ကိုရိုနာဗိုင်းရပ်စ်- ကယားမှာ ကိုဗစ်ကူးစက်မှု စတွေ့

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု မရှိသေးဘဲ ကျန်နေတဲ့ ကယားပြည်နယ်ထဲမှာ ပထမဆုံး ကူးစက်သူတဦးကို စတင်တွေ့ရှိခဲ့ပြီးဖြစ်ပြီး ရန်ကုန်မှာ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ဆေးပညာသင်တန်းတက်ရောက်ပြီး လွိုင်ကော်ကိုပြန်လာတဲ့ ကျန်းမာရေးဝန်ထမ်းမှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ကယားပြည်နယ် ကျန်းမာရေးဦးစီးဌာနက အတည်ပြုပါတယ်။

သူ့ရဲ ကိုဗစ်ရလာဒ်အတည်ပြုချက်ကတော့ မနေ့ အောက်တိုဘာ ၁၅ ရက် ည ၈နာရီ အချိန် ထုတ်ပြန်ချက်ထဲမှာ ပါရှိတာပါ။

ကွာရန်တင်းဝင်နေသူမှာ ကူးစက်မှုတွေ့

သူဟာ အောက်တိုဘာ ၆ရက် ကတည်းက ရန်ကုန်ကနေ လွိုင်ကော်ကို ပြန်ရောက်ပြီး ကွာရန်တင်းဝင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို ကွာရန်တင်း ဝင်ချိန်မှာတော့ ဘေးခန်းက သူငယ်ချင်းဖြစ်သူတွေနဲ့ စကားပြောခဲ့တာမျိုး ရှိခဲ့ပါတယ်။

အဲဒီသူငယ်ချင်းက သီးသန့်ခွဲခြားနေရာကနေ ရက်ပြည့်လို့ ထွက်သွားပြီး နေအိမ်မှာ ကွာရန်တင်းဝင်နေရသူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ သူက အတည်ပြုလူနာနဲ့ ထိတွေ့မိတာကြောင့် အခုတော့ ပြန်လည်ခေါ်ဆောင်ပြီး စစ်ဆေးဖို့ ပြင်ဆင်နေတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်က ဘီဘီစီကို ပြောပြပါတယ်။

ဒါ့အပြင် အဲဒီပြန်လည်ခေါ်ဆောင်ခံရသူရဲ့ မိသားစုတွေကိုလည်း နေအိမ်မှာ ခွဲခြားစောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

မတ်လက စတင်ပြီး ကယားပြည်နယ်အတွင်းမှာ ပြည်တော်ပြန်တွေ အပါအဝင် ကွာရန်တင်းထားခဲ့ရသူက သုံးထောင်ကျော်ရှိခဲ့ပါတယ်။

အခုဒုတိယလှိုင်းအတွင်းမှာတော့ ပြည်နယ်တိုင်းအသီးသီးကလာသူတွေ၊ ဒါ့အပြင် ပြည်တော်ပြန်တွေ အပါအဝင် လူ ၃၀၀ ကျော်သာ ကွာရန်တင်းထား စောင့်ကြည့်ထားရတယ်လို့လည်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ကယားပြည်နယ်မှာ လက်ရှိအချိန်ထိတော့ အတည်ပြုလူနာတဦးသာ ရှိပါသေးတယ်။ ဒါပေမယ့်လည်း လေထုတွင်းကူးစက်မှု၊ လူအချင်းချင်း ကူးစက်မှု၊ အသံတိတ်သယ်ဆောင်သူကတဆင့် ကူးစက်နိုင်မှုတို့ကြောင့် လက်ဆေးတာ ခပ်ခွာခွာနေတာ၊ လူစုလူဝေးရှောင်ဖို့နဲ့ နှာခေါင်းစည်းတပ်ကြဖို့ ဒေါက်တာဌေးလွင်က တိုက်တွန်းပြောဆိုပါတယ်။

ကယားရဲ့ လက်ရှိအခြေအနေ

ကယားပြည်နယ်က မြို့နယ် ၇ ခုအနက် တခြား ၆ မြို့နယ်မှာ ကိုဗစ် ဖြစ်ခဲ့ပြီး ပြင်းထန်တဲ့ လက္ခဏာမရှိရင် သက်ဆိုင်ရာ မြို့နယ်မှာပဲ ကုသမှာ ဖြစ်ပြီး ရောဂါလက္ခဏာပြလာရင် လွိုင်ကော်ဆေးရုံကြီးကို ပြောင်းပြီး ကုသမယ်လို့ ဒေါက်တာဌေးလွင်က ဆိုပါတယ်။ ဒါ့အပြင် လွိုင်ကော်ဆေးရုံကြီးမှာ အထူးကြပ်မတ်ကုသနိုင်တဲ့ ကုတင် ခြောက်လုံးနဲ့ အသက်ရှူစက် နှစ်လုံးလည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

လွိုင်ကော်ဆေးရုံကြီးမှာ ကုတင် ၁၃၀ ကျော် ပြင်ဆင်ထားပြီး တိုင်းရင်းဆေးရုံမှာ ကုတင် ၅၀ ရှိလို့ လူ ၂၀၀ လောက်ကို ကုသပေးနိုင်တဲ့ အနေအထား ရှိတယ်လို့လည်း ဒေါက်တာဌေးလွင်က ပြောထားပါတယ်။

ကယားပြည်နယ်ဟာ ပြည်နယ်တိုင်းတွေထဲမှာ ကိုဗစ်ကူးစက်မှုနောက်ဆုံးမှ ဖြစ်ခဲ့တဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။ တခြားပြည်နယ်နဲ့တိုင်းတွေကတော့ ဒုတိယလှိုင်း စတင်ပြင်းထန်ချိန် ဇူလိုင်၊ သြဂုတ်ကစတင် ပြီး ပျံ့နှံ့ကူးစက်မှုတွေ ရှိခဲ့တာပါ။

ကယားပြည်နယ်ကတော့ လူဦးရေ သုံးသိန်းဝန်းကျင်သာရှိတဲ့ လူဦးရေ အနည်းဆုံးပြည်နယ်တခုလည်း ဖြစ်ပါတယ်။