ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်မှာ ရပ်နားထားတဲ့ရေယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲခွင့်ရ
လွန်ခဲ့တဲ့ ၇ လဝန်းကျင်ကနေ ရပ်နားခြင်းခံထားရတဲ့ ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေးရေယာဉ်လိုင်းတွေကို ဖေဖော်ဝါရီ ၂၆ ရက် မှာ ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း တာဝန်ရှိသူတွေက ပြောကြားပါတယ်။
အဲ့ဒီရေယာဉ်လိုင်းတွေဟာ ၂၀၂၀ သြဂုတ်လ ၁၆ ရက်နေ့က စစ်တွေမြို့မှာ ကိုဗစ် ၁၉ ဒုတိယလှိုင်း ရောဂါပိုး ကူးစက်ပျံ့နှံ့မှုရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး မကြာခင်မှာ ရပ်နားထားခဲ့ရတာဖြစ်ပြီး အခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေကြတဲ့ ရေယာဉ်လိုင်းတွေကတော့ ပြည်တွင်းရေးကြောင်းဌာနပိုင် ရေယာဉ်တွေနဲ့ ရွှေပြည်တန်၊ မလိခ၊ ရွှေနဒီ၊ ပေါက်တောတံခွန်၊ အဉ္စနနဒီ စတဲ့ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းတွေ ရှိကြပြီး အဲ့ဒီထဲက ရေယာဉ်လိုင်းတချို့သာ ဒီကနေ့မှာ စတင်ပြေးဆွဲနေတာကို တွေ့ရပါတယ်။
မနက်ပိုင်းမှာတော့ ပြည်တွေင်းရေကြောင်းဌာနအပိုင် ကစ္ဆပနဒီရေယာဉ်လိုင်းဟာ ကျောက်ဖြူကို ပြေးဆွဲခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ရွှေပြည်တန်ရေယာဉ်တွေက ပေါက်တော၊ မင်းပြားနဲ့ မြောက်ဦးလိုင်းတွေကို ပြေးဆွဲနေတာ ဖြစ်တယ်လို့ ရွှေပြည်တန် အမြန်ရေယာဉ်လိုင်း မန်နေဂျာက ပြောပါတယ်။
လက်ရှိမှာတော့ စတင်ပြေးဆွဲခွင့်ရတဲ့ကာလဖြစ်တဲ့အတွက် လိုင်းတိုတွေကိုသာ ပြေးဆွဲပေးနေရပြီး စစ်တွေ-တောင်ကုတ်နဲ့ စစ်တွေ-ဘူးသီးတောင်လိုင်းတွေကိုတော့ ပြေးဆွဲနိုင်ခြင်းမရှိသေးဘဲ အဲ့ဒီလိုင်းတွေကို ပြေးဆွဲနိုင်ဖို့အတွက် စောင့်ဆိုင်ရဦးမှာ ဖြစ်တယ်လို့ ရွှေပြည်တန်ခရီးသည် ပို့ဆောင်ရေး ရေယာဉ်လိုင်းက ပြောပါတယ်။
ကိုဗစ် ၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေကို အချိန်အကြာကြီး ရပ်နားထားလိုက်ရသလို လူတွေလည်း ခရီးသွားလာမှုတွေ နည်းပါးနေခဲ့တဲ့အတွက် ဒီကနေ့မှာ ရေယာဉ်လိုင်းတွေကို ပြန်လည်ပြေးဆွဲနေပြီဖြစ်ပေမယ့် လိုက်ပါတဲ့ခရီးသည်တွေကတော့ နည်းပါးနေပါသေးတယ်။