၂၀၂၁ မြန်မာ စစ်အာဏာသိမ်း - မတ်လ ၁၁ ရက် မြိုင်မြို့ပစ်ခတ်မှု

ရေးသားခဲ့သည်။

မတ်လ ၁၁ ရက်နေ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် မြိုင်မြို့မှာ လူ ၆ ယောက်သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သောကြာနေ့အစောပိုင်း ဘီဘီစီက နောက်ဆုံးအတည်ပြုထားချိန် အထိ သိရပါတယ်။

မြိုင်မြို့ဟာ ပခုက္ကူအနီးနားကမြို့သေးသေးလေး ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြရာမှာတော့ မြို့ကြီးတွေနည်းတူ ပါဝင်ခဲ့ပါတယ်။

မြိုင်မြို့မှာ မြို့မြောက်ပိုင်းက တရက်၊ မြို့တောင်ပိုင်းကတရက် တလှည့်စီဆန္ဒပြကြပါတယ်။ မတ်လ ၁၁ ရက်နေ့က မြို့တောင်ပိုင်းက ဆန္ဒပြမဲ့ အလှည့်ပါ။ မြို့မြောက်ပိုင်းက ဆန္ဒပြရင် မြို့မြောက်ဘက်မှာရှိတဲ့ ကျေးရွာတွေက မြို့ပေါ်တက်ပြီး မြို့မြောက်ပိုင်းနဲ့ ပူးပေါင်းဆန္ဒပြကြပါတယ်။ မြို့တောင်ပိုင်းက ဆန္ဒပြရင်လည်း မြို့တောင်ဘက်မှာရှိတဲ့ ကျေးရွာတွေက မြို့ပေါ်တက်ပြီး မြို့တောင်ပိုင်းနဲ့ ပူးပေါင်းဆန္ဒပြကြပါတယ်။

အရင်ရက်တွေက မြိုင်မြို့ပေါ်ဆန္ဒပြပွဲတွေဟာ အလွန်အေးဆေးငြိမ်းချမ်းတယ်လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

“မနက်ဆို လူစုတယ်၊ မြို့တပတ်ပတ်တယ်၊ ပြီးရင် ပြန်ကြတယ်၊ အေးဆေးပါပဲ။ ခင်ဗျားတို့ လူစုခွဲကြတော့လို့ တခွန်း အော်စရာမလိုခဲ့ပါဘူး။ နေ့ခင်းဆိုပြန်ကြတာပါ။ ရဲတွေပိတ်ထားရင် ပတ်သွားကြပါတယ်။” လို့သူကဆိုပါတယ်။

CDM သမားတွေအတွက် အလှူခံတဲ့ Gen-Z ဆိုတဲ့တီးဝိုင်းတခုလည်း နေ့စဥ်ပါဝင်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မတ်လ ၁၀ ရက်နေ့ကတည်းက မြိုင်မြို့ပေါ်ကို စစ်ကားတွေရောက်ရှိနေရာယူထားကြပါတယ်။ မြိုင်မြို့အရှေ့ပိုင်းကနေ မြိုင်မြို့အနောက်ထိပ် ကိုးဆောင်ကျောင်းအထိနေရာယူထားတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။ ပစ်မိန့်ရထားပြီးပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ နောက်နေ့ မတ်လ ၁၁ ရက်နေ့ရောက်ရင် မြိုင်မြို့ပေါ်မှာ အကြီးအကျယ် ပစ်ခတ်မယ်ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။ အဲဒါကြောင့် မတ်လ ၁၁ ရက်နေ့မှာ ဆန္ဒပြမယ့် အစီအစဥ်ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ပြီး မြို့တောင်ပိုင်းကရွာတွေ မြို့ပေါ်တက်မလာကြဖို့ အကြောင်းကြားထားခဲ့ပါတယ်။

ကြိုတင်အကြောင်းကြားထားတဲ့အတွက် ရွာတော်တော်များများရောက်မလာကြလို့ မတ်လ ၁၁ ရက်မနက်ခင်းမှာ ဆန္ဒပြမဲ့ လူအင်အားဟာ ခါတိုင်းလိုမဟုတ်ဘဲ တော်တော်နည်းပါးနေပါတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲရုပ်သိမ်းတဲ့ သတင်းကို မသိလိုက်တဲ့ ကျေးရွာတချို့က လူတွေ ရောက်လာကြတဲ့အတွက် လူတချို့ စုဝေးမိနေပါတယ်။ လူတွေဟာ မြို့တောင်ပိုင်းက ဦးစန္ဒိမာကျောင်းအတွင်း စုဝေးနေကြတာပါ။

လုံခြုံရေးတပ်ဖွဲ့တွေဟာ အသင့်ရောက်နေကြပေမဲ့ ဆန္ဒပြတဲ့သူတွေဟာ ခါတိုင်းလို လမ်းပေါ်ရောက်မလာသေးဘဲ ဖြစ်နေပါတယ်။ မနက် ၉ နာရီခွဲလောက်မှာ ဦးစန္ဒိမာကျောင်းရှေ့ကို ရဲတချို့ ရောက်လာတယ်။ လုံခြုံရေးအတွက် သတင်းစနည်းနာနေတယ်လို့ပဲ လူအများက ခပ်ပေါ့ပေါ့ သဘောထားပြီး လစ်လျူရှုထားခဲ့ကြပေမဲ့ အဲဒီရဲတပ်ဖွဲ့က လူ ၂ ယောက်ကို ဝင်ရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။။ အဲသလို လူ ၂ ယောက်ကိုဖမ်းဆီးလိုက်တဲ့အတွက် စုဝေးနေတဲ့သူတွေဟာ အဲဒီလူ ၂ ယောက်ပြန်လွတ်မြောက်ရေးအတွက် လမ်းပေါ်ထွက်တောင်းဆိုခဲ့ကြပါတယ်။

“မနက် ၉ နာရီခွဲလောက်မှာ ကျွန်တော် လက်ဖက်ရည်ဆိုင်ထိုင်နေတယ်။ အဲဒီအချိန်မှာ လူ ၃ ယောက်ကို ဖမ်းသွားပြီဆိုတဲ့ သတင်းလိုင်းပေါ်တက်လာတယ်။ အဲဒီလူငယ်တွေ ပြန်လွတ်မြောက်ရေးအတွက် ရွာကလူတွေလည်း မြို့ပေါ်တက်လာကြဖို့ ခေါ်တဲ့ပို့စ်တွေ တက်လာပါတယ်။” လို့ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

စောစောပိုင်းက အဖမ်းခံရသူ ၃ ယောက်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ အဖမ်းခံရတဲ့အထဲမှာပါတယ်လို့ သတင်းထွက်ပေါ်ခဲ့တဲ့ ရွှေဝါရောင်ဆရာတော်ပါမသွားတဲ့အတွက် ၂ ယောက်ပဲအဖမ်းခံရတာလို့လည်း နောက်ပိုင်းမှာ ပြင်ဆင်ပြောဆိုကြပါတယ်။

ဆန္ဒပြသူတွေဟာ အဖမ်းခံရတဲ့သူတွေ ပြန်လည်လွတ်မြောက်ရေးတောင်းဆိုဖို့ ရဲစခန်းရှိရာ ချီတက်လာပါတယ်။ ရှေ့ဆုံးကဆန္ဒပြသူတွေက အဖြူရောင်သုတ်ထားတဲ့ သံဒိုင်းတွေကိုင်ဆောင်ထားကြပါတယ်။ လမ်းတလျှောက်မှာ သွေးသစ္စာသီချင်းကို သီဆိုကြပါတယ်။ သီချင်းဆိုရပ်တဲ့အခါ ကြွေးကြော်သံတွေ အော်ဟစ်ကြပါတယ်။ တခြားကြွေးကြော်သံမျိုးစုံနဲ့အတူ “ငါတို့ပြည်သူငါတို့ပြန်ပေး” လို့လည်း ကြွေးကြော်ကြပါတယ်။

ရဲစခန်းရှေ့မှာတော့ ရဲနဲ့စစ်သားတွေက သေနတ်တွေကိုင်ပြီး အသင့်စောင့်ဆိုင်းနေပါတယ်။

ရဲစခန်းမရောက်ခင် ကိုင်းတောမလမ်းနဲ့ အဆွေတော်ကုန်းထိပ်ရောက်တဲ့အချိန်မှာ ဆန္ဒပြသူတွေက ရဲစခန်းကို ဝိုင်းဖို့ လူအင်အားနည်းနေသေးလို့ ကျေးရွာတွေဘက်က တက်လာမဲ့သူတွေနဲ့ နောက်ထပ်ရောက်လာသူတွေကို စောင့်ဆိုင်းနေကြပါတယ်။

ဆန္ဒပြတဲ့သူတွေရဲ့ ဦးခေါင်းထက် အမြင့်နေရာမှာတော့ အပြင်ကိုထွက်ရင် Mask တပ်ပြီးမှထွက်ပါလို့ရေးထားတဲ့ ပိတ်စအနီတန်းတခု လမ်းကိုကန့်လန့်ဖြတ်ချိတ်ဆွဲပြီးတန်းထားပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ကိုရိုနာဗိုင်းရပ်စ်ကို သတိရကြပုံမပေါ်ပါဘူး။ “ငါတို့ပြည်သူငါတို့ပြန်ပေး”လို့သာ ကြွေးကြော်နေကြပါတယ်။

“သူတို့ရည်ရွယ်ချက်က ဆန္ဒမပြခင် ကျောင်းထဲဝင်ဆွဲလိုက်တယ်။ လူတွေ ထွက်လာအောင် လုပ်တယ်။ လူတွေထွက်လာမှ ဖြိုခွဲမယ်ဆိုတဲ့ အစီအစဥ်ပါဗျ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆန္ဒပြသူတွေ အင်အားတောင့်တင်းလာအောင် ရပ်တန့်စောင့်ဆိုင်းနေစဥ်မှာပဲ ရဲစခန်းရှေ့မှာ ရောက်ရှိနေတဲ့ ရဲနဲ့ လုံခြုံရေးတွေက ဆက်လက်မစောင့်ဆိုင်းကြတော့ဘဲ ဆန္ဒပြသူတွေဆီ ထွက်လာကြတယ်လို့ ဆိုပါတယ်။

သေနတ်တကမ်းအကွာကို ရောက်ချိန်မှာ စတင်ပစ်ခတ်ပြီး ၁ မိနစ် ၂ မိနစ် လောက် အချိန်ကာလအတွင်းမှာပဲ ကျည်ထိမှန်သေဆုံးသူတွေရှိခဲ့တယ်လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဖြစ်စဥ်ကို စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ရာမှာတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှေ့က ဆန္ဒပြသူတွေကို အကြိမ်ကြိမ်လူစုခွဲခိုင်းရာမှာ မခွဲလို့ လူနှစ်ဦးကို ဖမ်းဆီးခဲ့ရာက အဲဒီနှစ်ဦး လွတ်မြောက်ရေး ဒေသခံတွေက ရဲစခန်းမှာ တောင်းဆိုရာက နောက်ဆက်တွဲ ဖြစ်ရပ်တွေ ဖြစ်ပေါ်ခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်ထားပါတယ်။

တောင်းဆိုသူတွေက ရဲစခန်းနဲ့ တပ်ဖွဲ့ဝင်တွေကို လေးခွ၊ ကုန်းသီး၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး ရဲစခန်းအတွင်း အကြမ်းဖက် ဝင်ရောက်ခဲ့တာကြောင့် ခြောက်လှန့်ပစ်ခတ်ရာက အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒေသခံတွေကို ဆက်လက်မေးမြန်းရာမှာ သေဆုံးသူ လူ ၆ ဦးကို နာမည်နဲ့တကွ ဘီဘီစီက အတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ်မှာ ထန်းငယ်တောရွာက တက်လာပြီး ဆန္ဒပြတဲ့ အသက် ၃၄ နှစ်အရွယ် ကိုသက်ဇော်ဦးဟာ ဆီးခုံမှာကျည်ဆန်ထိမှန်ခဲ့ပြီး ကြက်ခြေနီအဖွဲ့က သူ့ကိုပြုစုနေကြစဥ် ဆန္ဒပြလူအုပ်အနီးမှာပဲ သေဆုံးခဲ့ပါတယ်လို့ သိရပါတယ်။

ကန်ပူးကျေးရွာက ဦးတိုက်ပေါ်ဟာ ဦးခေါင်းမှာ ကျည်ဆန်ထိမှန်သေဆုံးခဲ့ပါတယ်။

ဝက်ကျုံးကျေးရွာက ကိုအောင်ကျော်ဆင့်ကတော့ ရင်ဘတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့ပါတယ်။

နောက်ထပ်သေဆုံးသူတွေကတော့ မန္တလေးလမ်းမှာနေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ကိုမြိုင်ဝင်းခေါ်ကိုဥာဏ်ဝင်း၊ သံမြေကျင်းရွာက ကိုသန်းဇော်၊ ဘောတုံရွာက ကိုသိုက်စိုးတို့ ဖြစ်ပါတယ်။

ကိုဥာဏ်မြင့်မောင်ဆိုသူကိုတော့ နောက်စေ့ကျည်ဆန် ထိမှန်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ သူ့ရဲ့ကျန်းမာရေး နောက်ဆုံးအခြေအနေကို မသိရှိရသေးပါဘူး။

ကျေးရွာဘက်က ဆန္ဒပြသူ တဦးမှာလည်း တံတောင်ဆစ်အနီးမှာ ကျည်ဆံထုတ်ချင်းခတ် ဖောက်ဝင်သွားခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုးကွယ်တဲ့ ဘုန်းတော်ကြီးတပါးက ခေတ်ပြောင်းချင်ရင် ခေါင်းကိုပစ်လို့ ယတြာပေးခဲ့သလို “မ” အက္ခရာပါတဲ့မြို့တွေကိုနှိမ်နင်းဖို့လည်း ယတြာပေးထားတယ်လို့ ယုံကြည်နေကြသူတွေ ရှိပါတယ်။ ဒါပေမဲ့ အဲသလိုယတြာမျိုးတွေ အမှန်ပေးခဲ့ကြောင်း ဘီဘီစီက အတည်မပြုနိုင်ပါဘူး။