ကိုဗစ်ကြောင့် ကျန်းမာရေးစနစ် မပြိုလဲအောင် ဘာတွေစီမံသင့်လဲ ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်ဟောပြောချက် ဆင်ဆာဂယက် အပါအ၀င် တစ်ပတ်အတွင်းသတင်းမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win
ဒီတစ်ပတ် ထိပ်တန်းရောက်သတင်းတွေထဲမှာ ကူးစက်သူ တစ်သောင်းကျော်၊ သေဆုံးသူ သုံးရာကျော်လာတဲ့ ကိုဗစ် ဒုတိယလှိုင်းကြောင့် ကျန်းမာရေးစနစ်တစ်ခုလုံး ကိုဗစ်ကုသရေးဘက် အာရုံစိုက်နေချိန် တခြားသော နာတာရှည် ဝေဒနာသည်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သူတွေမှာ အခက်အခဲတွေ တွေ့လာရပါပြီ။
တစ်ခါ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် နိုင်ငံရေးပါတီတချို့ရဲ့ ဟောပြောချက်တွေကို ရုပ်သံကနေ မထုတ်လွှင့်ခင်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ဖြတ်တောက်မှုတွေ လုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ရှိလာခဲ့တဲ့သတင်းတွေပဲ ဖြစ်ပါတယ်။
ကိုဗစ်မဟုတ်တဲ့ရောဂါတွေ ကုသရေး ဘာတွေစီမံထားလဲ
မြန်မာမှာ ကိုဗစ်အတည်ပြုလူနာက တစ်သောင်းကျော်နဲ့ သေဆုံးသူ သုံးရာကျော်ခဲ့ပါပြီ။ နေ့စဉ်ပိုးတွေ့ လူနာနှုန်းက စံချိန်သစ်တင်နေသလို သေဆုံး နှုန်းကလည်း အာဆီယံဒေသတွင်းနိုင်ငံတွေကြားမှာ ထိပ်ပိုင်းနားကို ရောက်လာနေပါပြီ။ အတည်ပြုလူနာတွေထဲ ကိုဗစ်ပိုးနဲ့ သေဆုံးသူတွေ ရှိသလို သေဆုံးပြီး ဓာတ်ခွဲစစ်ဆေးတော့မှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့သူတွေလည်း နေ့စဉ်လိုလို ရှိလာနေပါတယ်။
ဒါကြောင့် ရှိသမျှ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ကျန်းမာရေးစနစ်ကြီးတစ်ခုလုံးရဲ့ ရင်းမြစ်အများစုကို ကိုဗစ်ကာကွယ် ကုသရေးဘက်ကို ပုံအောပေးထားရပါတယ်။
တစ်ဖက်မှာလည်း ပိုးတွေ့လူနာနဲ့ဆက်စပ်မှုရှိတဲ့ ပုဂ္ဂိလကဆေးရုံဆေးခန်းတွေ လော့ခ်ဒေါင်း ချထားရတာ၊ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ ကူးစက်ခံနေရတာကြောင့် ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ နာတာရှည်ဝေဒနာရှင်တွေ၊ ကိုဗစ်မဟုတ်တဲ့ရောဂါတွေ ကုသရေး အခက်အခဲတွေ ကြုံနေရပါတယ်။
ရန်ကုန်တင်မက တစ်ပြည်လုံးက လူထု အားကိုးအားထားပြုရတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်သံသယလူနာတွေနဲ့ ပြည့်လျှံနေပြီး ပုံမှန်ကုသမှုပေးရမယ့် နာတာရှည်ဝေဒနာသည်တွေနဲ့ အရေးပေါ်လူနာတွေအတွက် အခြား ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့လိုအပ်တာကြောင့် ဆရာဝန်၊ သူနာပြုတွေနဲ့ ဝန်ထမ်းတွေ ဝန်ပိနေပြီလို့ ဆေးရုံတာဝန်ရှိသူတွေဘက်က ပြောလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win
ဒါ့အပြင် မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်းနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးတွေမှာလည်း အောက်ဆီဂျင်ပိုက်လိုင်းတွေ၊ အသက်ရှူစက်တွေအပါအဝင် ရောဂါကာကွယ်ရေး N95 Mask တွေ လိုအပ်နေပြီလို့ ကျန်းမာရေးဝန်ကြီးထံ ဆေးရုံတာဝန်ရှိသူတွေက တင်ပြတာတွေ ရှိလာပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုဗစ်ကြောင့် ရာသီအလိုက် ကာကွယ်ဆေးထိုးနှံမှုတွေ ပုံမှန်မလုပ်နိုင်မှာကိုလည်း စိုးရိမ်သူတွေ ရှိလာကြပါတယ်။
ဒါကြောင့် ကိုဗစ်နဲ့မဟုတ်တဲ့ တခြားသော ရောဂါဝေဒနာနဲ့ သေဆုံးနှုန်းတွေ ပိုများလာနိုင်တယ်လို့ အစိုးရရဲ့ ကိုဗစ်ကုသရေးအကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်က သတိပေးထားပါတယ်။
ကိုဗစ်သံသယ လူနာတွေ များလွန်းတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ် ဌာနကို လသာ ၂ ကျောင်းဝင်းထဲ ပြောင်းရွှေ့ဖွင့်လှစ်ထားရသလို အရေးပေါ်မဟုတ်တဲ့ ခွဲစိတ်ကုသမှုတွေကိုလည်း ရပ်နားထားရပါတယ်။
ကင်ဆာကုသဆောင်ဟာလည်း ကိုဗစ်သံသယလူနာ ထားရှိရာ အဆောင်ဖြစ်နေခဲ့ပါပြီ။ ဒါကြောင့် ပုံမှန်ဆေးကုသမှုခံယူဖို့ လိုအပ်တဲ့ကင်ဆာဝေနာရှင်တွေလည်း အခက်တွေ့နေရပါတယ်။
ကျောက်ကပ်ပုံမှန်ဆေးမှ အသက်ဆက်နိုင်မယ့် ကျောက်ကပ်ရောဂါဝေဒနာရှင်တွေမှာလည်း ကိုဗစ် ဒုတိယလှိုင်းမှာ ကျောက်ကပ်အခမဲ့ဆေးပေးတဲ့ အစိုးရဆေးရုံကြီးတွေ ပိတ်သွားလို့ သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပုံမှန်မရမှာကို စိုးရိမ်ပူပန်နေကြရတယ်လို့ ကျောက်ကပ်ဝေဒနာရှင် တစ်ဦးဖြစ်တဲ့ ကိုဇော်သူရက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win
ကျောက်ကပ်ကို ပုံမှန် မဆေးနိုင်ရင် ခန္ဓာကိုယ်ထဲမှာ ရေတွေများလာတဲ့အတွက် ဖောယောင်လာပြီး အသက်ရှူကျပ်လာတာကြောင့် ကျောက်ကပ်သမား အများစုဟာ အောက်ဆီဂျင်ဆောင်ထားရတယ်လို့ ကိုဇော်သူရက ပြောပါတယ်။
"ကျွန်တော်လို တစ်ပတ်နှစ်ကြိမ် ကျောက်ကပ်ဆေးတဲ့သူတောင် ပုံမှန်မဆေးနိုင်ရင် မခံနိုင်ဘူး။ ပြောချင်တာကတော့ ကျောက်ကပ်ဆေးပေးမယ့် အစိုးရဆေးရုံကြီးတွေ ပိတ်မယ်ဆိုရင် ကျွန်တော်တို့အတွက် ကြိုတင်အသိပေးတာတို့၊ စီစဉ်ထားတာလေးတွေ လုပ်ပေးစေချင်ပါတယ်။
ကျောက်ကပ် သမားက ပုံမှန်မဆေးရရင် သေတာပါပဲ။ အခုဟာက ပုဂ္ဂလိကဆေးရုံတွေတောင် ဘယ်အချိန်ပိတ်မှာလဲ အမြဲတမ်းတွေးပူနေရတယ်။ ကိုယ့်မှာ ပိုက်ဆံရှိရင်တောင် ဒီဆေးရုံပိတ်သွားရင် ငါ ဘယ်ဆေးရုံပြေးရမလဲဆိုပြီး စိုးရိမ်နေရပါတယ်" လို့ ကိုဇော်သူရက ပြောပါတယ်။
မြန်မာမှာ မကူးစက်နိုင်တဲ့ ဆီးချိုသွေးတိုး၊ နှလုံးသွေးကြောကျဉ်းလို ရောဂါတွေနဲ့ သေဆုံးနှုန်းတွေက နှစ်စဉ်မြင့်တက်နေလေ့ရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ စာရင်းဇယားတွေကို ကိုးကားပြီး မြန်မာနိုင်ငံ အထွေထွေရောဂါ ကုဆရာဝန်များအဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာမြင့်ဦး (ဂျီပီ)က ပြောပါတယ်။
ဒါကြောင့် ကိုဗစ်ကြောင့် သေဆုံးသူ တစ်လအတွင်း သုံးရာကျော်ရှိချိန်မှာ မကူးစက်နိုင်တဲ့ရောဂါတွေနဲ့ သေဆုံးနှုန်းဟာလည်း ကျန်းမာရေး စောင့်ရှောက်မှုတွေ ပုံမှန်ရဖို့ခက်ခဲနေတဲ့ခုချိန်မှာ မြင့်တက်နေနိုင်တယ်လို့ ဒေါက်တာမြင့်ဦးက ပြောပါတယ်။
သက်ကြီးပိုင်း ဆီးချို၊သွေးတိုးရောဂါသည်တွေ၊ ကျောက်ကပ်လို၊ ဆီးကြိတ်လို ခွဲစိတ်ကုသမှုခံယူရမယ့်လူနာတွေ၊ ကင်ဆာဓာတ်ကင် ကုသမှုခံယူရမယ့် သူတွေမှာ ပုံမှန်ကုသမှု ခံယူရင် ရောဂါပျံ့နှံ့နှုန်းကို လျော့ကျစေပြီး သေခြင်းကို နှောင့်နှေးစေနိုင်မယ်လို့ ဒေါက်တာမြင့်ဦးက ပြောပါတယ်။
"အခုက ဒါတွေမရဘူး။ ပျက်ကွက်ရင် စောစောသေသွားနိုင်တယ်။ အဲဒီလို မကူးစက်တတ်တဲ့ရောဂါတွေနဲ့ သေနှုန်းက အရင် ၂၀၁၆ WHO စာရင်းအရ သိန်းနဲ့ချီ သေသွားခဲ့ပြီးပြီ။
အဲဒီတော့ ဒီကိုဗစ်ကာလမှာ သိန်းနဲ့ချီပြီးသေနေပြီလားဆိုတာ စဉ်းစားစရာရှိလာတယ်။ ဒီလူတွေကို ကျွန်တော်တို့ ပစ်ထားမလား။
အဲဒီတော့ စပယ်ရှယ်လစ်ဆေးခန်းတွေပြန်ဖွင့်မလားပေါ့။ အခု ပြဿနာတက်တာက ဆီးချိုနဲ့ ကိုဗစ်၊ သွေးတိုးနဲ့ ကိုဗစ်၊ အဲဒီလို အသက် ၅၀ ၊ ၆၀ နဲ့အထက်တွေသေကုန်တာ။
ဒါတွေကို ဘယ်လိုထိန်းမလဲ ဆိုတာကို ဗျူဟာလေးတစ်ခုတော့ရှိသင့်ပြီ" လို့ သူက ပြောပါတယ်။
အခု အားလုံးက ကိုဗစ်ကိုအာရုံစိုက်နေချိန်မှာ ကိုဗစ်မဟုတ်သော သက်ကြီးရွယ်အိုလူနာတွေ၊ ပန်းနာရင်ကျပ်လိုရောဂါသည်တွေမှာ ဆေးရုံသွားဖို့အတွက် လူနာတင်ယာဉ်တွေတောင်ခေါ်ဖို့ခက်ခဲနေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအရံစနစ်တစ်ခုထားရှိသင့်ပြီလို့လည်း ဒေါက်တာမြင့်ဦးက ထောက်ပြ ပါတယ်။
ဒါကြောင့် ဒီလိုလူနာတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီစေဖို့ ပြင်ပက အထူးကုတွေ အထွေထွေရောဂါကု ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အင်အားကို ကျန်းမာရေးဝန်ကြီးဌာနက ရယူစီမံသင့်တယ်လို့ အကြံပြုပါတယ်။
ဖီဗာကလင်းနစ်ဆေးခန်းတွေနဲ့ အလားတူ ကိုဗစ် မဟုတ်သော တခြား ရောဂါများ ကုသမှုဆေးခန်းများအဖြစ် လည်ပတ် နိုင်မှာ ဖြစ်ပြီး လိုအပ်တဲ့ဆေးဝါးနဲ့ ပီပီအီးလို ကိုဗစ်ကာကွယ်ရေး ပစ္စည်းတွေ အစိုးရဘက်က ထောက်ပံ့ပေးမယ်ဆိုရင် ဒီလို ဝန်ထုပ်ဝန်ပိုး တချို့ကိုလျှော့ချနိုင်မယ် လို့ ဒေါက်တာမြင့်ဦးက ယူဆပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win
ဒီကိစ္စကို အရင်တည်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ကြိုတင်စဉ်းစားထားခဲ့တာရှိပြီး ကိုဗစ် စဖြစ်ကတည်းက ကိုဗစ်အတွက် အထူးကုသမယ့်ဆေးရုံကြီးတွေကို သီးသန့်ပြင်ဆင်ခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ ခု ဒုတိယလှိုင်းမှာ ကိုဗစ်လူနာတွေလည်း တအားများတာကြောင့် ဦးစားပေးအစီအမံအရ အရေးကြီးရင် ကြီးသလို လူနာရဲ့ ရောဂါအတိမ် အနက်ပေါ်မူတည်ပြီး ဦးစားပေးရွေးချယ်ကုသမှုတွေကို ပြုလုပ်နေရတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ကိုဗစ်ကုသရေးဆိုင်ရာအကြံပေးအဖွဲ့ကလည်း ဒီအချက်ကို အကြံပြုထားတာရှိပြီး ပြင်ပက အထူးကုတွေ၊ အထွေထွေရောဂါကုဆရာဝန်တွေနဲ့လည်း တိုင်ပင်သွားဖို့ရှိတယ်လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
ကိုဗစ်ဟာ အချိန်ကြာမြင့်စွာ ဆက်ရှိနေမှာ ဖြစ်တာကြောင့် ကိုဗစ်တိုက်ပွဲမပြီးဆုံးသရွေ့ တခြားသောနာတာရှည်နဲ့အရေးပေါ် ကုသမှုတွေအတွက် အရန်ကျန်းမာရေးစနစ်တစ်ခု ထားရှိသင့်တယ်လို့ တိုက်တွန်းမှုတွေက ကျယ်လောင်လာနေပြီ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်ဟောပြောချက် ဆင်ဆာဂယက်
၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့ရဲ့ မဲဆွယ်ဟောပြောချက်တွေ ဆင်ဆာဖြတ်ခံခဲ့ရပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက်တွေကို နိုင်ငံပိုင်ရုပ်သံကနေ ထုတ်လွှင့်တဲ့အစီစဉ်မှာ ပါတီတချို့ရဲ့ ဟောပြောချက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ပယ်ဖျက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ပယ်ဖျက်ခံရတဲ့အကြောင်းအရာတွေထဲမှာ အလုပ်သမား၊လယ်သမားအရေး၊ ကလေးသူငယ်အရေး၊ အခွန်အခကောက်ခံမှုနဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေကို သုံးသပ်ပြောကြားချက်တွေ ဖြစ်နေပြီး ဒီလိုဖြတ်တောက်လောက်အောင် ဆိုးရွားမှားယွင်းတဲ့ အချက်အလက်တွေ မဟုတ်ဘူးလို့ သက်ဆိုင်ရာပါတီတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီလုပ်ရပ်ဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ရိုက်ချိုးတာသာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း ထောက်ပြလာပါတယ်။
ခုလို ပယ်ဖျက်ခံရတာကြောင့် ရုပ်မြင်သံကြားကနေ မဲဆွယ်ဟောပြောမှု မလုပ်တော့ဖို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ ပြည်သူ့ပါတီတို့က ဆုံးဖြတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို သွားနေတယ်လို့ ရှုမြင်ထားပေမယ့် လက်တွေ့မှာ နိုင်ငံရေးပါတီတစ်ခုရဲ့ အမြင်သဘောထားတင်ပြမှုကိုတောင် ဆင်ဆာ ဖြတ်တယ်ဆိုတာမျိုးကို လက်ခံဖို့ ခက်ခဲတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
ဒါကြောင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ရုပ်သံကနေ မဲဆွယ်မိန့်ခွန်းမပြောတော့ဖို့ ဆုံးဖြတ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။
"၂၀၁၅ တုန်းကလည်းပဲ တချို့အချက်အလက်တွေကို ဖျက်ခိုင်းတာရှိတယ်။ သို့သော်လည်းပဲ သူတို့က ကျွန်တော်တို့နဲ့ဆွေးနွေးတယ်။ တချို့ ပြင်းထန် တဲ့စကားလုံးတွေဆိုရင် အနှစ်သာရကိုမပျက်စေဘဲနဲ့ပြောင်းပြောခိုင်းတာ။
သူတို့က ကျွန်တော်တို့နဲ့ တော်တော်လေးဆွေးဆွေးနွေးနွေးရှိတယ်။ အခုကတော့ အနှစ်သာရတစ်ပိုင်းလုံးကို ကျွန်တော်တို့ကို ဘာမှမပြောဘဲနဲ့ မင်နဲ့ဖျက်ပြီး ပြန်ပို့တာ။ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဒါက ဂုဏ်သိက္ခာကို တော်တော်ထိခိုက်တယ် လို့ယူဆတယ်" လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။
ကော်မရှင်အနေနဲ့ ပြည်သူ့ပါတီရဲ့ မဲဆွယ်စည်းရုံးရေးဟောပြောချက်တွေထဲက တချို့အချက်တွေကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။ ဒါကြောင့် ဦးကိုကိုကြီး ဦးဆောင်တဲ့ပြည်သူ့ပါတီက ဒီအချက်ကို လက်မခံနိုင်တာကြောင့် မဲဆွယ်မိန့်ခွန်း ရုပ်သံကမပြောကြားတော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
"ကျွန်တော်တို့ကို ဘယ်အချက်နဲ့ ငြိစွန်းလို့ပါတယ်လို့ ရည်ညွှန်းပြီး ဖော်ပြတာမရှိပါဘူး။ အဓိကကတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်နိုင်ငံရေး ပါတီတစ်ရပ်ဆိုတာ သူ့ရဲ့မဲဆန္ဒရှင်ပြည်သူလူထုကို တင်ပြတဲ့မူဝါဒသဘောထားတွေကို မိန့်ခွန်းတွေကို ဆင်ဆာဖြတ်တောက်တာဟာ ပါတီစုံဒီမိုကရေစီ စနစ်ရဲ့အခြေခံအကျဆုံး စံချိန်စံညွှန်းတွေ၊ကျင့်စဉ်တွေကို ချိုးဖောက်တာလို့ ခံယူတဲ့အတွက်ကြောင့် နိုင်ငံပိုင်ရေဒီယို ရုပ်မြင်သံကြားတွေက ထုတ်လွှင့်ဖို့ကိစ္စကို ဆောင်ရွက်တော့မှာ မဟုတ်ကြောင်း (ကော်မရှင်) ကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်" လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aung Moe Zaw
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပါတီတွေရဲ့ ဟောပြောချက်တွေထဲက ဘာကြောင့်ခုလို ဆင်ဆာဖြတ်တောက်တာလဲ၊ ဘယ်လိုမူဝါဒနဲ့ ဘယ်အချက်တွေကို ဖြတ်တောက်တာလဲဆိုတာ သိရဖို့ ကော်မရှင်ထံ ဘီဘီစီက အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။
ရွေးကောက်ပွဲ ကျင်းပဖို့ကလည်း တစ်လလောက်သာ လိုပါတော့တယ်။ ကပ်ရောဂါဖြစ်ပွားမှုကလည်း မြင့်တက်နေပြီး ရောဂါဆိုင်ရာ ကန့်သတ်မိန့်တွေ ရှိနေတာကြောင့် မြေပြင်မဲဆွယ်မှုတွေ ထင်သလောက် မလှုပ်ရှားနိုင်တဲ့အချိန်မှာ ရုပ်မြင်သံကြားကနေ ပြောရမယ့် ပါတီတွေရဲ့ မိန့်ခွန်းတွေကို ခုလိုဖြတ်တောက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ်တာတွေ ရှိလာပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်ကလည်း သူတို့ဘာကြောင့် ဒီလိုလုပ်တယ်၊ လုပ်ဖို့ လိုအပ်တယ်လို့ ယူဆတယ် ဆိုတာကို ရှင်းပြတာမျိုးမရှိတဲ့အတွက် ဝေဖန်မှုတွေကတော့ ပိုတိုးလာနေပြီဖြစ်ပါတယ်။









