ဆေးဘက်ဆိုင်ရာ လူပုဂ္ဂိုလ်နဲ့ နေရာဌာနတွေအပေါ် လေးစားရမယ့် ကျင့်၀တ်ကို စောင့်ထိန်းဖို့ ကုလတိုက်တွန်း

လွတ်လပ်စွာဖော်ထုတ်မှုကြောင့် ကျန်းမာရေးဆိုင်ရာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လွတ်လပ်စွာဖော်ထုတ်မှုကြောင့် ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းတွေ အန္တရာယ်ပြုခံရ
ရေးသားခဲ့သည်။

မြန်မာနိုင်ငံထဲက ကျန်းမာရေး၀န်ထမ်းတွေဟာ သူတို့ရဲ့ သဘောဆန္ဒတွေကို လွတ်လပ်စွာ ဖော်ထုတ်မှုကြောင့် အဖမ်းခံရမှာကို ကြောက်နေရတဲ့ အခြေအနေမှာ ရှိနေပြီး၊ တိုင်းပြည်က သူတို့ကို အလိုအပ်ဆုံး အချိန်မှာ အခုလို အန္တရာယ်တွေ အပြုခံနေရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံထဲက ကျန်းမာရေး ၀န်ထမ်းတွေ၊ ကျန်းမာရေး နေရာဌာန အဆောက်အဦးတွေ ပစ်မှတ်ထား ရန်ပြု တိုက်ခိုက်ခံနေရတယ် ဆိုပြီး မြန်မာအခြေစိုက် ကုလအဖွဲ့က သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာ လူပုဂ္ဂိုလ်နဲ့ နေရာတွေကို အန္တရာယ် မပြုဖို့လည်း ကုလအဖွဲ့က ထပ်လောင်း တောင်းဆိုပါတယ်။

ပရဟိတ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပရဟိတ ကယ်ဆယ်ရေးသမားတွေ၊ သူနာပြု ယာဥ်တွေကိုပါ မရှောင် စစ်ကောင်စီတပ်က ရန်ပြု

ကျန်းမာရေးနဲ့ ဆိုင်တာတွေ တိုက်ခိုက်ခံရတာ ဒီနှစ်ထဲ ကမ္ဘာပေါ် မြန်မာ အကြိမ်ရေ အများဆုံး

ဖေဖေါ်ဝါရီ အစောပိုင်းက စပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုပေါင်း သတင်းရရှိထားနိုင်သမျှ ၁၅၈ ခု ရှိတယ်လို့ ကုလအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO အနေနဲ့ တွေ့ရှိထားပါတယ်။

WHO ရဲ့ ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်ကြပ်မတ်မှု စနစ်ရဲ့ တွေ့ရှိချက်တွေအရ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၁ ယောက်၊ ထိခိုက် ဒဏ်ရာရသူ ၅၁ ယောက် ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာတ၀န်းမှာ ဆေးဘက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဆောက်အဦး၊ လူနာတင်ယာဥ်တွေ အတိုက်အခိုက်ခံရတာ အခုနှစ်ထဲ မြန်မာပြည်မှာ အများဆုံး ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ WHO က သတိပေးပါတယ်။

ကျန်းမာရေးဌာန အဆောက်အဦးတွေကို တိုက်ခိုက်တာ ၈၃ မှု၊ လူနာတင်ယာဥ် အတိုက်ခိုက်ခံရတာ ၂၁ ကြိမ်၊ ဆေးဘက်၀န်ထမ်းတွေကို တိုက်ခိုက်မှု ၇၆ မှု၊ လူနာတွေ ထိခိုက်မှု ၇၃မှု ဆိုပြီးတော့လည်း ပိုင်းခြား ပြပါတယ်။

ဒါ့အပြင် နိုင်ငံအနှံ့ စစ်ကောင်စီ တပ်ဖွဲ့၀င်တွေ ၀င်ရောက် တပ်စွဲတဲ့ ကျန်းမာရေးဌာန အဆောက်အဦး ၅၁ ခု ရှိတယ်လို့လည်း ကုလအဖွဲ့က ဆိုပါတယ်။

CDM

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, CDM ဆေးဘက်၀န်ထမ်းတွေကို ရာဇ၀တ်သားတွေလို စစ်ကောင်စီ သဘောထား

ကျန်းမာရေး၀န်ထမ်းတွေအပေါ် ရာဇ၀တ်သားတွေသဖွယ် သဘောထားနေ

စစ်ကောင်စီက CDM ၀င်နေတဲ့ သူနာပြု၊ ဆရာ၀န်တွေ၊ ဓာတ်ခွဲခန်းမှုး၊ ဓာတ်မှန်ကျွမ်းကျင် စသဖြင့် နယ်ပယ်စုံက ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲနေပါတယ်။ ရာဇ၀တ်သားတွေသဖွယ် ဖမ်း၀ရမ်းတွေထုတ် အလိုရှိကြောင်း ကြေညာနေသလို၊ ကျန်းမာရေး ၀န်ထမ်းတွေကို ဖမ်းဆီးတဲ့ အခါမှာလည်း ဓာတ်ပုံတွေနဲ့တကွ ရာဇ၀တ်သားတွေ ဖမ်းမိသလို ကြေညာပါတယ်။

အဲဒီလို စစ်ကောင်စီရဲ့ အပြုအမူတွေကို မြန်မာအခြေစိုက် ကုလအဖွဲ့က ကန့်ကွက်နေတာ ဖြစ်ပြီး၊ ကျန်းမာရေး ၀န်ထမ်းတွေ အကာအကွယ်ရဖို့ ထပ်လောင်း တောင်းဆိုနေတာ ဖြစ်ပါတယ်။

ကုလအဖွဲ့ ရထားတဲ့ အချက်အလက်တွေအရ ၅၀၅ (က) နဲ့ တရားစွဲ ခံထားရတဲ့ ဆရာ၀န်တွေ အနည်းဆုံး ၁၃၉ ယောက် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ အထူးကု သမားတော်တွေ၊ ဆရာ၀န်ကြီးတွေ ပါ၀င်ပြီး အဲဒီသူတွေရဲ့ အဆင့်မြင့် ကျွမ်းကျင်မှုတွေကို အလွယ်တကူ အစားထိုးနိုင်မှာ မဟုတ်ဘူးလို့ ကုလအဖွဲ့က သတိပေးပါတယ်။

ကိုဗစ်ထိန်းချုပ်ရေးကိုပါ ထိခိုက်နိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုဗစ်ထိန်းချုပ်ရေးကိုပါ ထိခိုက်နိုင်

ကိုဗစ်ထိန်းချုပ်ရေး ပြည်တွင်းမှာသာမက နိုင်ငံတကာ အတွက်ပါ အန္တရာယ်ရှိနိုင်

ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ အခြေခံ ကျန်းမာရေး စောင့်ရှာက်မှုကိုသာမက၊ အခုလို ကိုဗစ် ကမ္ဘာ့ကပ်ဘေး ဆက်ရှိနေချိန် တုံ့ပြန် ဆောင်ရွက်နိုင်မှုတွေ အတွက် ကြီးမားပြင်းထန်တဲ့ ထိခိုက်ဆုံးရှုံးတာတွေ ဖြစ်လာနိုင်တယ်လို့လည်း သတိပေးပါတယ်။

"ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးမှာ မြန်မာနိုင်ငံထဲက ကုလအဖွဲ့အနေနဲ့ ကူညီပံ့ပိုးပေးဖို့ အသင့်ရှိတယ်၊ အရင် ဆောင်ရွက်ထားလက်စတွေကို ပြန်လည် လုပ်ဆောင်နိုင်ဖို့လည်း ရည်ရွယ်ထားတယ်၊ ဒါပေမယ့် ကျန်းမာရေး ၀န်ထမ်းတွေနဲ့ နေရာဌာနတွေနဲ့ စပ်လျဥ်းပြီး စောင့်ထိန်းရမယ့် အရာတွေအပေါ် လေးစားလိုက်နာ စောင့်ထိန်းဖို့ လိုတယ်" လို့ မြန်မာနိုင်ငံထဲ ကုလအဖွဲ့ ရဲ့ ကူညီရေး အစီအစဥ်တွေကို ဦးစီး လုပ်ဆောင်ရတဲ့ အင်ဒရူး ကာ့ခ်၀ုဒ်က ဆိုပါတယ်။

ကိုဗစ်နဲ့ ဆိုင်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ မလုပ်နိုင်ရင် မြန်မာနိုင်ငံထဲမှာ သာမက၊ နိုင်ငံပြင်ပ တခြားနေရာတွေ အပေါ်မှာပါ ဆိုးရွားတဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်လို့လည်း မြန်မာနိုင်ငံ ကုလအဖွဲ့က သတိပေးပါတယ်။