ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် ကာလုံခေါ်ဖို့ လိုအပ်သလား
Covid-19ကြောင့် နိုင်ငံအပေါ်ကျရောက်လာနိုင်မယ့် ကိစ္စတွေကို ကာကွယ်ထိန်းသိမ်းနိုင်ဖို့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာလုံ) ခေါ်ပေးဖို့ ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံရေးပါတီ၁၅ခုက မတ်လ ၁၅ ရက်နေ့ ကတောင်းဆိုလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီ ကို အရေးပေါ် အခြေအနေပေါ်ပေါက်လာရင်တော့ နိုင်ငံတော်သမ္မတက ဦးဆောင်ပြီး ကာလုံကိုခေါ်ယူဖို့ ဖော်ပြထားပါတယ်။
နိုင်ငံမှာ အရေးပေါ် အခြေအနေ ဖြစ်လာ ရင် စီမံခန့်ခွဲမှုတွေပိုပြီး မြန်လာအောင်လို့ နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံဖို့ တောင်းဆိုတာဖြစ်တယ်၊ ဥပဒေမှာလည်းဒီလို ပဲ ပြဌာန်းထားတယ်လို့ ပြည်ခိုင်ဖြိုးက ပြောခွင့်ရသူ ဒေါ်ယမင်းမြင့်ဆွေ ကပြောပါတယ်။
ကာလုံလို့ခေါ်ကြတဲ့ အမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၁(က) မှာ ကာလုံကို နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ ၂ ဦး၊ ပြည်သူ့ လွှတ် တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး စုစုပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်း ထားပါတယ် ။
အစိုးရကလည်း အမျိုးသားအဆင့်ကော်မတီဖွဲ့ပြီး Covid-19 ဗိုင်းရပ်စ် ကာကွယ်ရေးလုပ်နေတာဖြစ်လို့ ဘာကြောင့် ကာလုံ ခေါ်ဖို့ လိုတာလည်း၊ ခေါ်လိုက်ရင်ဘာတွေပိုကောင်းအောင် လုပ်နိုင်မယ်ဆိုတာကလည်း မေးစရာ ဖြစ်ပါတယ်။
ကာလုံခေါ်ဖို့ တောင်းဆိုခဲ့တဲ့ ပြည်ခိုင်ဖြိုးကပြောခွင့်ရသူ ဒေါ်ယမင်းမြင့်ဆွေက "ဒါက ကမ္ဘာ့ကပ်ရောဂါဖြစ်တယ် ၊ မြန်မာနိုင်ငံမှာ လည်း ဒီဟာထက် အရေးကြီးတာ ဘာမှ မရှိဘူး ၊တနိုင်ငံလုံးနဲ့ဆိုင်တယ်၊ တမျိုးသားလုံးနဲ့လည်း ဆိုင်တဲ့ ကိစ္စဖြစ်လို့ တနိုင်ငံလုံးက ထိပ်ပိုင်းခေါင်းဆောင်တွေဟာ အရေးကြီး ကိစ္စကို အချိန်နဲ့ တပြေးညီဆုံးဖြတ်နိုင် အောင်ပါ "လို့သူကပြောပါတယ်။
ဗိုင်းရပ်စ်ကြောင့် လူပုဂ္ဂိုလ်လုံခြုံရေး၊ စားနပ်ရိက္ခာလုံခြုံရေး စီးပွားရေးအပါအဝင် ကိစ္စအရပ်ရပ်ကို ကာကွယ်ထိန်းသိမ်းပေးဖို့ ကာလုံက ဆောင်ရွက်ပေးပါဆိုပြီး တိုက်တွန်းထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီ ခေါ်ယူရမယ့် အချိန်ကာလသတ်မှတ်ချက် အတိအကျပြဋ္ဌာန်းထားတာမရှိဘဲ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးစေမယ့် အရေးပေါ် အခြေနေပေါ်ပေါက်လာရင်တော့ နိုင်ငံတော်သမ္မတက ဦးဆောင်ပြီး ကာလုံကိုခေါ်ယူဖို့ ပြဋ္ဌာန်းထားပါတယ်။
ကာလုံခေါ်ပေးဖို့ တောင်းဆိုတဲ့ နိုင်ငံရေးပါတီ ၁၅ခုထဲမှာ ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပါတီတို့ပဲ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်နေရာ ရရှိထားတဲ့ ပါတီတွေဖြစ်ပါတယ်။
ကာလုံ ကိုခေါ်ခိုင်းတာဟာ မောင်နှစ်မ တွေကို အမေက အရေးကြီး ကိစ္စ ရှိလို့ လာကြဦးဟေ့ ဆို ပြီးခေါ်တိုင်ပင်တဲ့ သဘောပါ လို့ ဒေါ်ယမင်းမြင့်ဆွေက ပြောပါတယ်။
၂၀၀၈ အခြခံ ဥပဒေ ပုဒ်မ ၄၁၈ မှာတော့ အရေးပေါ်ကာလ အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည်နိုင်ငံ အတွင်း မူလ အခြေအနေ သို့ အမြန်ပြန်လည် ရောက်ရှိစေခြင်း၍ငှာ လိုအပ်သည့် အရေးပေါ် ဆောင်ရွှက်မှု များပြုနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုနိုင်ငံတော၏ ဥပဒေ ပြုရေး တရားစီရင်ရေး အာဏာ များကိုလွှဲအပ် ကြောင်းကြေညာရမယ်လို့ ဖော်ပြပါရှိပါတယ်။
ကာလုံ ခေါ်တာ အင်မတန်အန္တရာယ် များတဲ့ ကိစ္စလို့ တချို့က မြင်ကြသလို ၊ကာလုံခေါ်ရင် အာဏာသိမ်းမှာ လားဆိုပြီ စိုးရိမ်သူတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့ Covid-19ဗိုင်းရပ်စ် လက်ရှိအချိန်ထိ ကူးစက်မှုမရှိသေးကြောင်း အစိုးရက တရားဝင်ထုတ်ပြန်ထားတာဖြစ်ပြီး အရေးပေါ်အခြေအနေလည်း မကြေညာထားသေးပါဘူး။
လက်ရှိမှာတော့ အစိုးရက ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီတွေကို ဖွဲ့စည်းထားပြီး သင်္ကြန်အပါအဝင် အစိုးရက ဦးဆောင်ပြုလုပ်မယ့် လူစုလူဝေးပွဲအခမ်းအနားတွေကို ဧပြီ၃၀ထိ ရပ်ဆိုင်းမယ်လို့လည်း ကြေညာထားတာဖြစ်ပါတယ်။
ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးမတ်လ ၁၆ ရက်က ပြည်သူကိုပြောကြားတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာတော့ စီးပွားရေးနဲ့ပတ်သက်လို့ပြည်သူ့ပြည်သားများမနစ်နာစေဖို့ ၊တတ်နိုင်သမျှ ကျွန်မတို့အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေဖို့ ၊အလုပ်ရုံများဆက်လက်လည်ပတ်နိုင်ဖို့ ၊နိုင်ငံစီးပွားလည်ပတ်မှုကိုထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့ ကိုရည်ရွယ်ပြီးအခွန်အကောက် ဖြေလျော့ခြင်း ၊အတိုးနှုန်း လျော့ချခြင်း စတာတွေကိုဆောင်ရွက်မှာဖြစ်ပါတယ် လို့ပြောခဲ့ပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့က တည်းက Covid 19 ရောဂါကြောင့် နိုင်ငံမှာ ရင်ဆိုင်ဖွယ်ရှိတဲ့ ကျန်းမာရေး ၊လူမှုရေး ၊စီးပွားရေး ဘယ်လိုကာကွယ်ကိုင်တွယ် ကျော်လွှားရမယ်ဆိုတာ ညှိနှိုင်းစီစဉ်ဖို့ဗဟိုကော်မတီ ကိုဖွဲ့စည်းခဲ့တယ်လို့လည်းသူကပြောပါတယ်။
အဲ့ဒီအချိန်ကစပြီး ကျွန်မတို့ နိုင်ငံအပေါ် ကျရောက်နိုင်တဲ့ ကျန်းမာရေး ၊လူမှုရေး ၊ စီးပွားရေး အခက်အခဲများ ကာကွယ်ဖြေရှင်းရေးကို မျက်ခြေမပြတ်လေ့လာဆောင်ရွက်ခဲ့ပါတယ် လို့ပြောကြားခဲ့ပါတယ်။
ကာလုံခေါ်ဖို့ နိုင်ငံရေးပါတီတွေက တောင်းဆိုခဲ့တာနဲ့ပတ်သက်လို့ တောင်းဆိုတာ ကတော့ သူတို့ပါတီတွေရဲ့ အခွင့်အရေးဖြစ်တယ်၊ ဒါပေမယ့် နိုင်ငံအပေါ် မှာ တကယ့်ကို စိတ်ရင်းစေတနာ အမှန်နဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွှက်တာမျိုး ကပိုကောင်းမယ် လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ ကပြောပါတယ်။
ကာလုံခေါ်မှဒီကိစ္စ အဆင်ပြေမှာလားလို့ မေးစရာ ဖြစ်လာသလို၊ လက်ရှိ နိုင်ငံတော် သမ္မတနဲ့ ကျန်းမာရေးဝန်ကြီးတွေကို အစိုးရအဖွဲ့ ထဲမှာရှိတဲ့ တပ်မတော်က ခန့်တဲ့ ဝန်ကြီး သုံးပါးကနေ အဲဒီထဲ ကနေ အကြံပြု ပူးပေါင်းရင်ကော မရဘူးလား ဆိုတာလည်းမေး စရာဖြစ်တယ်လို့ လည်း ဒေါ်ထုမေ ကပြောပါတယ်။
အခြားသော နည်းလမ်းတွေနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွှက်တာကလည်း အကျိုးဖြစ်ထွန်းနိုင်ပါတယ်လို့ သူကပြောပါတယ်။
"ဥပဒေရဲ့ သဘောကို သဘောပေါက် နားလည် ရင်တော့ ကာလုံ ခေါ်တာဒီလို မဟုတ်ဘူးဆိုတာ သိပါလိမ့်မယ်၊ တကယ့် အရေးပေါ် အခြေအနေမှာ နေ့လားညလားဖြစ်လာရင် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အရေးကြီးတဲ့ အချိန်မှာ မျက်နှာခြင်းဆိုင်ပြီးတော့ တထိုင်တည်းဆုံးဖြတ်လို့ရရင် ဆုံးဖြတ်ချက်တွေ အလျင်အမြန်ဆောင်ရွှက်နိုင်လိမ့်မယ် "လို့ ပြည်ခိုင်ဖြိုးကပြောခွင့်ရ သူဒေါ် ယမင်းမြင့်ဆွေ ကပြောပါတယ်။