ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အကြမ်းဖက်ဖို့ လက်နက်တွေနဲ့မိတယ်ဆိုတဲ့ ထုတ်ပြန်သတင်းတွေအပေါ် မိသားစုဝင်တွေက ကန့်ကွက်ရှုတ်ချ
ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမယ့် လက်နက်တွေနဲ့ အတူ လူတွေကို ဖမ်းထားတယ် ဆိုတဲ့ သတင်းတွေ စစ်ကောင်စီပိုင်မီဒီယာတွေကနေ ထုတ်ပြန်မှုအပေါ် အဖမ်းခံထားရတဲ့ မိသားစုဝင်တွေက ကန့်ကွက်နေကြပါတယ်။
ညောင်ဦးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘုန်းကြီးကျောင်းတစ်ကျောင်း ကနေ အဖမ်းခံသွားတဲ့ အသက် ၂၂ နှစ် အရွယ် ကိုသန့်ဇင်အောင်ရဲ့ မိခင်ဖြစ်သူ ဒေါ်ရီဝင်းက သူ့သားကို မဟုတ်မမှန် တွေစွပ်စွဲကာ သတင်းထုတ်ပြန်နေတာတွေက ဆိုးဝါးလွန်းတယ်လို့ ဘီဘီစီကို ပြောပါတယ်။
မတ်လ ၂၂ ရက်နေ့ညက ညောင်ဦးမြို့ အမှတ် ၄ ရပ်ကွက် ၊ ဆုံကုန်းရပ် ၊ ရှစ်မျက်နှာ ဘုန်းကြီးကျောင်းကနေ ကိုသန့်ဇင်အောင်ကို လက်လုပ်မီးခိုးဗုံး ၂ လုံး အပါအဝင် တခြားပစ္စည်းတွေနဲ့ အတူ ဖမ်းထားကြောင်းနဲ့ ဆူပူအကြမ်းဖက်မှုလုပ်ရပ်တွေလုပ်ဖို့ ဒီလက်နက်တွေကို လက်ဝယ်ထားရှိနေတာဖြစ်ကြောင်း မတ်လ ၂၄ ရက်က ထုတ်ဝေတဲ့ စစ်ကောင်စီ သတင်းစာ မြန်မာ့အလင်းမှာ သတင်းရေးသားဖော်ပြထားပါတယ်။
ဒီသတင်းကို မတ်လ ၂၃ ရက်နေ့ ည မြဝတီ တီဗီကနေ ထုတ်လွှင့်ခဲ့တယ် ဆိုတဲ့ သတင်းတွေ လည်း အရပ်ထဲမှာ ထွက်ပေါ်နေပြီး မိခင်ဖြစ်သူက အခုထိ အဆက်အသွယ် မရသေးတဲ့ သူ့သား အတွက် အထူးစိုးရိမ်နေရပါတယ်။
မိခင်ဖြစ်သူက သူ့သားဟာ "ကိုဗစ်ကာလမတိုင်ခင် ကတည်းက ပရဟိတလုပ်ငန်းတွေမှာ ဝိုင်းကူလုပ်ကိုင်နေတာ၊ မြတ်ပါရမီ အဖွဲ့မှာလည်းလုပ်တယ်၊ ကိုဗစ်ဖြစ်တော့ တိုင်းရင်း ဆေးရုံမှာ အလုပ်လုပ်ပေးနေတာ"လို့ ဘီဘီစီ ကို ပြောပါတယ်။
မတ်လ ၂၂ ရက်ညက အဖမ်းခံခဲ့ရတာကို "အရပ်က ပြောလို့ မတ် ၂၃ ရက်နေ့မှာ ရဲစခန်းကို လိုက်တယ်၊ မတွေ့ရဘူး၊ ဒါ့ကြောင့် ဒီနေ့မှာ ထောင်ကို လိုက်သွားတယ် ၊ အဲဒီမှာလည်း ဘာမှ မသိရဘူး"။
စစ်ကောင်စီ တပ်ဖွဲ့တွေက ထင်သလို၊ ဖမ်းဆီးခေါ်ဆောင်သွားတာ၊ ဘယ်မှာ ဖမ်းထားတာ၊ ဘာကြောင့် ဖမ်းထားတာ စတဲ့ သတင်းတွေက အစ မိသားစုဝင်တွေက မသိရတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြတာ မြန်မာနိုင်ငံ တစ်ဝန်းမှာပါ။
ဖမ်းဆီးခံထားရတဲ့သူ ၆၀၀ ကျော် ဒီနေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် မောင်သန့်ဇင်အောင် မပါဝင်သေးသလို၊ ဒီနေ့မှာလည်း ထပ်မံဖမ်းဆီးခံကြရတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေဆဲပါ။
ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့တွေကြောင့် သေဆုံးခဲ့ရတဲ့ လူပေါင်း ၂၅၀ ကျော်ရှိလာနေပြီး၊ ဖမ်းဆီးခံထားရသူ ၂၀၀၀ နီးပါး ရှိလာနေပါပြီ။