ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာလုံမခေါ်ဘဲ တစ်ဦးတည်းက ဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးတယ်လို့ တပ်ချုပ်ပြော
အရပ်ဘက်-စစ်ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်သင့်တယ်လို့ ထင်မြင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှား မဂ္ဂဇင်း Politic နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။
နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေဟာ နိုင်ငံတစ်ခုရဲ့ အသက်ဝိညာဉ်တွေလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တင်စားပါတယ်။
''ဒီကိစ္စတွေမှာ Sorry ဆိုတာမရှိပါဘူး။ Sorry ဆိုရင် နိုင်ငံရဲ့အချုပ်အခြာ အာဏာဆုံးရှုံးပြီး ဖြစ်နေပါလိမ့်မယ်'' လို့ သူက ပြောပါတယ်။
''သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ သုံးသပ်မှုတွေမလုပ်ဘဲ၊ တစ်ဦးတည်းက ဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးပါတယ်။ ထိရောက်တဲ့၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေဖြစ်ဖို့ အလွန် အလှမ်းဝေးလှပါတယ်။''
''ဒီအစည်းအဝေးတွေခေါ်ယူခြင်း၊ မခေါ်ယူခြင်းဟာခေါ်ယူလုပ်ဆောင်ရန် တာဝန်ရှိသူတွေရဲ့အပိုင်းသာဖြစ်ပြီး ကျွန်တော်တို့က မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဆောင်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်'' လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားပါတယ်။
အရပ်ဘက်နဲ့ စစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေပါဝင်တဲ့ ကာလုံမှာ စစ်ဘက်ကိုယ်စားလှယ်တွေက အရေအတွက်ပိုများတယ်လို့ ထောက်ပြဝေဖန်မှုတွေ ရှိပါတယ်။
အာဏာရ NLD ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ကာလုံ ထဲက စစ်ဘက်ကိုယ်စားပြု အရေအတွက်ကိုလျှော့ပြီး အရပ်ဘက်အချိုးအစားကိုတိုးမြှင့်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ယခင်အစိုးရသက်တမ်းက ပုံမှန်ခေါ်ယူကျင်းပခဲ့တဲ့ ကာလုံ အစည်းအဝေး ကို လက်ရှိအစိုးရ လက်ထက်မှာလည်းခေါ်ယူဖို့ တပ်မတော်၊ ပြည်ခိုင်ဖြိုးနဲ့ ပါတီတချို့က တောင်းဆိုမှုတွေရှိခဲ့ပေမယ့် လက်ရှိအစိုးရသက်တမ်းမှာတော့ တစ်ကြိမ်မ ှခေါ်ယူကျင်းပခြင်း မရှိသေးပါဘူး။
သမ္မတအိမ်တော်မှာ ကာလုံ အဖွဲ့ဝင်တချို့ပါတဲ့ အစည်းအဝေးတချို့ ကျင်းပခဲ့ပေမယ့် အစိုးရဘက်က ကာလုံအစည်းအဝေးလို့ အမည်မတပ်ခဲ့ပါဘူး။
လက်ရှိအစိုးရအနေနဲ့ ကာလုံ ကို သဘောမကျရင်လည်း အမျိုးသားလုံခြုံရေးမူဝါဒတွေ ချမှတ်ဖို့ သမ္မတရဲ့လုပ်ပိုင်ခွင့်ကိုသုံးပြီး သင့်တော်တဲ့ ကော်မတီတစ်ခု အစားထိုးဖွဲ့စည်းသင့်တယ်လို့ ပညာရှင်တချို့က အကြံပြုပါတယ်။
''ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ပေါ်လစီ၊ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်တဲ့ ပေါ်လစီတွေ ချဖို့ဆိုရင် စစ်ရေး၊ နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာမှာ ဆုံးဖြတ်ချက်တွေပေးနိုင်တဲ့ ထိပ်တန်းခေါင်းဆောင်တွေစုဖွဲ့ပြီး ပုံမှန်တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖို့လိုတယ်'' လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS)ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။
အမျိုးသားလုံခြုံရေးမူဝါဒတွေ ချမှတ်နိုင်ဖို့ဆိုရင် နိုင်ငံရဲ့ အရေးပါတဲ့ မူဝါဒချမှတ်သူတွေပါ ပါဝင်ဖို့လိုပြီး တပ်မတော်တစ်ခုထဲက ဆောင်ရွက်မယ်ဆိုရင် စိန်ခေါ်မှုတွေ များလိမ့်မယ်လို့ သူက ပြောပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ အမျိုးသားလုံခြုံရေးမူဝါဒကို ချမှတ်အကောင်အထည်မဖော်နိုင်ရေးမှာ အခက်အခဲတွေ ရှိပေမယ့် ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရလက်ထက်မှာတော့ ဒီမူဝါဒကို ချမှတ်အကောင်အထည်ဖော်နိုင်ဖို့ လိုကြောင်းနဲ့ ဒီမူဝါဒ အကောင်အထည်မဖော်နိုင်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မူဝါဒချမှတ်ရေးကိုပါ ထိခိုက်နိုင်ကြောင်း ဒေါက်တာ မင်းဇော်ဦးက သုံးသပ်ပါတယ်။
ဒီမိုကရေစီနိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေကိုလေ့လာကြည့်တဲ့အခါ နိုင်ငံရဲ့အာဏာအရှိဆုံး အဖွဲ့အစည်းမဖြစ်ရဘဲ သမ္မတကိုအကြံဉာဏ်ပေးရတဲ့ တာဝန်ကိုသာ အဓိကထမ်း ဆောင်ရကြောင်း တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့က ထုတ်ဝေတဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ကို ဒီမိုကရေစီနည်းကျ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးရှုထောင့်မှ လေ့လာခြင်းဆိုတဲ့ စာတန်းမှာ ဖော်ပြထားပါတယ်။
သမ္မတကသာ အမြင့်ဆုံးဆုံးဖြတ်ခွင့်အာဏာရှိနေပြီး စစ်တပ်အရာရှိတွေအဖွဲ့ဝင်အဖြစ် ပါနေရင်လည်း အကြံဉာဏ်ပေးတဲ့ အဆင့်မှာပဲထားတယ်လို့ အဲ့ဒီစာတန်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ကာလုံ ဖွဲ့စည်းပုံမှာ ၁၁ ဦးရှိပြီး စစ်ဘက်ကိုယ်စားလှယ် ၆ ဦးနဲ့ အရပ်ဘက်ကိုယ်စားလှယ် ၅ ဦးပဲရှိလို့ ဖွဲ့စည်းပုံအရ အရပ်ဘက်ထိန်းချုပ်မှုကင်းမဲ့ပြီး စစ်ဘက်ရဲ့ လွှမ်းမိုးကြီးစိုးမှုကို ခိုင်ခိုင်မာမာတွေ့ရတယ်လို့ အဲ့ဒီစာတန်းမှာ ဆက်လက်ဖော်ပြထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ယေဘုယျသာဖော်ပြထားတဲ့ ကာလုံနဲ့ ပတ်သက်လို့ ပထမအကြိမ် လွှတ်တော်သက်တမ်းကုန်ခါနီးမှာ ဥပဒေကြမ်းတစ်ခု အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ပေမယ့် ဆွေးနွေးတဲ့အဆင့်အထိ မရောက်ခဲ့ဘဲ ဥပဒေကြမ်းကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။