တိုက်ပွဲတွေ မရပ်လို့ ကေအန်ယူနဲ့ တပ်မတော် တွေ့ဆုံ ဆွေးနွေးဖို့ လိုနေပြီလို့ ကေအန်ယူ ပြော

ကေအင်ယူ၊ တပ်မတော်၊ ကရင်ပြည်နယ်

ဓာတ်ပုံ ရင်းမြစ်, THET AUNG/AFP/GETTY IMAGES

ဓာတ်ပုံ ပုံစာ, တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကေအင်ယူ ဥက္ကဋ္ဌ စောမူတူးစေးဖိုး
ရေးသားခဲ့သည်။

တပ်မတော်နဲ့ ကရင် အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာတချို့ အကြားမှာ လမ်းဖောက်လုပ်မှုက တဆင့် တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာနေတဲ့အတွက် နှစ်ဖက် တွေ့ဆုံ စကားပြောဖို့ လိုလာနေပြီလို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောပါတယ်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်ကို ပြန်လည် သုံးသပ်ပြီး ခိုင်မာတဲ့ အပစ်ခတ် ရပ်စဲရေးကို သွားဖို့ လိုနေပြီလို့ ကေအန်ယူဘက်က ပြောနေတာပါ။

အောက်ခြေအဆင့်မှာ တွေ့ဆုံ ညှိနှိုင်းတာက လတ်တလော အခြေအနေ တည်ငြိမ်ရုံအတွက်သာ ဖြစ်နိုင်ပြီး ရေရှည်အတွက် အဖြေမထွက်တဲ့အတွက် ဗဟိုအဆင့် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့လိုနေပြီလို့ ပဒိုမန်းမန်းက ပြောပါတယ်။

"တပ်မဟာ (၅)၊ တပ်မဟာ (၃)၊ တပ်မဟာ (၁) တို့တင်မက ကျန်တဲ့ တပ်မဟာတွေ အားလုံးနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ခြေ ရှိနေတာကြောင့် အစိုးရ အနေနဲ့၊ တပ်မတော်အနေနဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ တကယ့် အဓိပ္ပာယ်ရှိရှိ ဖြေရှင်း ဆောင်ရွက်ဖို့ လိုပါတယ်"လို့ ကေအင်ယူ တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ဘီဘီစီကို ပြောပြပါတယ်။

ကေအင်ယူ၊ တပ်မတော်၊ ကရင်ပြည်နယ်
ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဖာပွန်ခရိုင် မဲဝိုင်ဒေသကနေ တပ်မတော် တပ်စခန်းတွေ ဖယ်ရှားပေးဖို့ ကရင်ဒေသခံ ၁၀၀၀ ကျော် တောင်းဆို ဆန္ဒပြခဲ့ကြ

တပ်နဲ့ ကေအင်ယူအကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်တာ ရှိခဲ့ဖူးပြီး NCA စာချုပ်မှာ ပါရှိတဲ့ အချက်တွေကို တပ်မတော်ဘက်က မလိုက်နာဘဲ တပ်စခန်း တိုးချဲ့တာတွေ လုပ်လာတဲ့အတွက် အခုလို တိုက်ပွဲတွေ ပိုစိပ်လာခဲ့တာလို့ ကေအင်ယူဘက်က ပြောနေပါတယ်။

ကရင်ပြည်နယ်မှာ တပ်မတော်ဟာ စစ်ဆင်ရေးအတွက် ကားလမ်းဖောက်လုပ်တာလို့ ကေအင်ယူဘက်က ပြောပြီး တပ်မတော်ကဘက်ကတော့ ဒါဟာ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတာသာ ဖြစ်တယ်လို့ အခိုင်အမာ ပြောနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက စလို့ ကရင်ပြည်နယ် ဖာပွန်ခရိုင် မဲဝိုင်ဒေသမှာ တပ်မတော်နဲ့ ကေအင်ယူ တပ်မဟာ(၅)တို့ အကြား ထိတွေ့မှုတွေ စ ဖြစ်ပွားလာခဲ့တာပါ။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ချက်ထဲမှာတော့ ကေအင်ယူနဲ့ စစ်ရေး တင်းမာနေတဲ့ ဖာပွန်ခရိုင် မဲဝိုင်ဒေသအနားမှာ ကေအန်ယူ တပ်မဟာ (၅) က ဒီဇင်ဘာလကတည်းက အကြိမ်ကြိမ် လာရောက် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တပ်မဟာ (၃) ဒေသမှာလည်း ပဲခူးတိုင်း ကျောက်ကြီးမြို့နဲ့ မုန်းမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်ကနေ အခု ဇန်နဝါရီလအထိ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ကေအင်ယူ၊ တပ်မတော်၊ ကရင်ပြည်နယ်

တိုက်ပွဲကာလ နှစ်လလောက် ကြာလာတာနဲ့အမျှ စစ်ရှောင်ဦးရေကလည်း လေးထောင် ကျော်လာနေပြီလို့ ကရင် လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲတွေက ရွာတွေနားမှာ ကပ်ပြီး ဖြစ်တဲ့အတွက် အိမ်တွေကို စွန့်ခွာ ထွက်ပြေးကြရပြီး လက်ရှိမှာ စားရေး နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကရင် လူမှုကူညီရေးအဖွဲ့က စောအောင်ဂဲက ဘီဘီစီကို ပြောပြပါတယ်။

ကေအန်ယူ တပ်မဟာ(၃)နဲ့ တပ်မဟာ(၅)နေရာတွေမှာ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်နေတဲ့အတွက် ဒီထက် ပိုဆိုးလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။