတယ်။ တချို့ ခါးနာတတ်တဲ့သူတွေဆိုရင် မှောက်မအိပ်နိုင်ကြပါဘူး။ ဒါဆိုရင်တော့ ဘေးစောင်းအိပ်နိုင်တယ်လို့ ဆိုပါတယ်။
အိပ်တဲ့အခါ နာရီဝက်ကနေ ၂ နာရီကြား တစ်ကြိမ် ပုံစံပြောင်းသင့်ပါတယ်။
အတိုချုပ်ပြောရရင် မှောက်အိပ်၊ ညာဘက်စောင်းအိပ်၊ ထိုင်၊ ဘယ်ဘက်စောင်းအိပ်၊ ပြန်မှောက်အိပ် ဆိုတာကို မိနစ် ၃၀ နဲ့ ၂ နာရီကြာတိုင်း ပြောင်းသင့်ပါတယ်။
၁- မိနစ် ၃၀ ကနေ ၂ နာရီ ကြား ဝမ်းဗိုက်ပေါ် မှောက်လျက် လဲလျောင်း (အောက်မှာ ခေါင်းအုံးခုထား)
၂- မိနစ် ၃၀ ကနေ ၂ နာရီကြား ညာဘက် ဘေးတိုက်တစောင်း
၃- မိနစ် ၃၀ ကနေ ၂ နာရီကြား ၄၅ ဒီဂရီ ပက်လက် ခပ်စောင်းစောင်းထိုင်
( နောက်မှာ ခေါင်းအုံးလေး ခံထားပြီး ခန္ဓာကိုယ်ကို ၄၅ ဒီဂရီလောက် ခပ်စောင်းစောင်းလေး ထိုင်လျက်ပုံစံ နေရပါမယ်။ ထိုင်လိုက်တာနဲ့ အောက်ဆီဂျင်တက်လာမှာ ဖြစ်ပါတယ်။ အသက် ပြင်းပြင်းရှုရင် ပိုတက်မယ်၊ ခပ်ဖြေးဖြေးရှူရင်တော့ သိပ်မတက်နိုင်ပါဘူး။ မြန်မြန်ရှုစရာ မလိုဘဲ ဖြေးဖြေးမှန်မှန် အသက်ဝဝ ရှုသွင်းရင်ကောင်းပါတယ်)
၄-ထိုင် နေတာ စောစောကအတိုင်း နာရီဝက်ကနေ ၂ နာရီလောက်ကြား ကြာလာပြီဆိုရင် ဘယ်ဘက် ပြန်စောင်းအိပ်
ဒီတော့ မှောက်လျက်သား၊ ညာဘက်စောင်းအိပ်၊ ခပ်စောင်းစောင်း ထိုင်လျက် အနေအထား၊ ဘယ်ဘက်ပြန်စောင်း စတဲ့ ပုံစံမျိုးကို အလှည့်ကျ ပုံစံ ပြောင်းလဲ အိပ်သွားရင် အဆင်ပြေနိုင်ပါတယ်လို့ ဒေါက်တာ မြတ်မာတင်က ပြောပါတယ်။
အောက်ဆီဂျင်ပေးနေရတဲ့ ကိုဗစ်လူနာကို အနီးကပ် ပြုစုစောင့်ရှောက်နေသူတွေ အထူးဂရုထားသင့်

ဓာတ်ပုံ ရင်းမြစ်, SOPA Images
ကိုဗစ်ဟာ အဆုတ်ရောင်စေတဲ့အတွက် လူနာကို အသက်ရှုမြန်စေပြီး သူ့ရဲ့ အသက်ရှူလမ်းကြောင်း ကနေ ထွက်လာတဲ့ ရောဂါပိုးအမှုန်အမွှားတွေကြောင့် အနီးအနားမှာ ပြုစု စောင့်ရှောက်ပေးနေသူတွေကို ရောဂါ ကူးစက်ဖို့ လမ်းပိုများပါတယ်။ ဖြစ်နိုင်ရင် ကိုဗစ်လူနာကို အသက်အရွယ်ကြီးရင့်သူတွေနား နီးနီးကပ်ကပ် မထားသင့်ဘဲ သီးသန့်ခွဲထားသင့်ပါတယ်။
ကိုဗစ်လူနာကို အနီးကပ် ပြုစုစောင့်ရှောက်ရင် မိသားစုဝင်ထဲမှာ ရောဂါဒဏ် ခံနိုင်မယ့် အကျန်းမာဆုံး လူငယ်လူရွယ် တစ်ဦးတည်းက တာဝန်ယူ ပြုစုစောင့်ရှောက်တာက ပိုကောင်းတယ်လို့ ဒေါက်တာ မြတ်မာတင်က အကြံပြုပါတယ်။
လူနာရဲ့ အနားကို သွားရင်လည်း နှာခေါင်းစည်းကို နှစ်ထပ်ဝတ်ပါ။ လေထဲမှာ ပျံ့လွင့်နေတဲ့ ရောဂါပိုးက မျက်စိကနေတစ်ဆင့်လည်း ဝင်နိုင်တဲ့အတွက် Face shield တွေ ဝတ်ပါ။ လက်အိတ်၀တ်ပါ ဒါမှမဟုတ် လက်ကို ခဏခဏဆေးပါ။ အနားကပစ္စည်းတွေကိုလည်း ဆပ်ပြာနဲ့ ဆေးကြောပေးပါ။ လူနာအတွက် အိုးခွက် အသုံးအဆောင်ပစ္စည်းတွေကို သီးသန့် ခွဲထားပေးပါ။
ကိုယ့်ဆီကနေ တခြားသူတွေဆီ ရောဂါပိုး မကူးစေအောင် လူနာကို အနီးကပ် စောင့်ရှောက်နေသူအနေနဲ့ အပြင်မထွက်ဘဲ အိမ်မှာပဲ နေသင့်ပါတယ်။
ယူကေနိုင်ငံမှာတော့ ကိုဗစ်လူနာ ရှိရင် အတူနေ အိမ်သားတွေကို ၁၀ ရက်ကနေ ၂ ပတ် အပြင်မထွက်ဘဲ အိမ်မှာပဲနေကြဖို့ ညွှန်ကြားပါတယ်။
အောက်ဆီဂျင်ဘူးကို အန္တရာယ်မဖြစ်အောင် ဘယ်လိုထားမလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိမ်မှာ အောက်ဆီဂျင်ဘူးထားပြီး သုံးတဲ့ အခါ အန္တရာယ်မကျရောက်အောင် စနစ်တကျထားဖို့ အလွန်အရေးကြီးပါတယ်။
အောက်ဆီဂျင်က ကိုယ်တိုင်မီးမလောင်ပေမဲ့ မီးလောင်မှုကိုအားပေးတဲ့အတွက် အိမ်မှာ ထားရင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
အိမ်ထဲမှာ ဆေးလိပ်သောက်တာကို ရှောင်သင့်သလို အောက်ဆီဂျင်ဘူးတွေကို မီးဖိုထဲ၊ နေရောင်တိုက်ရိုက်ကျတဲ့နေရာ၊ ပူလွန်းတဲ့နေရာတွေမှာ မထားသင့်ပါဘူး။
အောက်ဆီဂျင်အိုးနားမှာ မီးလောင်လွယ်တဲ့ ခြင်ဆေးဘူး၊ ရေမွှေးဘူးလို စပရေးဘူးတွေ၊ ဆေးသုတ်ရာမှာသုံးတဲ့ တင်ဒါတွေ မထားရင်ကောင်းပါတယ်။
မျက်နှာအသားအရေခြောက်တဲ့အခါ လိမ်းလေ့ရှိတဲ့ Vaseline ဗက်ဆလင်းလို လိမ်းဆေး အဆီတွေ လိမ်းထားရင်၊ မျက်နှာပေါ် နှာခေါင်းစည်းတပ်ထားတဲ့အခါ မီးလောင်နိုင်တဲ့အတွက် မလိမ်းရင် ကောင်းပါတယ်။
ကိုဗစ်နဲ့ပတ်သက်လို့ သိရှိသင့်တဲ့ ဗဟုသုတတွေ အားလုံး သိပြီဆိုရင် အိမ်က ကိုဗစ်လူနာကို ပြုစုရင်း ကိုယ့်ကို မကူးအောင် ဂရုစိုက်ဖို့လည်း မမေ့သင့်ပါဘူး။
ကိုဗစ်ဆိုတာက အဆုတ်ရောင် ရောဂါဖြစ်လို့ အနီးကပ် ပြုစုသူကို ကူးနိုင်ခြေက တော်တော်များပါတယ်။
အောက်ဆီဂျင်သုံးနေရသူဆိုရင် ပိုးက လေထဲမှာ ပိုရှိနေနိုင်သေးတာမို့ အထူးသတိထားဖို့ လိုပါတယ်။
ပြုစုပေးမယ့်သူက လူကြီးတွေထက် မိသားစုထဲမှာ အကျန်းမာဆုံးလူငယ်ဆို ပိုကောင်းပါတယ်။
ဖြစ်နိုင်ရင် ကိုဗစ်ဖြစ်တဲ့ မိသားစုက အိမ်ကနေ အိမ်ပြင် မထွက်ဘဲ နှစ်ပတ်လောက် နေသင့်ပြီး မတတ်သာလို့ ထွက်ရမယ် ဆိုရင်တောင် လူနာကို ပြုစုနေသူ မဟုတ်တဲ့ နောက်တစ်ယောက်က သွားသင့်တယ်လို့ ဒေါက်တာ မြတ်မာတင်က အကြံပြုပါတယ်။
မဖြစ်နိုင်ဘူးဆိုရင်တော့ သိရှိပြီးသား ကိုဗစ်စည်းကမ်းတွေကို အတိအကျ လိုက်နာပြီး ကိုယ့်ကြောင့် တခြားသူတွေကို မကူးအောင် ရရုစိုက်ရမှာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေ သိချင်တာရင် bbcburmese@gmail.com ကို ဖြစ်စေ BBC News Burmese Facebook ကိုဖြစ်စေ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို အီးမေးလ်ရေးပြီး မက်ဆေ့ချ်ပေးပို့နိုင်ပါတယ်။ သက်ဆိုင်ရာ ကျွမ်းကျင်သူဆေးပညာရှင်တွေကို ဘီဘီစီက မေးမြန်းပြီး ပြန်လည် တင်ဆက်ပေးပါမယ်။







