ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အပြန်အလှန် အမှုဖွင့်ထားတဲ့ နေပြည်တော်က မဲဆွယ် ယာဥ်တန်း ခိုက်ရန်ဖြစ်မှု
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲ မဲ ဆွယ်စည်းရုံးရေး ယာဉ်တန်းနဲ့ ဒေသခံ ကျွဲကျောင်းသား လူငယ်တွေကြား စက်တင်ဘာလ ၁၆ ရက်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အပြန်အလှန် အမှုဖွင့်ခဲ့ကြပါတယ်။
ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ကျွဲကျောင်းသား လူငယ် ၄ ဦးထဲက ၁ ဦးဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တီရှပ် အင်္ကျီ ဝတ်ဆင်ထားသူဖြစ်တယ်လို့ နေပြည်တော်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
အဲဒီခိုက်ရန်ဖြစ်ပွားမှုအတွက် ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့သူ လူငယ်တဦးနဲ့ ဆွေမျိုးတော်စပ်သူလည်း ဖြစ်၊ သစ်ယာကုန်းကျေးရွာ NLD ရပ်ကျေး ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကျော်ဝင်းက တရားလိုလုပ်ပြီး ကျဉ်တောင်ရဲစန်းမှာ အမှုဖွင့် တိုင်ကြားထားတယ်လို့ ဒီအမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးယုယချစ်က ဘီဘီစီကို ပြောပါတယ်။
"နေ့လယ် ၂ နာရီ ဝန်းကျင်လောက်က အမှုပြန်ဖွင့်ခဲ့ပြီဗျ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကနေပြီး အမှု ပြန်ဖွင့်ခဲ့ပြီ။ ရာဇသတ်ကြီး ပုဒ်မ ၂၉ ၄၊ ၅၀၆၊ ၃၂၃ တို့ပေါ့။ ရဲစခန်းက (ပ)၁၀၁/၂၀၂၀ နဲ့ အမှုကို လက်ခံထားပြီဗျ။"
ရာဇသတ်ကြီး ပုဒ်မ ၂၉၄ ဟာ အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေအောင် ညစ်ညမ်းစွာ ဆဲဆိုမှု ဖြစ်ပြီး ထောင်ဒဏ် ၃ လအထိ ကျခံရနိုင်သလို၊ ထောင်ဒဏ်ကော ငွေဒဏ်ပါ ၂ ရပ်လုံး သင့်နိုင်ပါတယ်။
ပုဒ်မ ၅၀၆ ကတော့ ခြိမ်းခြောက်မှုဖြစ်ပြီး ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်ပါတယ်။
ပုဒ်မ ၃၂၃ ကတော့ လက်သီးထိုး တုတ်နဲ့ရိုက်တဲ့အတွက် နာကျင်စေတဲ့ ပြစ်မှုဖြစ်ပြီး ပြစ်မှု ထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၁ နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။
ကြံ့ခိုင်ရေးပါတီဘက်ကလည်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးမြင့်ကြိုင်က တရားလို ပြုလုပ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၂၉၄၊ ၃၂၅၊ ၃၃၆၊ ၄၂၇ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေမှာ ရေးသားနေကြပါတယ်။
ပုဒ်မ ၃၂၅ ဟာ နာကျင်စေမှုဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင် ၇ နှစ်အထိ ကျခံရနိုင်သလို ပုဒ်မ ၃၃၆ ကတော့ တပါးသူ အသက်၊ လုံခြုံရေးကို ဘေးဖြစ်စေတဲ့ ပြစ်မှု ဖြစ်ပြီး ထောင် ၁ နှစ် ကျခံရနိုင်ပါတယ်။
ပုဒ်မ ၄၂၇ ကတော့ အကျိုးဖျက်ဆီးမှု ပုဒ်မ ဖြစ်ပြီး အမြင့်ဆုံး ထောင် ၂ နှစ်အထိ ကျခံရနိုင်ပါတယ်။
အမှုဘယ်လို စတင်ဖြစ်ပွားခဲ့သလဲဆိုတဲ့အကြောင်းကို သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ထုတ်ပြန်ထားတာ မရှိသေးဘဲ တိုင်တန်းကြသူတွေကတော့ နှစ်ဖက် အပြန်အလှန် စွပ်စွဲနေကြပါတယ်။
မဲဆွယ်ရေး ယာဉ်တန်းနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ လူငယ် ၄ ဦးဟာ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ လက်ရှိအချိန်ထိ တိတိကျကျ မသိရသေးပေမယ့် လူမှုကွန်ရက်မှာ တက်လာတဲ့ ဓာတ်ပုံတွေအရ အသက် ၁၈ နှစ်အောက် လူငယ်တွေလည်း ပါနိုင်တယ်လို့ ယူဆရပါတယ်။
NLD ပါတီ တံဆိပ်ပါ အင်္ကျီဝတ်ဆင်ထားတဲ့ လူငယ်ကို ကြံ့ခိုင်ရေးပါတီ မဲဆွယ်စည်းရုံးရေး လုပ်သူတွေက ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေသလို ကြံ့ခိုင်ရေးပါတီဘက်ကလည်း လူငယ်တွေဘက်က လောက်လေးခွနဲ့ စတင်ပစ်ခတ်ရာက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
သစ်ယာကုန်းကျေးရွာသားတချို့ရဲ့ ရိုက်နက်မှုကြောင့် ပါတီ တာဝန်ရှိသူ တဦး နဲ့ ဝန်းရံလူငယ်နှစ်ဦး ဆေးရုံတက် ကုသမှုခံယူနေရတယ်လို့ ကြံ့ခိုင်ရေးပါတီဘက်က စက်တင်ဘာလ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
နေပြည်တော် ပြည်ထောင်စုနယ်မြေထဲက သီရိမြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိပြီး သီရိ ၅ မြို့နယ်မှာတော့ NLD ပါတီက နှစ်ကြိမ် အနိုင်ရထားပါတယ်။