ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရသေ့တောင် ဒုက္ခသည်စခန်းတွေ သုံးလနီးပါး ရိက္ခာအထောက်အပံ့မရ
ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဘေးဒုက္ခသည် သောင်းချီရှိနေတဲ့ ရသေ့တောင်မြို့ပေါ်မှာ အစိုးရပုံမှန် ထောက်ပံ့ပေးနေတဲ့ ရိက္ခာထောက်ပံ့မှုတွေ မရတာ သုံးလနီးပါးရှိနေပြီလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲကြောင့် အဲဒီစခန်းတွေမှာ အရပ်ဘက်အဖွဲ့တွေရဲ့ အထောက်အပံ့ နည်းလာသလို အစိုးရဘက်က ပုံမှန် ထောက်ပံ့နေတာလည်း မရတော့တာ ၃ လ နီးပါး ရှိနေပြီလို့ ဆိုပါတယ်။
ရသေ့တောင်မြို့ပေါ်မှာ လက်ရှိနေထိုင်နေတဲ့ ဒုက္ခသည်စုစုပေါင်းဟာ သုံးသောင်းကျော် လောက် ရှိနေပါတယ်။ အဲဒီထဲမှာ နှစ်သောင်းကျော်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။ ကျန်သူတွေကတော့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေနဲ့ အသိမိတ်ဆွေအိမ်မှာ ခိုလှုံနေပါတယ်။
ဒုက္ခသည်စခန်းတွေမှာ နေရသူတွေက အရပ်ဘက် အဖွဲ့ အစည်းတွေက ဖွင့်လှစ်ထားတဲ့ စခန်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ဂိုဒေါင်တွေမှာ ဖြစ်သလို ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။ တစ်မြို့လုံးမှာတော့ ဒုက္ခသည် စခန်းပေါင်း ၂၀ ကျော် လောက် ရှိနေပါတယ်။
အစိုးရက ထောက်ပံ့ပေးနေကြောင်းနဲ့ မရဘူးဆိုပါက စာနဲ့တင်ပြရင် စိစစ်မယ်လို့ အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
အဲဒီ ထောက်ပံ့မှုတွေကို ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနကနေ ဆန်ရိက္ခာအဖြစ်ထောက်ပံ့ပေးနေတာဖြစ်တယ်လို့ ပြည်နယ် အစိုးရ အဖွဲ့က ပြောပါတယ်။
ထောက်ပံ့တဲ့အခါ စခန်းတွေကို တိုက်ရိုက်သွားပေးတာရှိသလို ဒေသအခြေအနေအရ သွားလာရေးခက်ခဲရင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကတစ်ဆင့် ထောက်ပံ့ပေးတာတွေရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အဲဒီစခန်းတွေအတွက် ရိက္ခာကို ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မြို့ခံတွေက ကူညီဖြေရှင်းနေကြတယ်လို့ သိရပါတယ်။
အရင်က ရသေ့တောင်မြို့ပေါ်မှာ ခိုလှုံနေတဲ့ဒုက္ခသည်တွေဟာ တစ်သောင်းဝန်းကျင်လာက်သာရှိခဲ့ပြီး ပြီးခဲ့တဲ့ လပိုင်းအတွင်းက တပ်မတော်ရဲ့နယ်မြေရှင်းလင်းရေးဆောင်ရွက်ချက်တွေကြောင့် ကျောက်တန်းနယ်မြေအတွင်းက ကျေးရွာပေါင်း ၂၀ ကျော် ထပ်မံ နေရပ်စွန့်ခွာလာတဲ့အတွက် ဒုက္ခသည်တွေ တိုးလာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒုက္ခသည်စခန်းတွေမှာ လူတွေပြွတ်သိပ်ပြီးနေထိုင်နေကြပြီး မိုးတွင်းရာသီမှာ ဖြစ်ပွားလေ့ရှိတဲ့ ဆင်တုပ်ကွေးရောဂါလည်း ဖြစ်ပွားနေကြတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဆင်တုပ်ကွေးရောဂါဟာ ဇွန်လကုန်ပိုင်းလောက်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ဖြစ်ပွားနေတဲ့သူတွေရှိနေသေးတယ်လို့ဆိုပါတယ်။
အဲ့ဒီဆင်တုပ်ကွေးရောဂါဟာ ဒုက္ခသည်စခန်းတွေအပြင် ရသေ့တောင်တစ်မြို့လုံးမှာ ဖြစ်ပွားနေတာလို့ ကျန်းမာရေးဌာနက ပြောပါတယ်။ လက်ရှိမှာတော့ ရောဂါဖြစ်ပွားသူ မရှိသလောက် နည်းပါးသွားပြီဖြစ်ပြီး ခြင်းဆေးတွေကိုလည်း လိုက်လံဖြန်းထားပြီးဖြစ်တယ်လို့ ရသေ့တောင်ဆေးရုံဆရာဝန်ကြီး ဒေါက်တာ တင်မြင့်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ အလားတူ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေက ဒုက္ခသည်စခန်းတွေမှာလည်း ဖျားနားနေသူတွေ၊ တုပ်ကွေးရောဂါဖြစ်ပွားနေသူတွေ အများအပြားတွေ့ခဲ့ရတယ်လို့ အဲ့ဒီမြို့နယ်တွေက ဒုက္ခစည်စခန်းတွေကို သွားရောက်လေ့လာခဲ့တဲ့ ရခိုင်ပြည် ကျောင်းသားသမဂ္ဂက ပြောပြချက်တွေရသိရပါတယ်။