အာဏာသိမ်းမှုကို ဆန့်ကျင်မယ့် နှုတ်ခမ်းနီတော်လှန်ရေးလှုပ်ရှားမှုဆိုတာ ဘာလဲ

ရေးသားခဲ့သည်။

ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့ လှုပ်ရှားမှုတစ်ခုအနေနဲ့ အာဏာရှင်ကိုဆန့်ကျင်မယ့်နှုတ်ခမ်းနီပိုင်ရှင်များ ဆိုတဲ့ လှုပ်ရှားမှု ကို နိုင်ငံတဝန်းကအမျိုးသမီးတွေက ပါဝင်လူပ်ရှားခဲ့ကြပါတယ်။

နိုင်ငံတကာကနေစတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုကိုလက်ရှိပြည်တွင်းမှာ Sister to Sister ကမ်ပိန်းအဖွဲ့သားတွေက ဦးဆောင်ကျင်းပတာဖြစ်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးများနဲ့အတူရပ်တည်ပြီး သတင်းစကားမျှဝေလိုသူတိုင်းပါဝင်နိုင်တယ်လို့ဆိုပါတယ်။

တော်လှန်ရေးညီအစ်မများမှ တော်လှန်ရေးညီအစ်မများ ဆီသို့ ဆိုတဲ့ ဒီလှုပ်ရှားမှုဟာ ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံနေရ‌တဲ့ ၊ ခံရနိုင်ခြေ ရှိတဲ့ လူငယ်အမျိုးသမီး ဆန္ဒပြသူတွေရဲ့ ပုံရိပ်ကို လေးစားမှုနဲ့ဖန်တီးထားတာဖြစ်တယ်လို့ဒီလူပ်ရှားမူကိုဦးဆောင်သူတွေက ပြောပါတယ်။

ဒီလှုပ်ရှားမှုမှာ အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ နှုတ်ခမ်းနီဆိုးကာလက်သုံးချောင်းထောင်ပြီး အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပါဝင်ခဲ့ကြပါတယ်။

အာဏာသိမ်းထားတဲ့ ကာလအတွင်း အမျိုးသမီးတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ထားတဲ့ပြစ်မှုတွေအတွက် ပြန်ပေးဆပ်ရမယ့် အချိန်ရောက်လာမယ်လို့ အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကလည်း ပြောကြားပါတယ်။

ဇွန်လ ၁၉ ရက်နေ့ဟာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့ဖြစ်ပြီး အာဏာသိမ်းပြီး လေးလကျော် ကာလအတွင်းစစ်ကောင်စီဘက်က အမျိုးသမီးတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ဖြစ်စဉ်တွေကို ကြားသိထားရတဲ့အပေါ် မူတည်ပြီး အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေက ခုလိုပြောလိုက်တာဖြစ်ပါတယ်။

" အမျိုးသမီးအခွင့်အရေးချိုးဖောက်မှုတွေကတော့ အများကြီးပဲ။ ဆန္ဒပြတဲ့သူတွေကိုဖမ်းဆီးတဲ့နေရာမှာ အမျိုးသမီးရဲမေမသုံးဘဲ အမျိုးသားတွေ ကနေပြီးတော့ အရှက်သိက္ခာမငဲ့ကွက်ဘဲ တွန်းထိုးရိုက်နှက်ဖမ်းဆီးတာ ၊ ပါးနားရိုက်တာတွေ တွေ့ရတယ်။ စစ်ကြောရေးကိုခေါ်သွားပြီး လိင်ပိုင်း ဆိုင်ရာထိပါးစော်ကားမှုတွေ၊ ကိုယ်ထိလက်ရောက်ရောက် နှုတ်နဲ့ရော ခြိမ်းခြောက်တာတွေရှိသလို ၊ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါကိုထိခိုက်အောင် နာကျင်အောင်လုပ်တာတွေ ရှိတယ်။ ဒါတွေကို ကိုယ်တွေ့ကြုံရတဲ့မိသားစုတွေဆီကပြန်သိရတယ်။ ဘယ်လက်နက်ကိုအဖွဲ့အစည်းမဆို ပဋိပက္ခအခြေနေအ တွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို လုံးဝကျူးလွန်ခွင့်မရှိဘူး။ ဒီလုပ်ရပ်တွေအတွက် တချိန်ချိန်မှာ ပြန်ပေးဆပ်ရမယ့်အချိန်ရှိလာမယ်။ တရားမျှတမူရှိလာဖို့မျှော်လင့်တယ် "လို့ အမျိုးသမီးအခွင့် အရေးတက်ကြွလှုပ်ရှားသူ ဒေါ်မေစံပါယ်ဖြူက ဘီဘီစီကိုပြောပါတယ်။

မြန်မာနိုင်ငံဟာ ၂ဝ၁၄ ခုနှစ်ကတည်းက ကုလသမဂ္ဂရဲ့ ပဋိပက္ခအတွင်းမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ရပ်တန့်ရေး သဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုး ထားပါတယ်။ အဲဒီစာချုပ်ကို နိုင်ငံပေါင်း ၁၁၅ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားတာပါ။

၂၀၁၈ မှာ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအခြေအနေနဲ့ပတ်သက်တဲ့ အထူးကိုယ်စားလှယ်နဲ့ မြန်မာအစိုးရဟာ ပူးတွဲသဘောတူကြေညာချက်တစ်စောင်ကို လက်မှတ်ရေးထိုးထားပါတယ်။

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလျော့နည်းအောင် ပပျောက်အောင် လုပ်မယ်လို့ ကတိကဝတ်ပြုတဲ့နိုင်ငံအနေနဲ့ လက်နက်ကိုင်သူ မှန်သမျှကို ကြောက်ရွံ့နေရတဲ့ အခုလိုအခြေအနေမှာ ဘယ်လက်နက်ကိုင်အဖွဲ့မဆို အမျိုးသမီးကလေးငယ်တွေအပါအဝင် အရပ်သားမှန်သမျှကို ထိခိုက် နာကျင်အောင် မတိုက်ခိုက်ရေး လေးစားလိုက်နာဖို့လိုတယ်လို့လည်း ဒေါ်မေစပယ်ဖြူက တိုက်တွန်းပါတယ်။

လက်ရှိမှာ အခုလိုအာဏာသိမ်းကာလအတွင်း အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းအမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ မြေပြင်လှုပ်ရှားမှုတွေမှာ အကန့်သတ်တွေရှိနေပြီး အွန်လိုင်းလူမှုကွန်ယက်စာမျက်နှာပေါ်က လူပ်ရှားမူတွေနဲ့အတူ ဒါတွေကိုရပ်တန့်ဖို့ နိုင်င်ငံတကာကို ဖိအားပေးတောင်းဆိုတာတွေလုပ်နေတယ်လို့ဆိုပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ ရှမ်းပြည်နယ်တွေအပြင် ချင်းပြည်နယ် မင်းတပ်မြိုနယ်အနီးတဝိုက်နဲ့၊ ကယားပြည်နယ်မှာလည်း စစ်ဘေးရှောင်စခန်းတွေမှာစစ်ရှောင်တွေ တိုးလာနေပြီး အဲဒီထဲမှာ အမျိုးသမီးတွေလည်းအများကြီးပါဝင်နေပါတယ် ။

"ပဋိပက္ခအတွင်းအမျိုးသမီးအကြမ်းဖက်ခံရမှုနဲ့ပတ်သက်လို့ကျွန်မတို့တွေတိုင်းရင်းသားဒေသတွေမှာဖြစ်ခဲ့တာတွေကို တိုင်းရင်းသားဒေသက အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောခဲ့တယ်။ နိုင်ငံတကာမှာလည်းပြောခဲ့တယ် ။ ဒါပေမဲ့ပြည်မတိုင်းရင်းသားဒေသကြီးတွေမှာ အာရုံစိုက်မှုက သိပ်ပြီးတော့ နည်းခဲ့တယ်လို့အမှန်အတိုင်းပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတာ့ သူတို့ဒေသတွေမှာ ပဋိပက္ခလည်းမရှိခဲ့ဘူး။ ပုံမှန်လိုပဲသွားလာလှုပ်ရှားနေတယ် ။ အကြမ်းဖက်မှုဆိုလည်းတခြားအကြမ်းဖက်မှုတွေပဲရှိတော့ အဲ့ဒါကိုအာရုံစိုက်မှုနည်းခဲ့တယ်။ အခုတော့အကြမ်းဖက်မှုတွေက တနိုင်ငံလုံးကိုဖြစ်သွားပြီဖြစ်တဲ့အတွက် တိုင်းရင်းသားဒေသတွေမှာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေကို စာနာနားလည်နိုင်သွားတယ်။ ရပ်ရွာဒေသကိုစွန့်ခွာပြေးရတဲ့ဒုက္ခတွေကို ခံစားနိုင်သွားတဲ့အတွက် ဒီအချိန်မှာ အကြမ်းဖက်မှုတို့မတရားမှုတို့ကို နောက်ပိုင်းမှာ ပြည်သူလူထုတွေက ခံစားချက်နဲ့အတူပိုဆန့်ကျင်နိုင်မယ်လို့မျှော်လင့်တယ် " လို့အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူ မခင်လေးက သုံးသပ်ပါတယ်။

လက်ရှိပြည်တွင်းမှာရှိတဲ့ အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေထဲက တချို့ဟာလည်း စစ်ကောင်စီက ပုဒ်မ ၅ဝ၅ (က)နဲ ဖမ်းဝရမ်းထုတ်ခံထားရသူတွေရှိပြီး ဖမ်းဆီးခံရသူတွေရှိသလို စစ်ဆေးမေးမြန်းမှုတွေကြောင့် ရှောင်တိမ်းနေရတဲ့အခြေနေတွေလည်းရှိနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်က ခုလို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး ဒီလိုကျူးလွန်မှုမျိုးတွေ ကြုံတွေ့ခဲ့ရတယ်ဆိုရင် သက်သေနဲ့တကွ တိုင်ကြားနိုင်ကြောင်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားထားပါတယ်။