ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျက်နှာနဲ့ ဆင်တဲ့ ဆင်းတုတော်ကို ပညာရှင်တွေနဲ့ စိစစ်မယ်
ရွှေတိဂုံစေတီက ကျောက်စိမ်းဘုရားဆင်းတုတော်ဟာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မျက်နှာနဲ့ ဆင်တူတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပညာရှင်တွေနဲ့ စိစစ်မယ်လို့ သာသနာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။
"တူတယ်၊မတူဘူး ဆိုတာက ပညာရှင်တွေနဲ့ စိစစ်ပြီးလို့ ပေါ်ပေါက်တယ်ဆိုရင် သြဝါဒါစရိယ ဆရာတော်တွေနဲ့ လျှောက်ထားသင့်လျှောက်ထားအပ်တဲ့ ဆရာတော်တွေဆီမှာ သြဝါဒခံယူရမှာ ဖြစ်ပါတယ် "လို့ သူက ပြောပါတယ်။
ဘယ်အချိန် စိစစ်မယ်ဆိုတာနဲ့ ပတ်သက်လို့ အချိန်ကာလတစ်ခု ယူရဖို့ရှိတယ်လို့လည်း သူက ဘီဘီစီကို ပြောပါတယ်။
အဲဒီ ဆင်းတုတော်ဟာ ၁၉၉၉ ခုနှစ် ကတည်းက ရွှေတိဂုံစေတီတော်မှာ ကိုးကွယ်ခဲ့တာဖြစ်ပြီး အင်တာနက် စာမျက်နှာတွေမှာ ပျံ့နှံ့လာမှ ဝန်ကြီးဌာနဘက်က စတင် သတိထားမိတာ ဖြစ်တယ်လို့လည်း သာသနာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီဆင်းတု အပါအဝင် နိုင်ငံအနှံ့က ထေရဝါဒဗုဒ္ဓသာသနာနဲ့ မလျော်ညီတဲ့ ရုပ်ပွားတော်တွေကို စာပေကျမ်းဂန်နဲ့အညီ၊ သြဝါဒါစရိယ ဆရာတော်ကြီးများရဲ့ သြဝါဒနဲ့အညီ ဆောင်ရွက်သွားမယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။
အစိုးရသက်တမ်း ကုန်ခါနီးမှာ ဘာကြောင့် အခုလို ဆောင်ရွက်တာသလဲ ဆိုတာကို ဘီဘီစီက မေးမြန်းရာမှာတော့ ဦးဇာနည်ဝင်းက ဒီမေးခွန်းကို ဖြေဖို့အခက်ခဲရှိတယ်လို့ ပြောပါတယ်။
ဆင်းတုတော်တွေကို ပြုပြင်မယ်ဆိုရင် အလှူရှင်တွေဘက်က ကန့်ကွက်မှုရှိလာနိုင်တာနဲ့ ပတ်သက်ပြီး လှူဒါန်းထားပြီးဖြစ်တဲ့ ဆင်းတုတော်တွေကို ထိန်းသိမ်း စောင့်ရှောက်တဲ့ ရွှေတိဂုံစေတီတော်ဂေါပကကပဲ စီမံခန့်ခွဲမှု ရှိပါတယ်လို့လည်း သူက ပြောပါတယ်။
ဇူလိုင်လ ၆ရက်ကလည်း နေပြည်တော် ပျဥ်းမနားမြို့မှာ စစ်အစိုးရ အဖွဲ့ဝင်ဟောင်းတွေ လှူဒါန်းထားတဲ့ အဂါရဝဖြစ်စေတဲ့ ဆင်းတုတွေကို ဖယ်ရှားခဲ့ပါတယ်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ စိန္တာမုနိမင်းဝံတောင် ဘုရားပရိဝုဏ်အတွင်းက ရုပ်ပွားတော်တွေဟာ မြန်မာနိုင်ငံမှာ ရိုးရာအစဉ်အလာအရ ထုဆစ်ပုံဖော်ကာ ကြည်ညိုထားကြတဲ့ မုဒြာ ၅၅ မျိုးမှာ မပါဘဲ ဥဒ္ဒိဿကစေတီတော်အဖြစ် ထားရှိကြည်ညိုဖို့ လျော်ကန်သင့်မြတ်မှုမရှိတဲ့အတွက် ဖယ်ရှားခဲ့တာလို့လည်း သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။