ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘဝအပျက်ခံပြီးအာဏာဖီဆန်ကြသူများ
အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုလုပ်ဆောင်တဲ့အတွက် မန္တလေးမြို့က မီးရထားဝန်ထမ်းမိသားစု စုစုပေါင်း ၁၀၀၀ လောက်ဟာ အိုးအိမ်စွန့်ခွာရွှေ့ပြောင်းပေးလိုက်ကြရပါတယ်။
မီးရထားတိုင်းရုံးအမိန့်ကြောင့်ရွှေ့ပြောင်းကြရ
မန္တလေးတိုင်းမြန်မာ့မီးရထားရုံးက စာထုတ်ပြီးအမိန့်ပေးရွှေ့ပြောင်းခိုင်းလို့ မလွှဲသာတဲ့အခြေအနေမှာ ရွှေ့ပြောင်းပေးကြရတာဖြစ်ပါတယ်။ ၂၇ လမ်းနဲ့ ၂၈ လမ်းကြား ၇၇ လမ်းပေါ်က မီးရထားအိမ်ရာ၊ ၂၈ လမ်းနဲ့ ၂၉ လမ်းအကြား ၇၇ လမ်းပေါ်က မီးရထားအိမ်ရာ၊ ၃၄ လမ်းနဲ့ ၃၅ လမ်းအကြား ၇၉ လမ်းပေါ်က မီးရထားအိမ်ရာ၊ ၆၂ လမ်းပေါ်က မီးရထားအိမ်ရာ စတဲ့ မီးရထားအိမ်ရာအုပ်စု ၄ ခုစလုံးက အိမ်အများစုဟာ မတ်လ ၂၂ ရက်နေ့မှာ ရွှေ့ပြောင်းပေးခဲ့ကြရတာဖြစ်ပါတယ်။
မီးရထား စက်ခေါင်းမောင်းသူ ကိုခန့်လူအောင်နေထိုင်တဲ့ အေးရိပ်မွန် အိမ်ရာ တစ်ခုတည်းမှာ မိသားစုပေါင်း ၄၃၃ စုရှိပြီး အားလုံး ၄ နေရာပေါင်း မိသားစု တစ်ထောင်ကျော်ရှိမယ်လို့ ဆိုပါတယ်။
“မတ်လ ၂၂ ရက်နေ့နောက်ဆုံးထားပြီး ဝန်ထမ်းအိမ်ရာတွေကနေ ဖယ်ပေးဖို့ တိုင်းရုံးက မတ်လ ၁၈ ရက်နေ့မှာ စာထုတ်ခဲ့ပါတယ်။ အဲဒီစာမှာ တံဆိပ်တုံး၊ လက်မှတ်၊ ရုံးအမှတ်တံဆိပ်တွေမပါဝင်ပါဘူး။ စာလာကပ်တဲ့သူက တိုင်းရုံးက တပ်ပြောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးဆွေရင်ဖြစ်ပြီး စာလာကပ်တဲ့ အချိန်မှာ အရက်မူးနေတယ်။”လို့ မီးရထားရုံးရဲ့ ပို့ဆောင်ရေးဌာန ကြိုးမဲ့ကြေးနန်းရုံးက ဝန်ထမ်းကိုကျော်သူရိန်ကဆိုပါတယ်။
ဝန်ထမ်းတွေရိုက်ကူးထားပြီးပေးပို့တဲ့ ဗီဒီယိုထဲမှာလည်း ဗိုလ်ကြီးဆွေရင်နဲ့ မီးရထားဝန်ထမ်းတွေ အပြန်အလှန်ပြောဆိုကြတာတွေကို တွေ့မြင်ရပါတယ်။ အဲဒီစာမှာ တံဆိပ်တုံးနဲ့ လက်မှတ်တွေမပါဝင်တာကို ဝန်ထမ်းတွေက ထောက်ပြကန့်ကွက်တဲ့အတွက် ဝန်ထမ်းတွေ အိမ်ရာကနေ ရွှေ့ပြောင်းဖို့ နောက်ထပ်စာအသစ်ထပ်ထုတ်ခဲ့ပါတယ်။
ဘာ့ကြောင့်အိုးအိမ်စွန့်ခွာကြသလဲ
အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ဟာ သပိတ်မှောက်တာနဲ့ ထပ်တူနည်းပါး တူညီပါတယ်။ ဝန်ထမ်းနဲ့ အလုပ်သမားတွေဟာ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေအရ၊ သပိတ်မှောက်ခွင့်နဲ့ သမဂ္ဂများဖွဲ့စည်းခွင့်ရှိပါတယ်။ သပိတ်မှောက်ခြင်း၊ သမဂ္ဂဖွဲ့စည်းခြင်းကို အကြောင်းပြုပြီး အလုပ်ထုတ်ခွင့်မရှိဘူးလို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ဒါပေမဲ့ အခုမီးရထားအလုပ်သမားဝန်ထမ်းတွေကို CDM လှုပ်ရှားမှု အကြောင်းပြုပြီး ဝန်ထမ်းအိမ်ရာကနေပါ ဖိအားပေးဖယ်ရှားခိုင်းလာပါတယ်။ မီးရထားဝန်ထမ်းတွေကဖက်က ဘာ့ကြောင့်ညွှန်ကြားချက်ကိုလက်ခံပြီး ရွှေ့ပြောင်းပေးကြပါသလဲ။
“ဘာ့ကြောင့်ရွှေ့ပြောင်းပေးသလဲဆိုတော့ ကျွန်တော်တို့ မနေချင်တော့ဘူး။ အထူးသဖြင့် ကျွန်တော်တို့လုံခြုံရေး စိတ်မချရတော့ဘူး။ ကောလင်းမှာ တမြန်မနေ့ညပိုင်းက မီးရထားဝန်ထမ်းအိမ်ရာမှာ ဝင်ပစ်ပြီး ဖမ်းသွားတာ ကျွန်တော်တို့ မိတ်ဆွေ ၃ ယောက်ပါသွားတယ်လေ။ သူတို့ကတော့ မီးရထားစက်ခေါင်းမောင်းတဲ့သူတွေဆိုပြီး ဖမ်းသွားတာ။ ဒါပေမဲ့ သူတို့ထင်တိုင်းတော့ပေါက်မသွားဘူး။ ဖမ်းသွားတဲ့သူတွေက စက်ခေါင်းမောင်းတဲ့သူတွေ မဟုတ်ဘဲ စက်ပြင်တဲ့သူတွေ ဖြစ်နေတယ်။ ဒီတော့ ကျွန်တော်တို့တွေးတာက ဒီလိုအဖြစ်မျိုးက ကျွန်တော်တို့ဆီလည်း ကြုံလာရနိုင်တယ်။ ကျွန်တော်တို့ကိုလည်း လုပ်မှာပဲဆိုပြီး လုံခြုံရေးအရ စိတ်မချရတော့လို့ ရွှေ့ပြောင်းကြတာပါ။” လို့ မီးရထားစက်ခေါင်းမောင်းသူ ကိုခန့်လူအောင်က ဆိုပါတယ်။
အာဏာပိုင်တွေဟာ မီးရထားစက်ခေါင်းမောင်းသူတွေကို အဓိကပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးနေတယ်လို့လည်း ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မီးရထား စက်ခေါင်းမောင်းသူမပါဘဲ ရထားထွက်ဖို့ မဖြစ်နိုင်လို့ပါလို့ ကိုခန့်လူအောင်က ဆိုပါတယ်။
ညဘက်တွေမှာ မီးရထားဝန်ထမ်းအိမ်ရာကို လုံခြုံရေးတပ်ဖွဲ့တွေက လေးခွနဲ့ လာပစ်ကြတယ်လို့လည်း ကိုခန့်လူအောင်က ဆိုပါတယ်။ ကိုကျော်သူရိန်တို့ အိမ်ရာကိုလည်း အလားတူလေးခွနဲ့ ပစ်တာခံရတယ်လို့ဆိုပါတယ်။
“ကိုယ့်အိမ်ကိုယ့်အိုးထဲမှာ အလကားနေရင်း အပြင်ကနေ သေနတ်နဲ့ လှမ်းပစ်သွားတယ်။ လေးခွနဲ့ လှမ်းပစ်သွားတယ်။ တမြန်မနေ့က ဆိုရင် ကျွန်တော်တို့ တိုက် ၄ ကိုလာပစ်သွားတယ်။ ဒုန်းဆို။ တချက်ကြားလိုက်ရတယ်။ အကုန်လုံးငြိမ်ကျသွားပြီး ကျွန်တော်တို့ တယောက်မှ မလှုပ်ရဲဘူး။”
မြန်မာနိုင်ငံအနှံ့အပြားမှာ ရဲနဲ့စစ်သားလုံခြုံရေးအဖွဲ့တွေက ရပ်ကွက်ထဲ၊ အိမ်တွေထဲအထိ လိုက်လံပစ်ခတ်သတ်ဖြတ်မှုတွေရှိနေတဲ့အတွက် သူတို့လုံခြုံရေး အတွက် စိတ်မချတော့လို့ ရွှေ့ပြောင်းကြတာလို့ ဘီဘီစီက ဆက်သွယ်မေးမြန်းခွင့်ရတဲ့ မီးရထားဝန်ထမ်းတွေက ပြောကြပါတယ်။
ရန်ကုန်မလွှကုန်း ဒီဇယ်စက်ခေါင်းပြင်ဝန်ထမ်းတွေနေထိုင်တဲ့ မီးရထားဝန်ထမ်း အိမ်ရာကိုလည်း အလားတူပဲ ဝန်ထမ်းတွေကို အဓမ္မနေရာဖယ်ရှားခိုင်းပြီး မတ်လ ၁၀ ရက်နေ့မနက်မှာ စစ်ကား ၁၂ စီးနဲ့ လာရောက်မောင်းထုတ်ခဲ့ပါတယ်။
အခက်အခဲမျိုးစုံတွေ့ကြုံကြ
ကိုကျော်သူရိန်ဟာ လစာ ၂ သိန်းခွဲလောက်ရတဲ့ ၀န်ထမ်းဖြစ်ပေမဲ့ CDM လှုပ်ရှားမှု လုပ်ထားတဲ့သူဖြစ်တဲ့အတွက် လစာမရပါဘူး။ သားသမီး ၃ ယောက်ရှိပါတယ်။ ဇနီးက စက်ချုပ်ပါတယ်။
လုံခြုံရေးအခြေအနေ စိတ်မချရတဲ့အတွက် မတ်လ ၂၁ ရက်နေ့မှာ အိမ်ရွှေ့ပြောင်းခဲ့ပါတယ်။ CDM ဝန်ထမ်းတွေကို အကူအညီပေးကြသူတွေက အခမဲ့ကားငှားရမ်းပြီး ရွှေ့ပြောင်းပေးခဲ့ပါတယ်။ မိတ်ဆွေတစ်ဦးက အကူအညီပေးမယ်လို့ ကမ်းလှမ်းတဲ့အတွက် အတူသွားရောက်နေထိုင်ဖို့ စီစဥ် ရွှေ့ပြောင်းခဲ့ပါတယ်။ ဒါပေမဲ့ လမ်းပိတ်ထားလို့ အိမ်ထောင်ပရိဘောဂတွေကို လိုရာနေရာရောက်အောင် မရွှေ့ပြောင်းနိုင်ဘဲ လမ်းက နေအိမ်တစ်ခုမှာ ခေတ္တအပ်နှံထားခဲ့ရပါတယ်။
ကိုခန့်လူအောင်က သားသမီးနှစ်ယောက်ရှိပါတယ်။ သူကတော့ ဆွေမျိုးနီးစပ်တဦးရဲ့အိမ်ကို ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။
တချို့မိသားစုတွေမှာတော့ ရွှေ့ပြောင်းနေထိုင်စရာနေရာ လုံးဝမရှိကြပါဘူး။ အဲသလိုလူတွေအတွက် ဘုန်းတော်ကြီးကျောင်းတချို့က ခိုလှုံစရာနေရာ ပေးကြပါတယ်။ ဒီနေ့ပဲ မိသားစု ၃၀ ကို ဘုန်းကြီးကျောင်းထဲရွှေ့ပြောင်းနေထိုင် နိုင်ဖို့ အကူညီပေးခဲ့ရတယ်လို့ ကိုခန့်လူအောင်က ဆိုပါတယ်။
တချို့နေစရာမရှိတဲ့သူတွေကို တည်းခိုခန်းတချို့ကလည်း အခမဲ့လာရောက်နေထိုင်ကြဖို့ ကမ်းလှမ်းပါတယ်။ တည်းခိုခန်းတွေဟာ တည်းခိုမဲ့သူမရှိဘဲ အခန်းလွတ်တွေအများကြီးရှိနေချိန်မှာ မီးရထားဝန်ထမ်းတွေ အခုလို ဒုက္ခကြုံတွေ့ကြရတဲ့အတွက် တတ်နိုင်တဲ့ဖက်က ကူညီဖို့ ကမ်းလှမ်းကြတာဖြစ်ပါတယ်။ ဒါပေမဲ့ တည်းခိုခန်းတွေမှာ သွားရောက်နေထိုင်ရင် ရဲကသိဖို့လွယ်တာကြောင့် သွားရောက်နေထိုင်သူ နည်းတယ်လို့ ဆိုပါတယ်။
CDM မှာပါဝင်သူဝန်ထမ်းတစ်ဦးဟာ အခုလိုဖိနှိပ်မှုတွေများနေတဲ့အချိန်မှာ အစာအိမ်ရောဂါဖြစ်ပြီး ခွဲစိတ်ကုသဖို့လိုအပ်လာတဲ့အတွက် ဆေးကုသစရိတ် လုံလောက်အောင်မရှိဘဲ အခက်အခဲကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ CDM လှုပ်ရှားမှုလုပ်နေတဲ့ မီးရထား၀န်ထမ်းမှန်းသိသွားတဲ့အခါ ဆေးရုံက ဆေးကုသစရိတ်လျှော့ချပေးသလို လှူဒါန်းသူတွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။
CDM ဝန်ထမ်းအများစုဟာ လစာမရကြတဲ့အတွက် စားဝတ်နေရေးလည်း အခက်အခဲရှိကြပါတယ်။ မီးရထားဌာနတချို့ကတော့ လစာထုတ်ပေးပါတယ်။
ဝန်ထမ်းတွေ စားဝတ်နေရေး အခက်အခဲရှိတဲ့အတွက် ပြင်ပက ထောက်ပံ့အားပေးသူတွေက အစားအသောက်တွေ လာရောက်လှူဒါန်းကြပါတယ်။ CDM အစပိုင်းမှာ လှူဒါန်းသူများပေမဲ့ အခုနောက်ပိုင်းမှာ လမ်းပိတ်ဆို့မှု၊ လမ်းပေါ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှု၊ လမ်းသွားလမ်းလာတွေကို ချောဆွဲပြီး လမ်းရှင်းခိုင်းမှုတွေကြောင့် အစားအသောက်နဲ့ ငွေကြေး လာရောက်လှူဒါန်းသူ အရင်လောက်မများတော့ဘူးလို့ ဆိုပါတယ်။
“တချို့ဆိုရင် မိသားစု ၇ ယောက် ၈ ယောက်ရှိကြတော့ ထောက်ပံ့လှူဒါန်းတာနဲ့ မလောက်လို့ အခက်အခဲကြုံကြရပါတယ်။ ငိုကြယိုကြပါတယ်။ ဒီကြားထဲမှာ လိုင်းခန်းပါဖယ်ပေးကြရလို့ ငိုကြယိုကြတဲ့သူတွေက အများကြီးပဲဗျ။ ဘယ်သူမဆို ကိုယ်မှီခိုနေထိုင်တဲ့နေအိမ်ကို မမျှော်လင့်ဘဲဆုံးရှုံးလိုက်ရတော့ သောကရောက်ကြတာပေါ့ဗျာ။” လို့ ကိုခန့်လူအောင်က ပြောပြပါတယ်။
ကိုခန့်လူအောင်ဟာ သူအခုနေထိုင်တဲ့ ဝန်ထမ်းအိမ်ရာလိုင်းခန်းမှာ နေထိုင်လာတာ အနှစ် ၂၀ ရှိပါပြီ။ ကိုကျော်သူရိန်က ဝန်ထမ်းအိမ်ရာမှာနေထိုင်လာတာ ၁၆ နှစ်ရှိပါပြီ။
ဘာ့ကြောင့်ဘဝအပျက်ခံပြီး အာဏာဖီဆန်ကြသလဲ
“ကျွန်တော်တို့က ၈၈ ကစပြီး မတရားလုပ်တာတွေကို အောင့်အည်းသည်းခံလာရတာများပြီဗျ” လို့ ကိုကျော်သူရိန်က ဆိုပါတယ်။ “အများပြည်သူက ကျွန်တော်တို့ကို ထောက်ပံ့ကူညီနေကြတဲ့အချိန်မှာ ကျွန်တော်တို့က နိုင်အောင်တိုက်ကြရမှာပါ”လို့ သူကဆက်ပြောပါတယ်။
“ကျွန်တော်တို့က သားစဥ်မြေးဆက် မီးရထားဝန်ထမ်းလုပ်လာကြတယ်။ ဆယ်တန်းမအောင်လည်း မီးရထားဝန်ထမ်းကို အောက်ခြေကနေ ဝင်လုပ်ခဲ့ကြတယ်။ ၄ နှစ်ပြည့်မှ ရာထူးတိုးစာမေးပွဲဖြေပြီး ရာထူးအဆင့်ဆင့်တက်ရတယ်။ ဆယ်တန်းအောင်ရင်၊ ဘွဲ့ရရင် ရာထူးတိုးစာမေးပွဲဖြေခွင့်ရတယ်။ ကျွန်တော်တို့က အဲသလို ကြိုးစားလုပ်ကိုင်ကြရတဲ့အချိန်မှာ စစ်တပ်က မိုးကျရွှေကိုယ်တွေက အထက်က ရောက်လာကြတယ်။ စစ်ဗိုလ်တွေ၊ တပ်ပြောင်းတွေက ဘာမှ မလုပ်တတ် မကိုင်တတ်ဘဲ အော်တာငေါက်တာတွေခံကြရတယ်။ သူတို့အတွက် ခြင်းတောင်းဆွဲ၊ လက်ဖက်ရည်ပွဲချပေးဖို့ ငေါက်ငမ်းခိုင်းစေတာခံကြရတယ်။ ကျွန်တော်တို့ ဒါမျိုးတွေ နောက်မျိုးဆက်အထိထပ်မကြုံစေချင်ကြတော့ဘူး။ အခုဆိုရင် ဝန်ထမ်းတွေဟာ သူတို့သားသမီးတွေကို တခြားအပြင်အလုပ်တွေကိုပဲ လုပ်ခိုင်းကြတယ်။ မီးရထားမှာတော့ မလုပ်ကြနဲ့လို့ ပြောကြတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေ သားစဥ်မြေးဆက် ဆက်ပြီး မကြုံစေချင်လို့ ကျွန်တော်တို့ ဘဝပျက်ချင်ပျက်ပစေ၊ အလျှော့မပေးဘူးလို့ ဆုံးဖြတ်ထားကြတယ်ဗျ။”