နိုင်ငံတော်သီချင်း - ကမ္ဘာမကျေလား၊ ကမ္ဘာမကြေလား

    • ရေးသားသူ, ကိုသိမ်းမြတ်
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
  • ရေးသားခဲ့သည်။

ကောဇာသက္ကရာဇ် ၁၂၄၀ ပြည့်နှစ် သီပေါမင်းနန်းတက်စအချိန်က တောင်ဥယျာဥ်အစည်းအဝေးရုံတော်မှာ မြန်မာစာ သတ်ပုံအစည်းအဝေးပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးမှာ တနိုင်ငံလုံးက အထင်ရှားအကျော်ကြားဆုံး မြန်မာပညာရှိ ၂၈ ယောက် ပါဝင်ဆွေးနွေးခဲ့ကြပြီး သတ်ပုံကျမ်းပေါင်း ၃၆ စောင်ကိုစိစစ်ခဲ့ကြပါတယ်။ စိစစ်ခဲ့ကြတဲ့ သတ်ပုံကျမ်း ၃၆ စောင်အနက် ၁၈ စောင်ကိုပယ်ချပြီး ၁၈ စောင်ကိုရွေးချယ်ခဲ့ပါတယ်။ အဲဒီရွေးချယ်ထားတဲ့ ၁၈ စောင်ကို ထပ်မံစိစစ်ပြီး ၉ စောင်ကို ထပ်မံရွေးချယ်ပြန်ပါတယ်။ အဲဒီ ၉ စောင်ကို နိုင်ငံတော်သတ်ပုံစာအုပ်တွေ အဖြစ် ပြဋ္ဌာန်းခဲ့ပါတယ်။

အဲသလို ပြဋ္ဌာန်းလိုက်တဲ့ သတ်ပုံကျမ်း ၉ စောင်အနက်မှာမှ ပင့်၊ ရစ် ရေးထုံးနဲ့ပတ်သက်ရင် ဆရာတော်ဦးဗုဒ်ရေးသားတဲ့ ကဗျာသာရတ္ထသင်္ဂဟကျမ်းကို အာဂုံဆောင်ရမယ် အသတ်နဲ့ပတ်သက်ရင် စိန္တကျော်သူဦးသြရဲ့ ကဝိလက္ခဏာသတ်ပုံကျမ်းကိုအာဂုံဆောင်ရမယ်လို့ အထူးပြုပြဋ္ဌာန်းလိုက်ပါတယ်။

ကဗျာသာရတ္ထသင်္ဂဟကျမ်းမှာ ဖော်ပြတဲ့ ကျေနဲ့ကြေ

ဆရာတော်ဦးဗုဒ်ရဲ့ အဲဒီကဗျာသာရတ္ထသင်္ဂဟကျမ်းမှာ "ပွတ်ခုံပွတ်ကျေ၊ ကျေပွန်စကား၊ စားသောက်မကျေ၊ မကျေကမ္ဘာ" လို့ယပင့်ကျေအုပ်စုမှာရေးသားထားပါတယ်။

ရရစ်ကြေအုပ်စုမှာတော့ "အစာလည်းကြေ၊ သိသိကြေက၊ ပျက်ကြေညက်ကြေ၊ ကမ္ဘာကြေ၍" ဆိုပြီး ရေးထားပြန်ပါတယ်။

ဆရာတော်ရဲ့ကျမ်းထဲမှာကိုပဲ ကမ္ဘာမကျေကို ယပင့်နဲ့ရေးပြီး ကမ္ဘာကြေတာကိုတော့ ရရစ်နဲ့ရေးရမယ်ဆိုတဲ့သဘောဖြစ်နေပါတယ်။ "မ" ပါရင်ယပင့်၊ "မ" မပါရင် ရရစ်လို့ပြောတာမျိုးလည်းရှိပေမဲ့ ဒါကိုတော့ မြန်မာစာပညာရှင်အများက မနှစ်သက်ကြပြန်ပါဘူး။

မြန်မာစာအဖွဲ့ရဲ့ဆုံးဖြတ်ချက်

အဲဒါကြောင့် မြန်မာစာအဖွဲ့က ပညာရှင်တွေဟာ ကဗျာသာရတ္ထသင်္ဂဟကျမ်းအပါအဝင် ကျမ်းအမျိုးမျိုး၊ ပင့်ရစ်ရေးထုံးအမျိုးမျိုး၊ ရှေးဟောင်းစာပေအမျိုးမျိုးကို နှိုင်းယှဥ်သုံးသပ်ပြီးနောက်မှာ ကျေနဲ့ကြေကို ဘယ်နေရာမှာ ဘာသုံးရမယ်ဆိုတာ ခွဲခြားဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီဆုံးဖြတ်ချက်ကတော့ ရုပ်ဝတ္ထုရှိတဲ့အရာတခုခု မှုန့်သွား၊ ညက်သွား၊ ကျိုးသွား၊ ကွဲသွားတဲ့အခါမှာ ရရစ်နဲ့ကြေလို့ရေးပြီး ရုပ်ဝတ္ထုမရှိ၊ဒြပ်မရှိတဲ့အရာတွေပျောက်ပျက်သွားတာမျိုးကိုတော့ ယပင့်နဲ့ ကျေလို့ရေးရမယ်လို့ ဖြစ်ပါတယ်။

"တာဝန်ကျေ၊ စိတ်ကျေနပ်၊ စာကျေ၊ သဘောတရားကျေ၊ ဒဏ်ကျေစသည်ဖြင့် ရုပ်ဒြပ်မရှိတဲ့စိတ္တဇနာမ်တွေ ကျေတာ၊ ပျက်တာ၊ ပျောက်တာ၊ ညက်တာဆိုရင် ယပင့်နဲ့ရေးတယ်ဗျ။ တာဝန်တို့၊ စိတ်တို့၊ စာတို့၊ သဘောတရားတို့ ဒဏ်တို့က ကိုင်တွယ်လို့ရတဲ့ရုပ်ဝတ္ထုတွေမှမဟုတ်တာ၊ ဒါ့ကြောင့်သူတို့နဲ့တွဲတဲ့ကျေကို ယပင့်နဲ့ကျေပါတယ်။ ဒါပေမဲ့နော် ဒဏ်ဆိုတာကသာ ရုပ်ဝတ္ထုအကောင်အထည်မရှိလို့ ယပင့်ကျေနဲ့ရေးပေမဲ့ အရိုးကြေတာ၊ အသားကြေတာကိုတော့ ရရစ်နဲ့ရေးတာဗျ။သူကရုပ်ဒြပ်ရှိတာကိုး။" လို့မြန်မာစာအဖွဲ့ကပညာရှင် ဆရာကြီးဒေါက်တာဦးထွန်းတင့်ကဆိုပါတယ်။

နိုင်ငံတော်သီချင်းရဲ့အဓိပ္ပာယ်ကဘာကိုဆိုလိုသလဲ

နိုင်ငံတော်သီချင်းထဲက ကမ္ဘာမကျေ/ကြေ၊ ဗမာပြည်ကို ယပင့်နဲ့ရေးမှာလား၊ ရရစ်နဲ့ရေးမှာလား။ ကမ္ဘာကျေ/ကြေ သော်လည်း ဥဒါန်းမကျေ/ကြေ ဆိုတာတွေမှာရော ယပင့်နဲ့ရေးကြရမှာလား၊ ရရစ်နဲ့ရေးကြမှာလား။

ဒါ့အပြင်မကြာခင်က မိတ်ဆွေတယောက်က မေးပါတယ်။ "နိုင်ငံတော်သီချင်းထဲက ကမ္ဘာမကျေ/ကြေ ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုဘာသာပြန်မှာလဲတဲ့။" ဘာသာပြန်ဖို့စဥ်းစားရင် ဗမာလိုအဓိပ္ပာယ်ကို သေသေချာချာသိမှ ဘာသာပြန်လို့ရမယ်။ အဲဒီတော့ ကမ္ဘာမကျေ/ကြေ ဗမာပြည်ဆိုတဲ့ အဓိပ္ပာယ်ဟာ ဘာလဲဆိုတာအထိစဥ်းစားစရာတွေ ဖြစ်လာပါတယ်။

ဗမာ၊မြန်မာပြဿနာလည်းရှိ

ဒါ့အပြင် မူရင်းက ကမ္ဘာမကျေ/ကြေ ဗမာပြည်ရေးရာကနေ အခုကမ္ဘာမကျေ/ကြေ မြန်မာပြည်လုပ်ထားပြန်တော့ ဗမာ၊မြန်မာပြဿနာကလည်း တမျိုးထပ်ရှုပ်ပြန်ပါရော။ ဗမာ၊ မြန်မာပြဿနာကတော့ အရင်ကလည်း ဆွေးနွေးဖူးပြီးသားမို့ ဒီဆောင်းပါးမှာ အကျယ်မဆွေးနွေးတော့ပါဘူး။ တကယ်လို့ မကျေလည်သူများရှိခဲ့ရင် နောင်မှထပ်ဆွေးနွေးပါ့မယ်။

ဗမာဆိုတဲ့စကားရော၊ မြန်မာဆိုတဲ့စကားရောဟာ ရှမ်း၊ တိုင်းလိုင်၊ ကချင်၊ ကရင်၊ ကယား၊ ကရင်နီ၊ ကယန်း၊ မွန်၊ ရခိုင်၊ ဝ၊ ပအိုဝ်း၊ ပလောင်၊ ချင်း၊ ဇိုမီး အစရှိတဲ့ လူမျိုးစုများနဲ့ ဘယ်လိုမှမသက်ဆိုင်ဘူး။ ပုဂံ၊ ညောင်ဦးတဝိုက်မှာ မူလကအခြေချ နေထိုင်ခဲ့ကြဖူးတဲ့ ပြည်မနေ လူမျိုးစုကိုသာ ဗမာသို့မဟုတ်မြန်မာလို့ ခေါ်ပါတယ်။

လူမျိုးပေါင်းစုံပါဝင်တဲ့ နိုင်ငံကို မြန်မာလို့ သတ်မှတ်တယ်ဆိုတာက အုပ်ချုပ်သူအစိုးရရဲ့ သတ်မှတ်ချက်မျှသာဖြစ်ပြီး မူလအနက်က အဲဒီသဘောကိုမဆောင်ပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်လက်ထက်မှာ သတ်မှတ်ခဲ့တဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။

ဒို့ဗမာအစည်းအရုံးခေတ်က သတ်မှတ်ခဲ့တဲ့ သတ်မှတ်ချက်ကတော့ လူမျိုးပေါင်းစုပါဝင်တဲ့နိုင်ငံကို ဗမာလို့ သတ်မှတ်တာပါ။ ဒါ့ကြောင့် ဗမာပြည်၊ မြန်မာပြည်မှာလည်း အငြင်းပွားမှုရှိပါတယ်။ ဒီဆောင်းပါးမှာတော့ မူလကသုံးတဲ့ ဗမာပြည်ကိုပဲ သုံးပါမယ်။

မြန်မာစာအဖွဲ့ကဆရာကြီးနှစ်ယောက် သဘောထားကွဲလွဲနေသလား

နိုင်ငံတော်သီချင်းထဲက ကမ္ဘာမကျေ/ကြေ၊ ဗမာပြည်ဆိုတဲ့စကားကို ယပင့်နဲ့သာ ကမ္ဘာမကျေလို့ ရေးသင့်တယ်လို့ မြန်မာစာအဖွဲ့က ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုတာ မကြာခင်ဆက်ပြောပါမယ်။

အဲဒါမပြောခင် မြန်မာစာအဖွဲ့က နောက်ထပ်ဆရာကြီးတယောက်ဖြစ်တဲ့ ဆရာကြီးဦးခင်အေး ခေါ် မောင်ခင်မင် ဓနုဖြူ ရေးထားတာလေး တခုကိုပြန်ပြောချင်ပါတယ်။

ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ ဆိုတဲ့ ရေးထုံးမှာ ကမ္ဘာကြေကိုရရစ်နဲ့ကြေပြီး ဥဒါန်းမကျေကိုယပင့်နဲ့ကျေတာဟာ အမှန်ဖြစ်တယ်လို့ ဆရာကြီးဦးခင်အေးက ရေးသားထားပါတယ်။ ဒါဟာ မြန်မာစာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ အညီဖြစ်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ကမ္ဘာဟာ ရုပ်ဝတ္ထုအကောင်အထည်ရှိတဲ့ ဒြပ်ရှိတဲ့အရာမို့ ရရစ်နဲ့ကြေပြီး ဥဒါန်းဆိုတာဟာ ရုပ်ဝတ္ထုအကောင်အထည် မရှိတဲ့ အရာမို့ ယပင့်နဲ့ကျေတာလို့ ဆရာကြီးဦးခင်အေးက ဆိုထားလို့ပါ။

ဆရာကြီးဦးထွန်းတင့်က နိုင်ငံတော်သီချင်းမှာ ကမ္ဘာမကျေလို့ရေးရမယ်ဆိုထားပြီး ဆရာကြီးဦးခင်အေးက ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေမှာ ကမ္ဘာကြေကို ရရစ်နဲ့ ရေးရမယ်ဆိုထားတဲ့အတွက် မြန်မာစာအဖွဲ့က ဆရာကြီးနှစ်ဦး သဘောကွဲလွဲနေပြီလို့ တချို့က ယူဆကြပါတယ်။

ဒီတော့ ဆရာကြီးဦးထွန်းတင့်ကို မေးကြည့်ပါတယ်။ ဆရာကြီးဦးခင်အေးပြောတဲ့ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေမှာ ရှေ့ကကြေကို ရရစ်၊ နောက်ကကျေကိုယပင့်နဲ့ စာလုံးပေါင်းရမယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး သဘောတူမတူ မေးမြန်းတာပါ။

ဒီတော့ ဆရာကြီးဦးထွန်းတင့်က သဘောတူတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ ခြေဖဝါးအောက်မှာရှိတဲ့ ကမ္ဘာမြေကြီးဟာ ရုပ်ဒြပ်ရှိတဲ့အရာကြီးမို့ရရစ်နဲ့ကြေရမှာ ဖြစ်ပြီး ဥဒါန်းဆိုတာဟာ ရုပ်ဒြပ်မရှိတဲ့အရာမို့ ယပင့်နဲ့ ကျေရမယ်လို့ဆိုပါတယ်။ ဒါဆိုရင် ဆရာကြီးနှစ်ယောက် သဘောကွဲလွဲမှုမရှိဘူးလို့ ဆိုရပါလိမ့်မယ်။

ကမ္ဘာကြေသော်လည်း ၊ ကမ္ဘာမကျေ ဘာ့ကြောင့်ဖြစ်ရသလဲ

ဒါပေမဲ့ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေမှာ ကမ္ဘာကို ရရစ်နဲ့ကြေပြီး နိုင်ငံတော်သီချင်းမှာ ကမ္ဘာကိုယပင့်နဲ့ကျေမယ်ဆိုတော့ ဆရာကြီးဦးထွန်းတင့်တယောက်တည်းမှာ ရှေ့နောက်မညီဖြစ်နေသလားလို့ မေးစရာဖြစ်လာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာကြီးဦးထွန်းတင့်က အခုလို ဖြေပါတယ်။

"ကမ္ဘာဆိုတာ အဓိပ္ပာယ်နှစ်မျိုးရှိတယ်။ တခုက ကမ္ဘာဆိုတာ ပါဠိစကား ကပ္ပကနေ လာတယ်။ ပါဠိမှာ ကပ္ပဆိုတာ ကြံစည်တယ်ဆိုတဲ့ အနက်လည်း ရှိတယ်။ အချိန်ကာလကိုလည်း ခေါ်တယ်။ လေးသင်္ချေနဲ့ ကမ္ဘာတသိန်း၊ ရှစ်သင်္ချေနဲ့ကမ္ဘာတသိန်းလို့ ဆိုရာမှာ အဲဒီကမ္ဘာဆိုတာ အချိန်ကို ပြောတာ။ မြေကြီးမဟုတ်ဘူး။ ဗမာစကားမှာမှ ကမ္ဘာဆိုတာ ကမ္ဘာမြေကြီးကိုပါခေါ်တယ်ဆိုတဲ့ နောက်ထပ် အနက်တခုဖြစ်ပေါ်လာတာ။ ဒီနိုင်ငံတော်သီချင်းမှာပြောတဲ့ ကမ္ဘာဆိုတာက မြေကြီးကမ္ဘာကို ဆိုလိုတာ ဟုတ်ဟန်မတူဘူး။ အချိန်ကာလတွေကမ္ဘာပေါင်းများစွာကြာပေမဲ့လည်း မကျေမပျက်ဘူးလို့ပြောချင်တာ။ အဲဒါကြောင့် ယပင့်နဲ့ရေးမှသာ သင့်တော်ပါမယ်။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေလို့ဆိုတဲ့နေရာက ကမ္ဘာကတော့ ကမ္ဘာမြေကြီးကိုပြောကြောင်း ထင်ရှားတဲ့အတွက် ရုပ်ဝတ္ထုမို့ ရရစ်နဲ့ကြေရမှာဗျ။ "

အချိန်ကာလ ကမ္ဘာဟာ ကိုင်တွယ်စရာရုပ်ဒြပ်မရှိတဲ့အတွက် ယပင့်ကျေနဲ့ရေးသင့်တယ်လို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေမှာတော့ အဲဒီကမ္ဘာဟာ ကမ္ဘာမြေကြီးကို ပြောတာဖြစ်တဲ့ အတွက် ရရစ်နဲ့ကြေရမယ်လို့ဆိုပါတယ်။ ကမ္ဘာချင်းတူပေမဲ့ တခုက ကမ္ဘာမြေကြီးကိုဆိုလိုတာ ဖြစ်ပြီး တခုက ကပ္ပဆိုတဲ့ အချိန်၊ ကပ်ဆိုတဲ့အချိန်ကို ရည်ညွှန်းတဲ့ကမ္ဘာဖြစ်တာမို့ ယပင့်နဲ့ကျေပါလို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။ အချိန်ကာလကမ္ဘာပေါင်းများစွာမကျေတဲ့ ဗမာနိုင်ငံလို့ ဆိုလိုကြောင်း ပြောပါတယ်။

ဒီနေရာမှာ အချိန်ကာလကမ္ဘာပေါင်းများစွာ မကျေတာဟာ အချိန်ကာလ ကမ္ဘာက မကျေတာလား၊ ဗမာနိုင်ငံက မကြေတာလားဆိုတာတော့ စဥ်းစားစရာ ရှိပါတယ်။ ဒါမှမဟုတ် ဗမာပြည်ဟာ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးတဲ့စိတ်က မကျေမပျက်တာလားဆိုတာလည်း စဥ်းစားစရာပါ။

သီချင်းဖြစ်တဲ့အတွက် ပုဒ်တွေနောက်ဆက်တွေ မပြည့်စုံတော့ အနက်က ထွေပြားနေပါတယ်။ ဆရာကြီးဦးထွန်းတင့်ကတော့ အချိန်ကာလကမ္ဘာပေါင်းများစွာ မကျေဘူးဆိုတာဟာ ကမ္ဘာပေါင်းများစွာကြာအောင် တည်တံ့မယ်လို့ အဓိပ္ပာယ်ရကြောင်း ပြောပါတယ်။ ကမ္ဘာမကျေ၊ ဗမာပြည်ဆိုတာ ကမ္ဘာပေါင်းများစွာကြာအောင် ဗမာပြည် တည်တံ့မယ်လို့ဆိုလိုကြောင်းပြောပါတယ်။

သခင်ဘသောင်းရဲ့ဖွင့်ဆိုချက်

နိုင်ငံတော်သီချင်းဟာ ဒို့ဗမာ(တို့ဗမာ)သီချင်းက ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒို့ဗမာ(တို့ဗမာ)သီချင်းထဲက စာသားကို နည်းနည်းပါးပါး ပြုပြင်မွမ်းမံပြီး ထည့်သွင်းလိုက်ရာမှာ ကမ္ဘာမကြေ၊ ဗမာပြည် ဖြစ်လာတာပါ။

မူရင်း ဒို့ဗမာ(တို့ဗမာ)သီချင်းမှာက အဲသလို မဟုတ်ပါဘူး။ မူရင်းမှာက "ကမ္ဘာမကြေ၊ ဗမာတတွေ၊ ငါတို့ပြေ၊ ဒါတို့မြေ၊ ဒါငါတို့ပြေ၊ ဒို့(တို့)ဗမာ ဒို့(တို့)ဗမာပြည်ကို တိုင်းရင်းသားအကုန်အစင် ဒို့(တို့)ပြည်လို့မှတ်ထင်" လို့စပ်ဆိုထားတာပါ။

ဒီသီချင်းကို စပ်ဆိုသူ သခင်ဘသောင်းက "ယူဇနာနှစ်သိန်းလေးသောင်းအထုရှိတဲ့ ဤကမ္ဘာမြေကြီးဟာ ကြေပျက်မသွားသမျှကာလပတ်လုံး ဗမာပြည်ဟာ ငါတို့ပိုင်တဲ့ပြည်ဖြစ်သည်" လို့ အဓိပ္ပာယ်ဖွင့်ထားပါတယ်။ ကမ္ဘာလုံးကြီးကြေမသွားသမျှကာလပတ်လုံးမှာ ဗမာပြည်ကို ငါတို့ပိုင်ဆိုင်ခြင်းဆိုတဲ့ အဖြစ် သို့မဟုတ် ဥဒါန်းဟာလည်း ကျေပျက်မှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဆိုတဲ့သဘောပါ။ ဗမာပြည်မကြေပျက်ဘူးလို့ ဆရာကြီး သခင်ဘသောင်းက ဆိုမထားပါဘူး။ ဗမာပြည်ကို ငါတို့ပိုင်ဆိုင်တယ်ဆိုတဲ့သဘောက မကျေပျက်ဘူးလို့ဆိုချင်တဲ့ သဘောပါ။

ဒါဆိုရင် လက်ရှိနိုင်ငံတော်သီချင်းပါစာသားကိုလည်း အချိန်ကာလ ကပ္ပာက မကျေတာဖြစ်ချင်ဖြစ် ဒါမှမဟုတ် ဗမာနိုင်ငံဟာ တို့ဘိုးဘွားရဲ့ အမွေစစ်မို့ချစ်မြတ်နိုးတယ်ဆိုတဲ့ သဘောက မကျေတာဖြစ်ချင်ဖြစ်ဖို့ ရှိပါတယ်။ ဗမာနိုင်ငံကြီးက မကြေတာဖြစ်ဖို့အကြောင်းကတော့ တော်တော်နည်းသွားပါတယ်။ ဒါ့ကြောင့် ရရစ်ကြေထက် ယပင့်ကျေကပဲ ဘယ်လိုပဲ ဖြစ်ဖြစ် သင့်တော်လောက်တယ်လို့ ယူဆဖွယ်ဖြစ်ပါတယ်။

ဒါပေမဲ့ စဥ်းစားစရာက ဆရာကြီးသခင်ဘသောင်းကတော့ ယူဇနာနှစ်သိန်းလေးသောင်းအထုရှိတဲ့ ကမ္ဘာမြေကြီးလို့ဆိုထားပါလား။ အဲဒီကမ္ဘာမြေကြီးမကြေသမျှဆိုတဲ့ အဓိပ္ပာယ်ဆိုရင်တော့ ရရစ်ကြေက ပိုမသင့်ပေဘူးလားလို့ မေးစရာရှိပြန်ပါတယ်။ ဟုတ်ပါတယ်။ မူလသီချင်းရေးသူရဲ့ သဘောကို ထည့်သွင်းစဥ်းစားသင့်ပါတယ်။

ဆရာကြီး သခင်ဘသောင်းကတော့ အဲသလို အဓိပ္ပာယ်မျိုးနဲ့ တွေးပြီး စပ်ဆိုခဲ့တယ်ဆိုတာ သေချာပါတယ်။ ဘာ့ကြောင့် သေချာသလဲဆိုတော့ ဆရာကြီးကိုယ်တိုင်ဖွင့်ဆိုခဲ့တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ ဒို့ဗမာအစည်းအရုံးသမိုင်းစာအုပ်မှာ ပါနေလို့ပါ။

ဆရာကြီးသခင်ဘသောင်းနဲ့ ဆရာကြီးဦးထွန်းတင့်တို့ အယူအဆကွဲလွဲချက်ရှိနေကြောင်းတော့ မှတ်တမ်းပြုသင့်ပါတယ်။

သီချင်းရေးသူက ပထမမူပိုင်လား

မူရင်း သီချင်းရေးသူက အသိဆုံးဖြစ်မှာပေါ့၊ ဆရာကြီးသခင်ဘသောင်းပြောတာကို အတည်မယူသင့်ဘူးလားလို့ တချို့က ဆိုကောင်းဆိုပါလိမ့်မယ်။ ဒီလိုလည်း မှတ်ယူလို့မဖြစ်ပြန်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သီချင်းရဲ့ မူလပိုင်ရှင်ဟာ ဆရာကြီးသခင်ဘသောင်းဖြစ်ပေမဲ့ ကမ္ဘာမကျေ/ကြေဆိုတဲ့စကားလုံးဟာ ဆရာကြီးသခင်ဘသောင်းတီထွင်ထားတဲ့ စကားလုံးမဟုတ်လို့ပါ။

ကမ္ဘာမကျေ/ကြေဆိုတဲ့ စကားလုံးဟာ ဘယ်အချိန်က စပေါ်ခဲ့သလဲဆိုတာ သေသေချာချာမပြောနိုင်ပေမဲ့ ဆရာကြီး သခင်ဘသောင်းမမွေးခင် အချိန်များစွာ ပိုစောရေးသားခဲ့တဲ့ ကဗျာသာရတ္ထသင်္ဂဟကျမ်းမှာ ကမ္ဘာမကျေလို့ ထည့်သွင်းရေးသားစပ်ဆိုထားတာ ရှိနေကြောင်းကတော့ အထောက်အထားခိုင်မာနေပါတယ်။

နိဂုံးချုပ်ကောက်ချက်ချရရင် အချက်သုံးချက်ထွက်ပေါ်လာပါတယ်။

· မြန်မာစာအဖွဲ့က ဆရာကြီးဦးထွန်းတင့်ရဲ့ ယူဆချက်အရ ကမ္ဘာဟာ မြေကြီးကိုဆိုလိုတာမဟုတ်၊ အချိန်ကိုဆိုလိုတာသာဖြစ်တယ်။ ကမ္ဘာမကျေလို့ရေးသင့်တယ်။ (တကယ်လို့ ဗမာနိုင်ငံဟာတို့ဘိုးဘွားအမွေစစ်မို့ချစ်မြတ်နိုးရမယ်ဆိုတဲ့ ဥဒါန်းကမကျေတာဆိုရင်လည်း ယပင့်ကျေပဲ ဖြစ်ရမယ်။)

· ဆရာကြီးသခင်ဘသောင်းရဲ့ ယူဆချက်အရ ကမ္ဘာဟာ မြေကြီးကိုဆိုလိုတာဖြစ်တဲ့အတွက် ရရစ်နဲ့ကြေသင့်တယ်။

· ကဗျာသာရတ္ထသင်္ဂဟကျမ်းရေးသားသူ ဆရာတော်ဦးဗုဒ်ကတော့ ကမ္ဘာမကျေလို့ ရေးသင့်ကြောင်း ဆိုခဲ့တယ်။

လွယ်မလိုလိုနဲ့ခက်၊ တိမ်မလိုလိုနဲ့နက်နေပါတယ်။ နိုင်ငံတော်သီချင်းဖြစ်ပြီး နိုင်ငံသားတွေ တိတိကျကျ ရှင်းရှင်းလင်းလင်း နားမလည်နိုင်တာလည်း သိပ်မကောင်းလှပါ။ သမိုင်းပညာရှင်၊ ဂီတပညာရှင်၊ မြန်မာစာပညာရှင်တွေ ထပ်မံညှိနှိုင်း ကော်မတီဖွဲ့ပြီး နိုင်ငံတော်သီချင်းအဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုတာမျိုး ပြုလုပ်ခဲ့ရင် ပိုမကောင်းပေဘူးလားလို့ မရဲတရဲ အတွေးပွားမိပါတယ်။