ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့အရေး အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဘာထူးနိုင်သလဲ
မြန်မာနိုင်ငံအရေး ဆွေးနွေး ပြောဆိုဖို့အတွက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ တစ်ခုကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ကျင်းပဖို့ ဘရူနိုင်းနဲ့ မလေးရှားနိုင်ငံ ခေါင်းဆောင်တွေ သဘောတူလိုက်ကြပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ခေါင်းဆောင် ဆူလ်တန် ဟက်ဆာနယ်လ် ဘိုလ်ကီယာနဲ့ မလေးရှား ဝန်ကြီးချုပ် မူဟစ်ဒင် ယက်ဆင်တို့ ဧပြီလ ၅ ရက်နေ့က ဘရူနိုင်းနိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးအပြီး ထုတ်ပြန်လိုက်တဲ့ အဲဒီ ပူးတွဲကြေညာချက်ထဲမှာ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို ဂျကာတာမြို့တော် အာဆီယံရုံးမှာ ကျင်းပမယ်လို့ ဆိုပေမဲ့ ဘယ်တော့ ကျင်းပမလဲ ဆိုတာကိုတော့ ထည့်သွင်း ဖော်ပြမထားပါဘူး။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အမြန်ကျင်းပဖို့ အာဆီယံက တစ်ဆင့် တွန်းအားပေးမယ် ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက အင်ဒိုနီးရှားနိုင်ငံက ဦးဆောင် ကြိုးပမ်းအပြီးမှာပဲ အခုလို မြန်မာ့အရေး အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ ဘရူနိုင်းနဲ့ မလေးရှားနိုင်ငံ ခေါင်းဆောင်တွေက သဘောတူလိုက်ကြတာပါ။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာ အကြပ်အတည်းနဲ့အတူ သေဆုံးသူ အရေအတွက် တိုးပွားလာနေတာနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ သူတို့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပြီး သက်ဆိုင်သူတွေ အားလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ တိုက်တွန်းထားပါတယ်။
ဒါပေမဲ့လည်း စစ်တပ်က အာဏာသိမ်းခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အင်အားသုံး ပစ်ခတ် ဖြိုခွဲနေတာနဲ့ ပတ်သက်လို့တော့ အဲဒီ ကြေညာချက်ထဲမှာ တစုံတရာ ထည့်သွင်း ဖော်ပြတာမျိုး မရှိခဲ့ပါဘူး။
အဖွဲ့ဝင်နိုင်ငံတွေ အကြားမှာ ပြည်တွင်းရေး ပြဿနာတွေ သီးခြား ဆွေးနွေးလေ့ မရှိတဲ့ အာဆီယံဟာ အခုလို ထိပ်သီးခေါင်းဆောင်တွေ သီးသန့်တွေ့ပြီး အာဆီယံ အဖွဲ့ဝင် မြန်မာနိုင်ငံအရေးကို ဆွေးနွေးဖို့ လုပ်လာတာကတော့ အာဆီယံအဖွဲ့ကြီးအတွက် သိသာထင်ရှားတဲ့ ထူးခြားမှု ဖြစ်ပါတယ်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအကြားမှာ ပြည်တွင်းရေးပြဿနာတွေကို တစ်ဦးနဲ့တစ်ဦး ဝင်ရောက် မစွက်ဖက်ရေး ဆိုတဲ့ သဘောတူညီချက် ထားရှိသလို အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူမှသာ အာဆီယံ အဖွဲ့အတွင်း ဆုံးဖြတ်လေ့ ရှိပါတယ်။
အရပ်သားတွေကို သေစေနိုင်တဲ့ လက်နက်တွေ သုံးပြီး မြန်မာ စစ်အာဏာသိမ်းကောင်စီက ပစ်ခတ် နှိမ်နင်းနေတာနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အောင်အောင်မြင်မြင် စေ့စပ်နိုင် ပါ့မလား ဆိုတာကို နိုင်ငံရေးလေ့လာသူတွေက စောင့်ကြည့်နေကြတာပါ။
မြန်မာ့အရေး လေ့လာသူ ကိုနေယံဦးကတော့ အာဆီယံဟာ အာဏာသိမ်း စစ်ကောင်စီ ပြောထားတဲ့ ရွေးကောက်ပွဲအသစ် တစ်ခု အမြန်လုပ်ဖို့ တွန်းအားပေးတဲ့ လမ်းကြောင်းက လွဲလို့ တခြား စေ့စပ်နိုင်စရာလမ်း မမြင်ဘူးလို့ သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမှုတွေ ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ပြောနေပြီး သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေထဲမှာ တစ်နှစ် အတွင်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆိုနေတာပါ။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကို ရှေ့တန်းတင်ပြီးသာ ဆွေးနွေးဖို့ရှိပြီး ဒီအခြေအနေကလွဲလို့ အာဆီယံခေါင်းဆောင်တွေ အကြံပေးမယ့် တခြားနည်းလမ်းတွေကို အလေးထားမယ်လို့ မထင်ကြောင်း မြန့်မာ့အရေးလေ့လာသူ ကိုနေယံဦးက ပြောပါတယ်။
"မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ လက်ရှိအခြေအနေမှာ နောက်ဆုတ်မယ်လို့ မမြင်ဘူး ၊အာဆီယံ ကထုတ်ခဲ့မယ်ဆိုရင်တောင် သူတို့က အာဏာသိမ်းမှုကို စွန့်ပြီး နောက်ဆုတ်မယ်လို့ မမြင်ဘူး"လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူတို့က အရပ်သားဆန္ဒပြသူတွေကို မြန်မာအာဏာသိမ်း စစ်တပ်က ပစ်ခတ် သတ်ဖြတ်နေမှု တွေ အပေါ် စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောခဲ့ကြပါတယ်။ ဒါပေမဲ့လည်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု အောက်မှာ ရှိနေတယ် ဆိုတဲ့ တခြား အာဆီယံနိုင်ငံတွေရဲ့ သဘောထားကလည်း ဒီထိပ်သီးဆွေးနွေးပွဲမှာ အရေးကြီးပါတယ်။
အာဆီယံထိပ်သီး ဆွေးနွေးပွဲကနေ ဘာတွေ ရလဒ် ထွက်လာမလဲ ဆိုတာ မှန်းရခက်ပေမယ့် အင်ဒိုနီးရှားရဲ့ ရွေးကောက်ပွဲ အမြန်ကျင်းပဖို့ တွန်းအားပေး လမ်ကြောင်းဖြစ်ဖို့ များတယ်လို့ ယူဆနေ ကြပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အမြန်ကျင်းပဖို့ အာဆီယံကတစ်ဆင့် တွန်းအားပေးမယ် ဆိုပြီး ပြောဆိုမှုတွေ ရှိခဲ့တုန်းက ရန်ကုန်မြို့ အင်ဒိုနီးရှားသံရုံးရှေ့မှာ ကန့်ကွက် ဆန္ဒပြသူတွေက၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ သူတို့ပေးခဲ့တဲ့ မဲတွေကို လေးစားဖို့နဲ့ ၊ စစ်အာဏာသိမ်း ကောင်စီကို မထောက်ခံဖို့ စတဲ့ ပိုစတာတွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့အပြီးမှာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ထိန်းသိမ်းလိုက်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု စွဲချက်တွေ အပါအဝင် ပုဒ်မတွေတပ် တရားစွဲထားပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က ပစ်ခတ် ဖြိုခွဲခဲ့ရာမှာ ဒီကနေ့အထိ သေဆုံးသူပေါင်း ၅၅၇ ဦး အထိ ရှိနေပြီလို့ သေဆုံးသူများ စာရင်း ပြုစုနေတဲ့ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။
အခုအခါ အာဏာသိမ်း စစ်ကောင်စီက လူ နှစ်ထောင်နီးပါးကိုလည်း ဖမ်းဆီးခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ အင်တာနက်တွေ ဖြတ်တောက်ထားပါတယ်။