ချာလီ အက်ဘ်ဒိုရဲ့ အာဒိုဝမ် ကာတွန်းနဲ့ပတ်သက်ပြီး ဥပဒေအရ အရေးယူသွားမယ်လို့ တူရကီပြော

အခုတလော ကိစ္စအတော်များများနဲ့ပတ်သက်လို့ မစ္စတာ မက်ခရွန်းနဲ့ မစ္စတာ အာဒိုဝမ်တို့အကြား ကွဲလွဲမှုတွေဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အခုတလော ကိစ္စအတော်များများနဲ့ပတ်သက်လို့ မစ္စတာ မက်ခရွန်းနဲ့ မစ္စတာ အာဒိုဝမ်တို့အကြား ကွဲလွဲမှုတွေဖြစ်နေ
ရေးသားခဲ့သည်။

ပြင်သစ်က ချာလီ အက်ဘ်ဒိုမဂ္ဂဇင်းမှာ ဖော်ပြလိုက်တဲ့ သမ္မတ ရာဂျစ် တယ်ရစ် အာဒိုဝမ် ကာတွန်းပုံနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ၊ သံတမန်ကြောင်းအရ အရေးယူဆောင်ရွက်သွားမယ့် အကြောင်း တူရကီက ကတိပြုပြောကြားလိုက်ပါတယ်။

ကာတွန်းပုံမှာ တူရကီ သမ္မတက ခေါင်းစည်းပုဝါခြုံထားတဲ့ အမျိုးသမီးတစ်ယောက်ဝတ်ထားတဲ့ ဝတ်ရုံရှည်အောက်အနားစကို ဆွဲလှန်နေတဲ့ပုံကို တွေ့ရပါတယ်။

ဒီ မဂ္ဂဇင်းတိုက်ကို တရားဝင်စုံစမ်းစစ်ဆေးတာတွေလုပ်ဖို့ တူရကီ တရားရေးဆိုင်ရာအဖွဲ့တွေက စတင်ဆောင်ရွက်နေပြီလို့ နိုင်ငံပိုင် မီဒီယာက ကြေညာပါတယ်။

အစွန်းရောက်အစ္စလာမ်ဝါဒီတွေကို ပြတ်ပြတ်သားသား နှိမ်နင်းသွားမယ်လို့ သမ္မတ အီမန်နျူရယ် မက်ခရွန်းက ပြောကြားခဲ့ပြီးတဲ့နောက် ပြင်သစ်နဲ့ တူရကီအကြား ဆက်ဆံရေး တင်းမာနေပါတယ်။

ချာလီ အက်ဘ်ဒိုက ထုတ်ဝေခဲ့တဲ့ တမန်တော်မိုဟာမက် ကာတွန်းပုံကို ပြပြီး သူ့ကျောင်းသားတွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို သင်ကြားပေးခဲ့တဲ့ ပြင်သစ် ကျောင်းဆရာ တစ်ယောက် ရက်ရက်စက်စက် အသတ်ခံရပြီးတဲ့နောက် သမ္မတ မက်ခရွန်း ကနိုင်ငံရေးနဲ့ ဘာသာရေး မရောယှက်တဲ့ သူတို့ စနစ်ကို ကာကွယ်သွားမယ်ဆိုတာကို ကတိပေး ပြောခဲ့ပါတယ်။

မစ္စတာမက်ခရွန်းက ကျောင်းဆရာ ဆန်မြူရယ် ပါတေ "အသတ်ခံရတာဟာ အစ္စလာမ်မစ် စစ်သွေးကြွတွေက တို့ရဲ့ အနာဂတ်ကို လွှမ်းမိုးအနိုင်ယူချင်ကြလို့ သတ်တာဖြစ်တယ်"၊ ပြင်သစ် နိုင်ငံဟာ "ငါတို့ ကာတွန်းတွေကို မစွန့်လွှတ်ဘူး" လို့ ပြောခဲ့ပါတယ်။

မစ္စတာ အာဒိုဝမ်က ပြင်သစ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ကြဖို့ တူရကီတွေကို တောင်းဆိုခဲ့ သလို မစ္စတာ မက်ခရွန်အနေနဲ့ "စိတ်ရောဂါ ရှိ၊ မရှိ စစ်ဆေးဖို့လိုအပ်တယ်" လို့လည်း ပြောခဲ့ ပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ ကူဝိတ်၊ ဂျော်ဒန်၊ လစ်ဗျား စတဲ့နိုင်ငံတွေ အပါအဝင် မွတ်စလင် အ များစု နေထိုင်ကြတဲ့ နိုင်ငံအတော်များများမှာလည်း ပြင်သစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

တမန်တော် မိုဟာမက်ပုံကို ဆွဲတာဟာ ထိပါးစော်ကားတာလို့ မွတ်စလင်တွေက သဘောထားကြပါတယ်။

ဒါပေမဲ့ ပြင်သစ်နိုင်ငံရဲ့ ပင်ကိုယ်ဝိသေသလက္ခဏာမှာ နိုင်ငံရေးထဲ ဘာသာရေးက မရောယှက်ရတဲ့ တွေးမြင်မှုက ပဓာန နေရာက ရှိပါတယ်။ လူမှုအသိုင်းအဝိုင်းတစ်ခုတည်းရဲ့ ခံစားမှုကို အကာအကွယ်ပေးဖို့အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ကန့်သတ်လိုက်တာဟာ ညီညွတ်မှုကို ပျက်ပြားစေလိမ့်မယ်လို့ ပြင်သစ်က ပြောပါတယ်။

အာဒိုဝမ် ကာတွန်းကို တူရကီမှာ ဘယ်လို တုံ့ပြန်နေကြလဲ

ကာတွန်းပုံက တူရကီအစိုးရကို ဒေါသတွေ အကြီးအကျယ်ထွက်သွားစေပါတယ်။

သမ္မတရဲ့ ဆက်သွယ်ဆက်ဆံရေး ဒါရိုက်တာ ဖာရက် အာတွန်က "ကျန်ုပ်တို့ သမ္မတပုံကို စက်ဆုပ်ဖွယ်ဖြစ်အောင် တမင်သက်သက်ရေးဆွဲထားတဲ့ ကာတွန်းပုံတွေကို ချာလီ အက်ဘ်ဒိုက ထုတ်ဝေနေတယ်။ ယဉ်ကျေးမှု ခွဲခြားဆက်ဆံတာတွေ၊ အမုန်းတရားတွေကို ဒီကာတွန်းတွေက ဖြန့်ဝေနေတာမို့ သူတို့ရဲ့ ရွံစရာကောင်းတဲ့ လုပ်ရပ်တွေကို ကျွန်ုပ်တို့ ရှုတ်ချတယ်" လို့ ပြောပါတယ်။

ဒုတိယ သမ္မတ ဖာအွတ် အူတေ ကလည်း "ဒီ အသရေဖျက်တဲ့ လုပ်ရပ်" ကို ဆန့်ကျင်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုပါတယ်။

တူရကီ အစိုးရ လိုလားတဲ့ သရော်စာ မဂ္ဂဇင်းတိုက် မစ်ဇ်ဗက် (Misvak) က မစ္စတာ မက်ခရွန်းနဲ့ ချာလီ အက်ဘ်ဒိုကို ဝေဖန်တဲ့ ကာတွန်းတွေ ကို အွန်လိုင်းပေါ်တင်ပါတယ်။

ဒီသီတင်းပတ်အတွင်းမှာ တူရကီ အစိုးရ ဒေါသထွက်တာက ချာလီ အက်ဘ်ဒိုက ကာတွန်းတွေတင် မဟုတ်ပါဘူး။ ဒတ်ခ်ျလက်ယာစွန်း အမတ် ဂတ်ဒ် ဝိုင်ဒါ သူ့ တွစ်တာမှာ တင်တဲ့ ကာတွန်းပုံနဲ့ ပတ်သက်ပြီးလည်း သူတို့ တရားစွဲမယ်လို့ ဆိုပါတယ်။

အဲဒီကာတွန်းပုံမှာ သမ္မတ အာဒိုဝမ်က အော့တိုမန် အင်ပါယာ ဧကရာဇ်ရဲ့ ခေါင်းဆောင်းကို ဆောင်းထားပြီး ခေါင်းဆောင်းက ဗုံးနဲ့ အလားသဏ္ဍန်တူအောင် ဆွဲထားပါတယ်။ ကာတွန်းပုံ အောက်မှာ အကြမ်းဖက်သမား (Terrorist) လို့လည်း ပုံစာ ရေးထားပါတယ်။

နယ်သာလန် ဝန်ကြီးချုပ် မတ်ခ် ရုဒ်က တူရကီ ခေါင်းဆောင်ရဲ့ တုံ့ပြန်မှုကို ဝေဖန်ပါတယ်။

"သမ္မတ အာဒိုဝမ်ကို ပါးချင်တဲ့ သတင်းစကားကတော့ သိပ်ကို ရိုးရိုးရှင်းရှင်းလေးပါ၊ နယ်သာလန်က အမြင့်ဆုံး တန်ဖိုးအထားဆုံးအရာတွေထဲက တစ်ခုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပါ" လို့ သူက ဆိုပါတယ်။

ချာလီ အက်ဘ်ဒိုဘက်ကရော ဘယ်လိုရှိလဲ

ပြင်သစ်က အဲဒီ မဂ္ဂဇင်းက အငြင်းပွားစရာဖြစ်တာတွေ ကြုံရတာ အထူးအဆန်း မဟုတ်ပါဘူး။

၂၀၁၅ ခုနှစ်တုန်းက ပဲရစ်က သူတို့ရုံးခန်းထဲကို သေနတ်သမားတွေ လာတိုက်ခိုက်တာခံရပြီး လူ ၁၂ ယောက် အသတ်ခံခဲ့ရပါတယ်။ တမန်တော် မိုဟာမက် ကာတွန်းပုံတွေကို ထုတ်ဝေလို့ အစ္စလာမ်မစ် အစွန်းရောက်တွေက ပစ်မှတ်ထားတိုက်ခိုက်တာ ခံခဲ့ရတာပါ။

အဲဒီ နှစ်ထဲမှာပဲ ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး ပုံဖော်တဲ့ ချာလီ အက်ဘ်ဒိုရဲ့ ကာတွန်း ၂ ပုံကို ရုရှားအစိုးရက အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။ အဲဒီ လေယာဉ်ပျက်ကျမှုမှာ လူ ၂၂၄ ယောက် သေခဲ့ရပြီး အများစုက ရုရှားနိုင်ငံသားတွေပါ။

၂၀၁၆ တုန်းက လည်း အီတလီက မြေငလျင် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဆွဲတဲ့ ကာတွန်းပုံ ကလည်း အီတလီက လူတွေကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပါတယ်။

ပြင်သစ်ကို ဆန့်ကျင်နေကြတာတွေက ဘာတွေလဲ

မစ္စတာ မက်ခရွန်းက အစ္စလာမ်ဘာသာကို တိုက်ခိုက်တယ်၊ တမန်တော် မိုဟာမက်ကို တိုက်ခိုက်တယ်လို့ ဆိုပြီး မွတ်စလင် ကမ္ဘာမှာ သူ့အပေါ် ဒေါသတွေ ပုံနေကြပါတယ်။

လမ်းတွေပေါ်ထွက် ဆန္ဒပြတာတွေ၊ ပြင်သစ် ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ တောင်းဆိုတာတွေ၊ နိုင်ငံခြားရောက် ပြင်သစ်လူမျိုးတွေကို တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပါလက်စတိုင်း၊ ဂါဇာမြို့က မက်ခရွန်းကို ဆန့်ကျင်တဲ့ နံရံ ဆေးရေး ပန်းချီတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါလက်စတိုင်း၊ ဂါဇာမြို့က မက်ခရွန်းကို ဆန့်ကျင်တဲ့ နံရံ ဆေးရေး ပန်းချီတစ်ခု

ဘင်္ဂလားဒေ့ရှ်နိုင်ငံက Baitul Mukarram ဗလီကြီးရှေ့မှာ ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ ပြင်သစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို လူရာပေါင်းများစွာ တက်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ မစ္စတာ မက်ခရွန်း ပုံတူ အရုပ်တစ်ခုကိုလည်း မီးရှို့ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြသူတွေက သမ္မတ မက်ခရွန်း ပုံတူ အရုပ်ကို မီးရှို့ခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြသူတွေက သမ္မတ မက်ခရွန်း ပုံတူ အရုပ်ကို မီးရှို့ခဲ့ကြ

ပြင်သစ်က ကုန်ပစ္စည်းတွေကို သပိတ်မှောက်ကြဖို့ မလေးရှားက အစ္စလာမ်ဘာသာရေး အဖွဲ့ မလေးရှား အတိုင်ပင်ခံ ကောင်စီ (Malaysian Consultative Council - MCC) က ဆော်သြနေသလို ဂျော်ဒန်၊ ကာတာ၊ ကူဝိတ် နဲ့ တချို့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ကုန်တိုက်တွေမှာလည်း ပြင်သစ်ကုန်ပစ္စည်းတွေကို မတင်တော့ဘဲ စင်တွေကနေ ဖယ်ရှားပစ်နေကြပါတယ်။

ဂျော်ဒန်နိုင်ငံ အာမန်မြို့က ကုန်တိုက်မှာ ဈေးဝယ်သူတွေကို ပြင်သစ်ကုန်တွေကို သပိတ်မှောက်ထားကြောင်း အသိပေးထား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဂျော်ဒန်နိုင်ငံ အာမန်မြို့က ကုန်တိုက်မှာ ဈေးဝယ်သူတွေကို ပြင်သစ်ကုန်တွေကို သပိတ်မှောက်ထားကြောင်း အသိပေးထား

အီဂျစ်နိုင်ငံက Grand Imam of al-Azhar တက္ကသိုလ်ကနေ မွတ်စလင် ဆန့်ကျင်သူတွေကို ရာဇဝတ်မှုနဲ့ အရေးယူနိုင်ရေး ဥပဒေ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုတဲ့ လှုံဆော်မှုတွေ စတင်နေပါတယ်။

အီဂျစ် သမ္မတ အဘ္ဘဒ္ဒူ ဖာတား အယ် ဆီဆီ ကလည်း ဗုဒ္ဓဟူးနေ့က တကယ်လို့ လူဦးရေ ၁. ၅ ဘီလျံ အရေအတွက်ရှိတဲ့ လူတွေကို ထိပါးစော်ကားတယ်ဆိုရင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာကို ရပ်ဆိုင်းပစ်ရမယ်လို့ ပြောပါတယ်။

ဘေးကင်းလုံခြုံစိတ်ချရရေး အပေါ် စိုးရိမ်စရာတွေ ရှိနေတာမို့ အင်ဒိုနီးရှား၊ အီရတ်၊ မောရစ်သျှ စတဲ့ နိုင်ငံတွေမှာ ရှိနေတဲ့ သူတို့နိုင်ငံသားတွေကို သတိနဲ့ သွားလာနေထိုင်ကြဖို့ ပြင်သစ် နိုင်ငံခြားရေးဌာနက သတိပေးစာ ထုတ်ပြန်ထားပါတယ်။