ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရသေ့တောင်၊ချိန်ခါလီကျေးရွာအနီးတိုက်ပွဲဖြစ် ၊ရွာလုံးကျွတ်ထွက်ပြေး
ရခိုင်ပြည်နယ်၊ မြောက်ပိုင်း ရသေ့တောင်မြို့နယ်အတွင်းမှာ ဇူလိုင်လ ၁၃ ရက် မနက်ပိုင်းက တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ရွာသားတစ်ဦး နေအိမ်မှာ ပစ်ခတ်ခံလိုက်ရကာ ရွာလုံးကျွတ် ဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်လို့ အဲ့ဒီရွာသားတွေကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ နေရာဟာ ရသေ့တောင်မြို့နယ်မြောက်ပိုင်း မေယုကမ်းဒေသ မောင်တော-အငူမော် ကားလမ်း ကိုးတန်ကောက်နဲ့ ချိန်ခါလီကျေးရွာအကြားမှာ မနက်ပိုင်း ၇ နာရီခွဲလောက်မှာ စတင်ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး ကျေးရွာအတွင်းကိုလည်း ကျည်ဆံတွေ ကျရောက်ခဲ့တဲ့အတွက် ရွာသားတွေက နီးစပ်ကျေးရွာတွေနဲ့ ဆွေမျိုးတွေရှိတဲ့ ကျေးရွာတွေဆီကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲဟာ မနက်ပိုင်း ၇ နာရီခွဲလောက်မှာ ချိန်ခါလီကျေးရွာမြောက်ဘက်မှာရှိတဲ့ နယ်ခြားစောင့် ရဲစခန်းအနီးကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ ချိန်ခါလီကျေးရွာသားတစ်ဦးက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားအပြီး ရွာသားတွေထွက်ပြေးခဲ့ကြတဲ့အချိန်မှာ ကျေးရွာအတွင်းကို တပ်မတော်သားတွေရောက်ရှိလာခဲ့ပြီး နေအိမ်ဆိုင်ခန်းအတွင်းမှာ ပုန်းအောင်းနေတဲ့ အသက် ၆၀ ခန့်အရွယ် ဦးထွန်းမောင်စိန်ဟာ ဆိုင်ခန်းအတွင်းမှာ ပစ်ခတ်ခံလိုက်ရပြီး သေဆုံးသွားခဲ့တာလို့ တူမဖြစ်သူက ပြောပါတယ်။
အဲ့ဒီမိသားစုဟာ ရွာမှာ ကုန်စုံဈေးဆိုင်ရောင်းချနေတာဖြစ်ပြီး ရွာသားတွေ ထွက်ပြေးကြတဲ့အချိန်မှာ ကျန်နေခဲ့ကာ တပ်မတော် စစ်ကြောင်းတွေ ရွာထဲကို ရောက်လာခဲ့တဲ့ အချိန်မှာ ဦးထွန်းမောင်စိန်က ဈေးဆိုင်အတွင်းမှာပုန်းအောင်းနေပြီး ဇနီဖြစ်သူက ဗုံးခိုကျင်းထဲမှာ ပုန်းအောင်နေခဲ့တာလို့ သိရပါတယ်။
"အပစ်ခံရတာက ကျွန်မဦးလေးပါ။ အဒေါ်ပြောတာက အိမ်ထဲကိုစစ်သားတွေဝင်လာပြီး ပစ်ခတ်ခဲ့တာ လို့ပြောပါတယ်။ သူကဆိုင်ထဲမှာပါ။ အဒေါ်က ဗုံးခိုကျင်းထဲမှာလို့ပြောပါတယ်။ အခု သူ ရွာကနေ ထွက်ပြေးလာပြီး ဆင်ပိုက် ကိုရောက်နေပါပြီ။ အလောင်းကိုတော့ ရွာမှာ ထားခဲ့ရတာပေါ့။ လူတွေ မရှိတော့ဘူး။"လို့ တူမဖြစ်သူက သူ့အဒေါ်ပြောပြချက်တွေကို ပြန်လည်ပြောကြားခဲ့ပါတယ်၊
မိသားစုဝင်တွေဘက်က အခုလို စွပ်စွဲ ပြောဆိုပေမဲ့ တပ်မတော် တာဝန်ရှိသူတွေကို ဖုန်းဆက်သွယ် မရတာကြောင့် ဒီအပေါ်မှာ တပ်မတော်ဘက်က တုံ့ပြန်ပြောဆို တာကို မသိရသေးပါဘူး။
ဒါ့အပြင် ချိန်ခါလီ ရဲကင်းစခန်းထဲမှာ ကျေးရွာသားသုံးဦးကိုဖမ်းဆီးထားပြီး ဖမ်းဆီးခံနေရသူတွေ ဘယ်သူဆိုတာကို မသိရသေးဘူးလို့ လည်းရွာသားတွေက ပြောပါတယ်။
နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေကြောင့်ကျေးရွာအတွင်းက ကျည်တွေ ကျရောက်ခဲ့တဲ့အတွက် နေအိမ်တွေမှာ ကျည်ထိမှန်တာတွေ ရှိခဲ့သလို ကျေးရွာအနီးမှာ လက်နက်ကြီးကျည်တွေလည်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့မှာ အသေးစား ဒဏ်ရာတွေရရှိခဲ့ကြပေမဲ့ စိုးရိမ်စရာမရှိဘူးလို့ ချိန်ခါလီကျေးရွာသား ဦးထွန်းတင်စိုးက ပြောပါတယ်။
ဇူလိုင်၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ မောင်တောနဲ့ ရသေ့တောင်အစပ် သဝင်ချောင်းကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာ ချိန်ခါလီကျေးရွာကို တပ်မတော်စစ်ကြောင်း ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့အတွက် ကျေးရွာသားတွေ ထွက်ပြေးခဲ့ကြတဲ့အချိန်မှာ ကျေးရွာအတွင်း ပိတ်မိကျန်နေခဲ့တဲ့ အသက်ကြီးပိုင်းတွေအပါအဝင် ရွာသား ၁၀ ဦးခန့်ရှိနေတယ်လို့ ဆင်ပိုက်ကျေးရွာကို ထွက်ပြေးရောက်ရှိနေတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။
အခုအခါ တိုက်ပွဲဖြစ်ပွားတာ မရှိတော့ပေမဲ့ အခုညနေပိုင်းအထိ ကျေးရွာအနီးမှာ ပစ်ခတ်သံတွေကို ကြားနေရတယ်လို့ ဆင်ပိုက်ကျေးရွာကိုရောက်ရှိနေတဲ့ ချိန်ခါလီကျေးရွာက အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"သေနတ်ပစ်တာကတော့ မိုးရွာသလိုပဲဗျ။ ပစ်သံကြားတာနဲ့ကျွန်တော်တို့က အိမ်အောက်မှာပုန်းနေတယ်။ ပစ်တာကတော့ ရွာထဲတွေကလည်းပစ်တယ်။ ရွာမှာက စစ်တပ်ကရောက်နေတော့ စိုးရိမ်ရတဲ့အတွက် ထွက်ပြေးခဲ့ကြတာ။ တချို့ကျန်ခဲ့တဲ့သူတွေလည်းရှိပါတယ်။ ပြေးလို့မရောက်ဘဲကျန်ခဲ့တာ ၁၀ ယောက်လောက်တော့ရှိနိုင်တယ်။"လို့ အဲ့ဒီရွာသားက ပြောပါတယ်။
ကိုးတန်ကောက်နဲ့ သဝင်ချောင်းကျေးရွာအကြားမှာ မကြာသေးခင်ကလည်း အင်းဒင်နယ်ခြားစောင့်ရဲတပ်ဖွဲ့က လိုက်ပါလာခဲ့တဲ့ ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရပ်သားကားသမားတစ်ဦးနဲ့ ရဲတပ်ဖွဲ့တချို့သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းက စတင်ကာ ရသေ့တောင်မြို့နယ်အတွင်း တပ်မတော်နဲ့အေအေတို့အကြား နှစ်ဖက်တိုက်ပွဲတွေပြင်းထန်လာခဲ့သလို တပ်မတော်ရဲ့နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုတွေကြောင့် ရသေ့တောင်မြို့နယ်အတွင်းက လူဦးရေ တစ်သောင်းလောက်အထိ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။