ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နေပြည်တော် ပျဉ်းမနားမြို့က အဂါရဝဖြစ်စေတဲ့ ဆင်းတုတွေကို ဖယ်ရှား
နေပြည်တော် ပျဉ်းမနားမြို့က အဂါရဝဖြစ်စေတဲ့ ဆင်းတုတွေကို ဖယ်ရှားဖို့ရှိပြီး လိုက်နာမှုမရှိရင် အရေးယူမှုတွေကို ဆက်လုပ်မှာလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ အမြဲတန်းအတွင်းဝန် ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။
အဂါရဝဖြစ်စေတဲ့ ဆင်းတုတွေကို အရေးယူနိုင်ဖို့ဆိုတာက တိုင်ကြားသူ၊ ထောက်ပြသူ၊ ဝေဖန်သူတွေရဲ့ အစိတ်အပိုင်းတစ်ရပ်လည်းလိုပြီး သွားရောက်စစ်ဆေးတဲ့ အနေအထားမှာလည်း စစ်ဆေးနိုင်ဖို့ အခွင့်အလမ်း လည်းလိုတာကြောင့် အခုချိန်မှသာ စစ်ဆေးနိုင်တာဖြစ်ပြီး ၊ ဖျက်သိမ်းနိုင်ဖို့ သာသနာရေးက အခွင့်အလမ်းရလို့ လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ အမြဲတန်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောပါတယ်။
" လိုက်နာမှုမရှိရင်တော့ လုပ်ထုံးလုပ်နည်းအရ သံဃာ့အဖွဲ့ အစည်းဆိုင်ရာ အခြေခံစည်းမျဉ်းနဲ့ ငြိစွန်းတဲ့အတွက် ဒါတွေကို အရေးယူမှုတွေ လုပ်ရမှာဖြစ်ပါတယ်" လို့ သူကပြောပါတယ်။
အောက်ခြေကို ဆင်းပြီး စစ်ဆေးမှုတွေကို သက်ဆိုင်ရာ တိုင်းသံဃနာယကအဖွဲ့ရဲ့ ဆောင်ရွက်ပြီးစီးမှုတွေ အပြီး ဝန်ကြီးဌာနကို ပြန်လည်လျှောက်ထားပြီးနောက်ပိုင်းမှာ လုပ်ရမှာဖြစ်တယ်လို့ သာသနာရေး ဦးစီးဌာန ကသိရပါတယ်။
နေပြည်တော် ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက်၊ ပန်းခင်း ၃လမ်းက စိန္တာမုနိကျောင်း၊ စိန္တာမုနိမင်းဝင်တောင် ဘုရားဝန်းအတွင်းက စေတီတွေပတ်လည်နဲ့ ညောင်ပင်ပတ်လည် တို့မှာ ထုလုပ်ထားရှိတဲ့ ကျောက်ဆင်းတု ၆၇ ခုဟာ ဆင်းတုတော်တွေရဲ့ မုဒြာများနဲ့ မတူညီတာ၊ အဂါရဝတရား ဖြစ်စေတာကြောင့် ဇူလိုင်လ ၆ရက် ညနေ ၄နာရီမှာ ဖယ်ရှား ရှင်းလင်းဖို့အတွက် သက်ဆိုင်ရာ ဘုန်းတော်ကြီးကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ဇူလိုင်လ ၁ရက်နေ့မှာ ညွှန်ကြားခဲ့တာပါ။
ဒါပေမဲ့ အဲဒီဘုန်းကြီးကျောင်းနဲ့ ဘုရားဝန်းကိုရောက်နေကြသူ သတင်းထောက်အချို့ ပြောတာကတော့ ဇူလိုင် ၇ ရက်နေ့မှာ ဆင်းတုတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် မန္တလေးကို ပို့လိုက်တယ်လို့ ဘီဘီစီက သိရပါတယ်။
ဆင်းတုတွေရဲ့ နောက်ဘက်မှာ ကဗ္ဗည်းတင်ရေးသားထားတဲ့ အလှူရှင်တွေနာမည်တွေကိုလည်း ဖယ်ရှားထား တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအဝင် စစ်အစိုးရအဖွဲ့ဝင်ဟောင်းတွေ၊ ဦးသိန်းစိန် လက်ထက် ဝန်ကြီးဟောင်းတွေ၊ အရာရှိကြီးတွေ၊ အခုအစိုးရလက်ထက် အဂတိလိုက်စားမှုနဲ့ အရေးယူခံထားရတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်တို့ နာမည်တွေ အပါအဝင် အစိုးရ အရာရှိအဟောင်း၊ အသစ် အစရှိသူ ကုသိုလ်ရှင်နာမည်တွေတပ်ကာ လှူဒါန်းထားကြတဲ့ ဆင်းတုတော် တွေ အများစုဖြစ်ပါတယ်။
အခုလိုဆင်းတုတွေက အဂါရဝတရားဖြစ်စေတာရယ်၊ သာသနာကိုညှိးနွမ်းမှု ဖြစ်စေတယ်လို့ ဝေဖန်ပြော ဆိုမှုတွေလည်း ရှိနေပါတယ်။
အဲဒီဆင်းတုတွေကို မဖယ်ရှားရင်တော့ သံဃာ့စည်းမျဉ်းတွေနဲ့ ညှိစွန်းတာကြောင့် အရေးယူမယ်လို့ ဆိုပေမယ့် ဘယ်လိုဥပဒေနဲ့ အရေးယူဖို့ရှိတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။